“ရန်သူကို နေရာတိုင်းမှာ တိုက်နိုင်ပြီ”

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် (ဓာတ်ပုံ - ပေးပို့)       
နွေဦးတော်လှန်ရေး ၂ နှစ်ကျော်အတွင်း တော်လှန်ရေးအရှိန်အဟုန် ဆက်လက်ကြီးထွားနေပြီး တိုက်ပွဲများသည် မြို့ပြများဆီ တဖြည်းဖြည်းချင်းစီ ချဉ်းကပ်လာနေသည်။ ယခုအခါ တော်လှန်ရေးတပ်ဖွဲ့များသည် မဟာဗျူဟာမြောက် တပ်တည်ဆောက်မှုနှင့် တပ်ဖြန့်နေရာယူမှု ပြီးမြောက်ပြီ ဖြစ်သဖြင့် စစ်ရေးအရှိန် မြှင့်တင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။ ထို့ပြင် စစ်ခေါင်းဆောင်များ၏ အသည်းနှလုံးမြို့ နေပြည်တော်ကို ဦးတည်မည့် ‘လမ်းအားလုံး နေပြည်တော်သို့’ ဟု အမည်ပေးထားသော စစ်ဆင်ရေးစီမံချက်တစ်ရပ်ကို ယခုနှစ်အတွင်း အကောင်အထည်ဖော်နေကြောင်းလည်း ၎င်းက အသိပေးလိုက်သည်။ ၂၀၂၃ ခုနှစ်သည် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်စေရန် အဆုံးအဖြတ်ပေးမည့်နှစ်ဟု တော်လှန်ရေးအင်အားစုများက ကြွေးကြော်ထားရာ ယခုနှစ်အတွင်း စစ်ရေးအလားအလာ၊ တိုက်ပွဲများ ပြင်းထန်လာနိုင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
မေး – ပထမဆုံးမေးချင်တာက လက်ရှိ တော်လှန်ရေးက ဘယ်အခြေအနေကို ရောက်နေပြီလဲ။ ဖြေ – လက်ရှိ တော်လှန်ရေးအခြေအနေကို ကြည့်မယ်ဆိုရင် မဟာဗျူဟာမြောက် တပ်တည်ဆောက်မှုနဲ့ တပ်ဖြန့်နေရာယူမှု ပြီးစီးပြီလို့ ပြောနိုင်ပါတယ်။ ဒါသည်ပင်လျှင် ကျွန်တော်တို့ရဲ့ မဟာဗျူဟာအရ ကွက်ပြည့်နင်းနိုင်ပြီလို့လည်း ဆိုနိုင်တယ်။ ရန်သူကို နေရာတိုင်းမှာ တိုက်နိုင်ပြီဆိုတဲ့ အနေအထားလို့ ပြောချင်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အရာရှိသင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသည့် NUG ယာယီသမ္မတ ဒူဝါလရှီးလ (ဓာတ်ပုံ- ပေးပို့)

မေး – ရန်သူကို နေရာတိုင်းမှာ တိုက်နိုင်တယ်ဆိုတဲ့ အနေအထားဆိုတော့ တပ်တည်ဆောက်မှု ပြန်ကြည့်ရင် တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းဆိုပြီး စစ်တိုင်း ၃ ခုနဲ့ အဓိက သွားနေတာပေါ့။ အလယ်ပိုင်းက မန္တလေး PDF ဘက်ကတော့ မန္တလေးမြို့ကို သိမ်းပိုက်ဖို့အတွက် လက်တစ်ကမ်းပဲ ရှိတော့တယ်ဆိုပြီး ပြောထားတာ တွေ့ရတယ်။ ဒီတော့ MOD နဲ့ MPDF နဲ့ EROs တွေနဲ့က စစ်ရေးဗျူဟာ ဘယ်လိုချိတ်ဆက်ပြီး သွားနေကြလဲ။ ဖြေ – မန္တလေးမြို့ရဲ့ အထက်ပိုင်းပေါ့။ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ စစ်မျက်နှာတစ်ခု ဖွင့်နိုင်လိုက်တယ်ဆိုတာက ဒီလပိုင်းရဲ့ စစ်ရေးအရ ဖြစ်ပေါ်တိုးတက်မှုပါ။ မန္တလေးမြို့ရဲ့ အထက်ပိုင်းစစ်မျက်နှာနဲ့ ပတ်သက်ရင် အဓိကတာဝန်ယူထားတာကတော့ စစ်ဒေသ (၁) မန္တလေးတိုင်းကွပ်ကဲရေးအဖွဲ့နဲ့ မန္တလေး PDF ပေါ့၊ MDY-PDF တို့ တာဝန်ယူထားတဲ့ အနေအထားပါ။ မန္တလေး PDF ဆိုရင်လည်း ရှမ်းမြောက်မှာ အခြေပြုထားပြီးတော့မှ အဓိကအားဖြင့် မြောက်ပိုင်းမဟာမိတ်ညီနောင်များရဲ့ အကူအညီကိုလည်း ကောင်းကောင်းရရှိထားတယ်။ အခုဆိုရင် မန္တလေးမြို့ကို အထက်ပိုင်းကနေ ကောင်းကောင်းဖိအားပေးနိုင်တဲ့ အနေအထားအထိ ရှိနေပြီလို့ အသိပေးလိုပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ အကူအညီဖြင့် စစ်ရေးလေ့ကျင့်နေသည့် မန္တလေး PDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- ပေးပို့)



မေး – ရန်ကုန်တိုင်းမှာဆိုရင်လည်း တပ်ရင်း ၅၁၀၁ ကို အခုလဆန်းမှာ ဖွဲ့စည်းလိုက်နိုင်တာ တွေ့ရတယ်။ ဒီတပ်ရင်းကကော မြို့ပြပြောက်ကျားပုံစံနဲ့ပဲ သွားမှာလား။ ရန်ကုန်ကို ဗျူဟာကျကျ ထိုးဖောက်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထားတာရှိလား။ ဖြေ – ရန်ကုန်မြို့ပြပြောက်ကျားတွေအနေနဲ့ကတော့ သူတို့ရဲ့ မူလအလုပ်ကို ဆက်လုပ်နေကြပါလိမ့်မယ်။ အခု ရန်ကုန်တိုင်းရဲ့ ပထမဦးဆုံးတပ်ရင်း ၅၁၀၁ ကတော့ လိုအပ်လို့ရှိရင် ထုနဲ့ တိုက်နိုင်ဖို့၊ လောလောဆယ်မှာ ရန်ကုန်မြို့ကို အပြင်စည်းကနေပြီးတော့ ဖိအားပေးနိုင်ဖို့၊ ဒါကို ရည်ရွယ်ပြီးတော့ တပ်ရင်းတစ်ခု တည်ဆောက်နေတာ ဖြစ်ပါတယ်။
မေး – ဒီနှစ်ကုန်မှာ စစ်ရေးအရ ဘာတွေမြင်ရနိုင်မလဲ။ ဥပမာအားဖြင့် မြို့သိမ်းတိုက်ပွဲတွေလား၊ ဒါမှမဟုတ် မြန်မာပြည်ရဲ့ တစ်စိတ်တစ်ဒေသ၊ အထက်ပိုင်း၊ အလယ်ပိုင်း စသဖြင့် သိမ်းပိုက်နိုင်မယ့် အခြေအနေမျိုးလား။ စစ်ရေးအရ ဒီနှစ်ကုန်မှာ ဘယ်လောက်အထိ ဖြစ်လာဖွယ်ရှိမလဲ။ ဖြေ – အားလုံးဖြစ်လာနိုင်တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ရှေ့မှာ ကျွန်တော်အသိပေးခဲ့တဲ့အတိုင်း မဟာဗျူဟာမြောက် တပ်တည်ဆောက်မှု၊ တပ်ဖြန့်နေရာယူမှု တိုက်ပွဲဝင်နိုင်စွမ်း ဒါကို ပြန်ကြည့်မယ်ဆိုရင် အခုအချိန်မှာ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းပေါ့၊ မြောက်ဘက် ကချင်ပြည်နယ်ကနေပြီးတော့ တောင်ဖျား ဧရာဝတီတိုင်းအထိ စစ်မျက်နှာဖွင့်နိုင်ပြီ။ ဒီစစ်မျက်နှာမှာလည်း မကွေးတိုင်းမြောက်ခြမ်းအထိ ကောင်းကောင်း နယ်မြေစိုးမိုးနိုင်ပြီဆိုတဲ့ အနေအထားပါ။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကို ကြည့်မယ်ဆိုလည်း မန္တလေးမြို့ရဲ့ အထက်ပိုင်းမှာ စစ်မျက်နှာသစ်တစ်ခု ပေါ်လာပြီ။ နောက်ပြီး ကရင်နီ၊ ကရင်၊ မွန်နဲ့ တနင်္သာရီပေါ့၊ ဒီစစ်မျက်နှာတွေရဲ့ အခြေအနေကတော့ ကျွန်တော် အထူးပြောစရာ လိုမယ်မထင်ပါဘူး။ နောက် ဒီလပိုင်းရဲ့ သိသာတဲ့ တိုးတက်မှုတစ်ခုကတော့ ပဲခူးတိုင်းအရှေ့ခြမ်းပေါ့။ အထူးသဖြင့် စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းဟာ နယ်မြေစိုးမိုး ထိန်းချုပ်နိုင်စွမ်း ပိုပြီးတော့ ကောင်းလာပြီလို့ ပြောလို့ရပါတယ်။ အခုအချိန်အထိ ရန်သူ့စိုးမိုးနယ်မြေလို့ ပြောနိုင်သေးတဲ့ ဒေသတွေပေါ့။ ဒီအထဲမှာတော့ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီပေါ့။ ဒီဒေသတွေမှာလည်း ကျွန်တော်တို့ရဲ့ စစ်ရေးအရှိန် ဒီထက်ပိုပြီးတော့ မြှင့်တင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ချုပ်ရမယ်ဆိုရင်တော့ ဒီနှစ်ထဲမှာ စစ်ရေးအရ ရန်သူအပေါ်မှာ သိသိသာသာ အသာစီးယူနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။
မေး – ဒီနှစ်ထဲ ဒေါ်လာ သန်း ၃၀၀ လိုအပ်တယ်။ ၄ လအတွင်းမှာ မောင်းပြန်သေနတ် အလက် ၂၀၀၀၀ တပ်ဆင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နှစ်အစမှာ ကျွန်တော်တို့ကို ဝန်ကြီးပြောခဲ့တာရှိတယ်။ လက်ရှိမှာ ဘဏ္ဍာငွေ ဘယ်လောက်ရရှိပြီးတော့ ဘယ်လောက်အထိ လက်နက်တပ်ဆင်ထားနိုင်ပြီလဲ။ ဖြေ – အခု ကျွန်တော်တို့က တစ်နှစ်စီမံချက်ပေါ့၊ One Year Plan အကောင်အထည်ဖော်နေတယ်။ One Year Plan ရဲ့ ပထမ ၆ လမှာကတော့ ရန်ပုံငွေ ရရှိမှုနဲ့ လက်နက်တပ်ဆင်နိုင်မှုကို ပြန်ကြည့်မယ်ဆိုရင် မျှော်မှန်းချက်ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ဖြည့်ဆည်းနိုင်ခဲ့တယ်လို့ အသိပေးလိုပါတယ်။ အခုအချိန်ထိ ပြည်သူရဲ့ ပါဝင်မှု၊ ပြည်သူရဲ့ ထည့်ဝင်လှူဒါန်းမှုကလည်း ဆက်ပြီးတော့ အားကောင်းနေတယ်။ တစ်ဖက်မှာလည်း အုပ်ချုပ်ရေးယန္တရား ထူထောင်မှုနဲ့ တွဲပြီးတော့ မြေပြင်က ထိုက်သင့်တဲ့ အခွန်အကောက်တွေလည်း ရရှိနေပါပြီ။ ဒါကြောင့် ရန်ပုံငွေကြောင့်တော့ နောက်ဆံတင်းစရာ မရှိတော့ဘူး၊ ရန်ပုံငွေရှိရင် လက်နက်လည်း ရှိတယ်လို့ ပြောနိုင်တဲ့အခြေအနေလည်း ရောက်ပြီ။
ကချင်ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်နေသည့် PDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – Myanmar Now)

မေး – အခုအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အဓိကစိန်ခေါ်မှုက လေကြောင်းကဆိုတာ အားလုံးသိပြီးသားဖြစ်တယ်။ စစ်ကောင်စီကလည်း သူ့ရဲ့အားသာချက်ကို သုံးပြီး ပဇီကြီးလို၊ အနန့်ပါလို ဖြစ်စဉ်တွေ အကြိမ်ကြိမ် ပြသခဲ့ပြီးဖြစ်တယ်။ အခုလည်း နေ့စဉ်လိုလို လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတယ်ဆိုတော့ ဒီလေကြောင်းရန်ကို ကာကွယ်ဖို့ ဗျူဟာမြောက်လက်နက်တွေ၊ ဒါမှမဟုတ် အဲ့ဒီ လေယာဉ်၊ ရဟတ်ယာဉ်တွေ မိုးပေါ်မပျံနိုင်ဖို့ အစီအမံတွေက မဖြစ်မနေ လိုအပ်တယ်။ ဒါတွေက ခက်ခဲမှန်းတော့ သိပါတယ်။ ဒါပေမဲ့ ဝန်ကြီးတို့ ဘယ်လောက်အထိ ပြင်ဆင်ထားပါသလဲ။ တိတိကျကျမေးရရင် လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်လို့ ရှေ့လျှောက် ဘာတွေဖြစ်ပေါ်လာနိုင်မလဲ။ ဖြေ – စစ်ကောင်စီရဲ့ လေကြောင်းအကြမ်းဖက်မှုပေါ့ဗျာ။ ဒါနဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့ မြေပြင်ရဲဘော်တွေကော၊ ကျွန်တော်တို့ ပြည်သူတွေကော အတွေ့အကြုံကောင်းကောင်းရှိနေပြီလို့ ကျွန်တော်နားလည်ပါတယ်။ အဲ့ဒီအတွက် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် နေထိုင်ကြမလဲဆိုတဲ့ အသိလည်း ကျွန်တော်တို့ ရဲဘော်တွေကော၊ ကျွန်တော်တို့ ပြည်သူတွေကော ပိုပြီး ရှိလာပြီလို့ ဒီလိုပြောနိုင်ပါတယ်။ တစ်ဖက်မှာလည်း ရန်သူ့လေကြောင်းကို ကာကွယ်နိုင်ဖို့ မဟာဗျူဟာမြောက်လက်နက်တွေ လိုအပ်တယ်။ ဒီလက်နက်တွေ၊ ရှာဖွေရေး၊ တပ်ဆင်ရေးကလည်း ကျွန်တော်တို့ရဲ့ ရန်ပုံငွေသုံးစွဲမှုမှာ ဦးစားပေးအစီအစဉ်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော် အသိပေးလိုပါတယ်။ တစ်ချိန်တည်းမှာပဲ ရန်သူ့လေကြောင်းကို လိုအပ်သလို တုံ့ပြန်ဟန့်တားနိုင်ဖို့ ဒီအတွက် အစီအမံတွေကိုလည်း ကျွန်တော်တို့ တစ်ဆင့်ချင်း အကောင်အထည်ဖော်နေတယ်လို့ ပြောချင်ပါတယ်။ မေး – တော်လှန်ရေး ကြာလာတာနဲ့အမျှ NUG အစိုးရအပေါ်၊ အထူးသဖြင့် ကာကွယ်ရေးဝန်ကြီးဌာန MOD အပေါ် ဝေဖန်မှုတွေ၊ အားမလိုအားမရဖြစ်တဲ့ အသံလေးတွေ မြေပြင်မှာ ကြားလာရပါတယ်။ ခြုံငုံပြီးတော့ ဝန်ကြီး ဘာများ ရှင်းပြနိုင်မလဲ။ ဖြေ – အားမလို၊ အားမရမှုတွေ ရှိတယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်း ကြားနေ၊ သိနေပါတယ်။ သို့သော် စစ်ရေးဆောင်ရွက်ချက်ဆိုတာကတော့ အဓိကအားဖြင့် ကိုယ့်အင်အားကို ချိန်ဆပြီးတော့မှ အကောင်းဆုံး ဘာလုပ်နိုင်မလဲပေါ့၊ ဒါကို ရွေးချယ်ပြီးတော့ ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ကျွန်တော် နားလည်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဆိုရင်လည်း ကိုယ့်မှာ အကန့်အသတ်နဲ့ ရှိနေတဲ့ ရန်ပုံငွေအင်အား၊ လက်နက်အင်အား၊ မဟာမိတ်အင်အားပေါ့၊ ဒါကို အခြေခံပြီးမှ တော်လှန်ရေးအတွက် အကျိုးအရှိဆုံး အလုပ်အဖြစ်ဆုံး မဟာဗျူဟာတစ်ခုကို ချမှတ်ပြီးတော့ အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။ များသောအားဖြင့်ကတော့ လက်နက်မရလို့ စစ်ကောင်းကောင်းမတိုက်နိုင်ဘူးဆိုတဲ့ အားမလို၊ အားမရမှုမျိုးပေါ့။ ကျွန်တော်တို့ရဲဘော်တွေဆီကနေ မကြာခဏ ကြားရလေ့ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောလိုတာကတော့ စစ်ရေးဆောင်ရွက်ချက်သက်သက်က တော်လှန်ရေးမဟုတ်ပါဘူး။ တော်လှန်ရေးဆိုတာက လူထုပါဝင်မှုလို့ ကျွန်တော်နားလည်တယ်။ အဲဒီတော့ ကျွန်တော်တို့တော်လှန်ရေးဟာ လူထုနဲ့ တစ်သားတည်း ရှိနေမယ်၊ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေဟာလည်း လူထုစည်းရုံးရေးကို တာဝန်တစ်ခုအနေနဲ့၊ အလုပ်တစ်ခုအနေနဲ့ လုပ်နေကြမယ်၊ ပြီးရင် ကိုယ့်ရှိတဲ့လက်နက်နဲ့ ကိုယ်လုပ်နိုင်တဲ့အလုပ်၊ ကိုယ်ဖော်နိုင်တဲ့ တိုက်ပွဲ ဒါကို ဖော်နေတယ်ဆိုရင် PDF အဖြစ် ဂုဏ်ယူနိုင်ပြီဆိုတာကိုလည်း ကျွန်တော်တို့ ရဲဘော်တွေကို အခါအားလျော်စွာ ကျွန်တော့်အနေနဲ့ ရှင်းပြလေ့ရှိပါတယ်။
PDF တပ်ဖွဲ့ဝင်များနှင့်အတူ တောတွင်းတစ်နေရာတွင် တွေ့ရသည့် ဦးရည်မွန် (ဓာတ်ပုံ – ပေးပို့)

မေး – NUG က တိုင်းရင်းသားတွေကို ချဉ်းကပ်တာ အားနည်းချက်ရှိတယ်လို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ကျွန်တော်တို့ Myanmar Now နဲ့ အင်တာဗျူးတစ်ခုမှာ ပြောထားဖူးတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုတုံ့ပြန်လိုပါသလဲ။ ဖြေ – ဒါကတော့ မနှစ်ကသုံးသပ်ချက်၊ မနှစ်ကအမြင် ဖြစ်လိမ့်မယ်လို့ပဲ ကျွန်တော် ယူဆပါတယ်။ အဲဒီတော့ အခုအချိန်မှာ တစ်တိုင်းတစ်ပြည်လုံးပေါ့၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ပွဲနေတယ်ဆိုတာသည်ကပင်လျှင် တော်လှန်ရေးအင်အားစုအားလုံးအတွက် အခွင့်အလမ်းဖြစ်တယ်။ အဲဒီတော့ ဒီအချိန်မှာ ကျွန်တော်တို့အင်အားစုအားလုံး လက်တွဲပြီးတော့ ညီညီညွတ်ညွတ် တိုက်ပွဲဝင်မယ်ဆိုရင် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို ဒီပွဲမှာကတော့ အမြစ်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့အားလုံး သဘောတူ၊ ယုံကြည်ထားပြီးလည်း ဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ နိုင်ငံရေးဆိုင်ရာ အခြေခံသဘောတူညီချက်တွေ၊ စစ်ရေးဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွေလည်း အခုအချိန်မှာ ရှိနေပြီလို့ အသိပေးလိုပါတယ်။
မေး – တိုက်ပွဲတွေကတော့ မြို့ကြီးတွေနဲ့ တဖြည်းဖြည်း နီးကပ်လာပြီ။ ဒီတော့ စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နေပြည်တော်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဆိုတဲ့ အခြေအနေမျိုးကို ဘယ်အချိန်မှာ ပြည်သူတွေ မြင်ခွင့်၊ ကြားခွင့် ရနိုင်မလဲ။ ဖြေ – ကျွန်တော်တို့ရဲ့ စစ်ရေးဆောင်ရွက်ချက် အားလုံးကလည်း နေပြည်တော်ကိုပဲ ဦးတည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေပြည်တော်ဆိုတာ စစ်ကောင်စီရဲ့ အသည်းနှလုံးကိုး။ အဲဒီတော့ အခုအချိန်မှာ ‘လမ်းအားလုံး နေပြည်တော်သို့’ လို့ အမည်ပေးထားတဲ့ စစ်ရေးစီမံချက်တစ်ခုလည်း One Year Plan နဲ့ တွဲပြီး အကောင်အထည်ဖော်နေတယ်လို့ ကျွန်တော် အသိပေးလိုပါတယ်။ အဲဒီတော့ ဒီတော်လှန်ရေး ဘယ်တော့ပြီးမှာလဲဆိုရင် ကျွန်တော် ရှေ့မှာပြောခဲ့တဲ့အတိုင်း ဒီတော်လှန်ရေးရဲ့ ရည်ရွယ်ချက်က စနစ်ပြောင်းရေးပဲ။ စစ်အာဏာရှင်စနစ်ကနေ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပြောင်းနိုင်တဲ့အချိန်ကျမှပဲ ဒီတော်လှန်ရေး ပြီးလိမ့်မယ်။ အဲ့ဒီအတွက် စစ်ကောင်စီခေါင်းထဲ၊ စစ်အာဏာရှင်တွေခေါင်းထဲ ဝင်နေတဲ့ အင်မတန်ညစ်ညမ်းတဲ့ အတွေးအခေါ်ပေါ့၊ ဖက်ဆစ်အတွေးအခေါ်၊ စစ်အာဏာရှင်အတွေးအခေါ်ကိုလည်း အမြန်ဆုံး ရှင်းလင်းဖျက်သိမ်းနိုင်ဖို့ အရေးကြီးပါတယ်။ ပြန်ချုပ်မယ်ဆိုရင်တော့ ဘယ်နည်းလမ်းကိုပဲ သုံးသုံး၊ PDF ရဲဘော်များအနေနဲ့ဆိုရင် ကိုယ့်လက်ထဲကသေနတ် ကိုယ်မြဲအောင် ကိုင်ထားရမယ်။ ကိုယ့်တပ်ကို ဒီထက် ခိုင်သထက်ခိုင်အောင် တည်ဆောက်ကြရမယ်။ နေရာတိုင်းမှာ စစ်ကောင်စီကို အနားမပေးဘဲနဲ့ တွန်းလှန်တိုက်ခိုက်ကြရလိမ့်မယ်။ ဒါဆိုရင် တော်လှန်ရေးအောင်ပွဲဟာ လက်တစ်ကမ်းမှာ ရှိနေပြီလို့ ကျွန်တော့အနေနဲ့ ယုံကြည်ပါကြောင်း ဆွေးနွေးလိုတယ်။
ကရင်နီပြည်နယ်တွင် အဓိကလှုပ်ရှားနေသည့် နေပြည်တော် PDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ပေးပို့)

မေး – ‘လမ်းအားလုံး နေပြည်တော်သို့’ ဆိုတဲ့ စစ်ရေးစီမံချက်နဲ့ ပတ်သက်ပြီး အကျယ်ရှင်းပြနိုင်မလား။
ဖြေ – ဒီစီမံချက်နဲ့ ပတ်သက်ရင်တော့ နှစ်ပိုင်းပါတယ်လို့ ပြောနိုင်ပါတယ်။ တစ်ပိုင်းက ရန်သူ့စိုးမိုးနယ်မြေထိုးဖောက်ရေးနဲ့ပတ်သက်တဲ့ စီမံချက်ရှိလိမ့်မယ်၊ ပြီးရင်တော့ မိမိစိုးမိုးနယ်မြေပေါ့။ မိမိစိုးမိုးနယ်မြေဆိုတာ PDF တွေ စိုးမိုးထားတဲ့ နယ်မြေတွေရှိမယ်၊ မဟာမိတ် EROs များ စိုးမိုးထားတဲ့ နယ်မြေတွေရှိမယ်။ စိုးမိုးတယ်ဆိုတာကလည်း အုပ်ချုပ်ရေးအရကော၊ စစ်ရေးအရကော စိုးမိုးထားနိုင်တဲ့ နယ်မြေကို ဆိုလိုတာပါ။ အဲဒီတော့ မိမိစိုးမိုးနယ်မြေမှာ အကောင်အထည်ဖော်ရမယ့် စီမံချက်တွေလည်း ရှိလိမ့်မယ်။ ရန်သူ့စိုးမိုးနယ်မြေနဲ့ မိမိစိုးမိုးနယ်မြေ အထူးပြုပြီးတော့ လုပ်ရမယ့် အလုပ်တွေလည်း တစ်ပါတည်း ရှိမယ်။ အထူးပြုပြီးတော့ လုပ်ရမယ့် အလုပ်တွေကိုလည်း နယ်မြေအလိုက် အကောင်အထည်ဖော်ရင်းကနေ ဒီတော်လှန်ရေးကို လက်တွေ့ဆင်နွှဲနေတာ ဖြစ်တယ်လို့ ရှင်းပြလိုပါတယ်။ Source by : Myanmar Now

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form