ရုရှားစစ်တပ်ကို ပုန်ကန်ဖို့ ကြိုးပမ်းတဲ့ကြေးစားတပ်ခေါင်းဆောင် ဘယ်လာရုစ်ကို ထွက်ဖို့ပြင်

BBC | ရုရှားစစ်တပ်ကို ပုန်ကန်ဖို့ မြို့တော် မော်စကိုအထိ ချီတက်ဖို့ကြိုးစားခဲ့တဲ့ ဗာဂနာကြေးစားတပ်ခေါင်းဆောင်ဟာ ဘယ်လာရုစ် နိုင်ငံကို ထွက်ခွာဖို့ပြင်နေတယ်လို့ သိရပါတယ်။ ဗာဂနာ တိုက်ခိုက်ရေးသမားတွေဟာ ရုရှားစစ်တပ်ကို ပုန်ကန်ဖို့စတင်ခဲ့တဲ့ ရိုစတော့ဗွန်တွန်မြို့ကနေ စတင် ဆုတ်ခွာနေပြီလို့လည်း သိရပါတယ်။
အဲဒီကြေးစားတပ် ခေါင်းဆောင် Yevgeny Prigozhin ကလည်း သူ့တပ်တွေကို မော်စကိုမြို့တော်အထိ မချီတက်တော့ဖို့ အမိန့် ပေးလိုက်အပြီးမှာ အခုလို တပ်ဆုတ်ခွာတဲ့အခြေအနေဖြစ်လာတာပါ။ ရုရှားအစိုးရဘက်ကတော့ Yevgeny Prigozhin ကိုရော သူ့ တပ်ဖွဲ့ဝင်တွေကိုရော အရေးယူမှာ မဟုတ်ဘူးလို့ပြောထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ Yevgeny Prigozhin ရဲ့ လုပ်ရပ်ဟာ နိုင်ငံတော်ပုန်ကန်မှုဖြစ်တယ်လို့ နိုင်ငံပိုင် ရုပ်သံမိန့်ခွန်းမှာ စနေနေ့တုန်းက ပြောထားပါတယ်။
ဒါပေမဲ့ Yevgeny Prigozhin နဲ့ ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုတို့ ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ခဲ့အပြီးမှာ တင်းမာမှုအခြေအနေ လျှော့ချနိုင်ခဲ့တာဖြစ်ပါတယ်။

တပ်ပြန်ဆုတ်တဲ့ ဗာဂနာတပ်ဖွဲ့ဝင်တွေကို ရိုစတော့ဗွန်မြို့ခံ လူထုက နှုတ်ဆက်နေ
မော်စကိုမြို့တော်မှာတော့ လုံခြုံရေးတင်းကြပ်ခဲ့သလို မြို့ခံတွေအနေနဲ့လည်း ခရီးမသွားကြဖို့ မော်စကိုမြို့တော်ဝန်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ မော်စကိုမှာ အိမ်အပြင် ပွဲအခမ်းအနားကျင်းပတာတွေကို ဇူလိုင်လ ၁ ရက်မတိုင်ခင် အထိ ဖျက်သိမ်းထားပါတယ်။ source by : BBC BURMESE NEWS

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form