ပြည်တွင်းစစ်မှာ အရေးနိမ့်နေတဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီ

ဧရာဝတီတိုင်းမ် ဇွန်လ ၂၉ ရက် NLD ဉီးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲကျော်ကာလအတွင်း မြန်မာစစ်ကောင်စီဟာ တိုင်းပြည်အတွင်း နယ်မြေစိုးပိုင်မှု အများစုကို ဆုံးရှုံးလာပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ နယ်စပ်ဒေသတွေမှာ ဆယ်စုနှစ်ချီ တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (EROs) တွေနဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဖွဲ့စည်းခဲ့ တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တွေထံ ပိုင်နက်နယ်မြေတွေ ဆုံးရှုံးခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရက်စက်စွာ ဖြိုခွင်းမှုတွေပြုလုပ်ခဲ့တဲ့ မြို့ပြတွေမှာတောင် အခုဆိုရင် ခြိမ်း ခြောက်မှုတွေ ရင်ဆိုင်နေရပါပြီ။ အာဏာချုပ်ကိုင်မှု တရားဝင်မှုရစေဖို့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ NLD မပါဝင်တဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ အာဏာသိမ်းစစ်ကောင်စီက မကြာသေးမီလတွေအတွင်း ကြေညာခဲ့ပါတယ်။ အမှန် တစ်ကယ်တော့ စစ်ကောင်စီက ရွေးကောက်ပွဲကို ကျင်းပနိုင်စွမ်း မရှိသေးပါဘူး။ 

စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲကို ကျင်းပလျင်ပင် တိုင်းပြည်တွင်းရှိ မဲရုံတွေကို အန္တရာယ် ကင်းအောင် စောင့်ရှောက်နိုင်စွမ်း မရှိပါဘူး။ ပြီးခဲ့တဲ့လတွေအတွင်း မြန်မာစစ်တပ်ရဲ့ အားနည်းချက်ကိုဖော်ထုတ် တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ မြေပြင်မှာ စစ်ရေးရှုံးနိမ့်တဲ့ဒေသတွေမှာ အရပ်သား တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်။ ဒါပေမယ့် ဒီနည်းပရိယာယ်တွေက လည်း နယ်မြေတွေ ပြန်လည်သိမ်းပိုက်ဖို့ စစ်တပ်ကို အထောက်အကူမပြုတဲ့အပြင် ပြည်သူတွေကို ပိုမိုနာကြည်း စေပါတယ်။ မြန်မာစစ်တပ်က မြေပြင်စစ်ဆင်ရေးတွေ လုပ်ဆောင်တဲ့အခါ ERO တွေ၊ PDF တွေရဲ့ ခြုံခိုတိုက်ခိုက်မှု တွေ မကြာခဏဆိုသလို ခံခဲ့ရပါတယ်။ 

စစ်တပ်ဟာ စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းတွေ မစုဆောင်းနိုင်တဲ့အပြင် စစ်မြေပြင်မှာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတဲ့ အခုလိုလက်နက်ကိုင်တပ်ဖွဲ့ထံ ဘယ်လူငယ်မှ မဝင် ရောက်လိုပါဘူး။ မြို့ပြကြီးတွေမှာ စစ်တပ်ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ဆက်နွှယ်သူတွေ လုပ်ကြံသတ်ဖြတ်တာ တွေ ခံခဲ့ရပါတယ်။ ဒီအချက်တွေအားလုံးကြောင့် မြန်မာစစ်တပ်အတွင်း စိတ်ဓာတ်ပိုင်းဟာ အလွန်အမင်း ကျဆင်းလာပြီး မကြာခဏဆိုသလို ဘက်ပြောင်းခိုလှုံတာတွေ ရှိလာပါတယ်။ 

အရှေ့တောင်အာရှမှာ အင်အားအကြီးမားဆုံးလို့ဆို တဲ့ အင်အား ၃၀၀၀၀၀ မှ ၄၀၀၀၀၀ အထိရှိတယ်ဆို တဲ့ မြန်မာစစ်တပ်ရဲ့အင်အားဟာ ၁၅၀၀၀၀ အထိ အင် အားလျှော့နည်းလာတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ကိုရဲမျိုးဟိန်းက မကြာသေးမီက ဆောင်းပါးတစ်ပုဒ်အ တွင်း ရေးသားခဲ့ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း တိုက်ပွဲတွေအတွင်း ကျဆုံးမှု၊ စစ်တပ်မှထွက်ပြေးမှုနဲ့ ဘက် ပြောင်းခိုလှုံမှုတွေကြောင့် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေးအင်အားက ၇၀၀၀၀ ခန့်သာ ကျန်ရှိတော့တယ်လို့ သူက ဆိုပါတယ်။ စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ လက်ထောက် စိုးဝင်းတို့ပင် မြန်မာစစ်တပ်ရဲ့ အင်အားအမှန် ကို မသိရှိဘူးလို့ ကိုရဲမျိုးဟိန်းက ရေးသားထားပါတယ်။ တပ်တွင်းမှတ်တမ်းတွေအရ စစ်တပ်ရဲ့ အမာဆုံးတပ်ဖွဲ့ တွေဖြစ်တဲ့ ခြေလျင်တပ်မအချို့ဟာ အလွန်အမင်း အင်အားလျော့နည်းနေတယ်လို့ သူက ဆိုပါတယ်။ 

အာဏာ သိမ်းစစ်တပ်ဟာ အာဏာသိမ်းမှုဆန့်ကျင်သူတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုကို အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်တော့ ဘူးလို့ သူက ပြောပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက မြန်မာပြည်သူတွေရဲ့ အကြမ်းမဖက်ဆန္ဒပြပွဲတွေကို ရက်စက် ကြမ်းကြုတ်စွာ ဖြိုခွင်းခဲ့တာကြောင့် လူထုသတ်ဖြတ်ပွဲနဲ့ ဖမ်းဆီးမှုတွေ ဖြစ်လာခဲ့ပါတယ်။ အစောပိုင်းမှာ စစ် ကောင်စီက မြို့ကြီးတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း အပါအဝင် တိုင်းပြည်ရဲ့ပိုင်နက်နယ်မြေအများစုကို ထိန်းချုပ် နိုင်ပုံပေါ်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ အလုပ်မဖြစ်တာကို နားလည်လာတဲ့ အရပ်သားတွေက စစ် ကောင်စီကို လက်နက်စွဲကိုင်တော်လှန်ဖို့ တောခိုလာခဲ့သလို စစ်ရည်ဝနေတဲ့စစ်တပ်ကို အာဏာသိမ်းမှုဆန့်ကျင် သူတွေက တိုက်ခိုက်နိုင်မှာမဟုတ်ဖူးလို့ စစ်တပ်က ယူဆခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ဘုံရန်သူ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ဖို့ ပေါင်းစည်း လာပြီး နွမ်းလျနေတဲ့စစ်တပ်ကို တိုက်ခိုက်ရာမှာ စည်းလုံးလာခဲ့ပါတယ်။ 

မကြာသေးမီကထုတ်ပြန်တဲ့ ခန့်မှန်း ချက်တစ်ခုအရ စစ်တပ်ဟာ တစ်ရက်လျင် တပ်ဖွဲ့ဝင် ၁၅ ဉီး ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်သင်တန်းနဲ့ ပံ့ပိုးမှုတွေကြောင့် PDF တွေဟာ ထင်ထားတာထက် တိုက်ခိုက်ရေး ကောင်းမွန်တဲ့ တိုက်ခိုက်ရေးသမားတွေကို မွေးထုတ်လာနိုင်ပါတယ်။ PDF တွေဟာ စစ်ယာဉ်တန်းတွေကို ခြုံခိုတိုက်ခိုက်တာ၊ စစ်ကောင်စီ တာဝန်ရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM လုပ်ဖို့ လူမှုကွန်ရက်တွေမှတစ်ဆင့် ဖျားယောင်းတာတွေ ပြု လုပ်ပါတယ်။ မြန်မာစစ်တပ်က မျက်နှာစာပေါင်းစုံမှာ တိုက်ပွဲဝင်နေရတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့တွေဟာ နှစ်နဲ့ချီကြာအောင် ဆုံးရှုံးခဲ့တဲ့ ပိုင်နက်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ USIP မှ Jason Tower ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် အင်အားတောင့်တင်းတဲ့ ရခိုင့်တပ် တော် (AA) က ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားပါတယ်။ 

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ငါးပုံတစ်ပုံကိုသာ ထိန်းချုပ်နိုင်တော့တယ်လို့ မကြာသေးမီ က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ထုတ်ပြန်တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ မြန်မာစစ်တပ် ဟာ အလယ်ပိုင်းဒေသရှိ မြို့နယ်အနည်းငယ်ရဲ့ပြင်ပရှိ လမ်းမကြီးတွေကိုသာ ထိန်းချုပ်ထားပြီး အတိုက်အခံတပ် ဖွဲ့တွေက နေပြည်တော်နဲ့ မိုင်အနည်းငယ်အကွာထိ တိုက်ခိုက်နိုင်ပြီဖြစ်ကာ ရန်ကုန်မြို့မှာ တိုက်ခိုက်မှုတွေ အရှိန် မြှင့်လုပ်ဆောင်နေတယ်လို့ အခြားသုတေသနတစ်ရပ်က ဖော်ပြပါတယ်။ စစ်ကောင်စီဟာ ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်မယ့်လက္ခဏာ မရှိပါဘူး။ မြန်မာစစ်တပ် ဟာ ကျေးရွာတွေကို မီးရှို့၊ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီး ပြည်သူအပေါ် အကြမ်းဖက်နေပေမယ့် မြေပြင် မှာတော့ ပိုင်နက်နယ်မြေစိုးပိုင်မှု မရှိတော့ပါဘူး။ အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန် အပါအဝင် ဖွံ့ဖြိုးမှုအရှိ ဆုံး ဒီမိုကရေစီနိုင်ငံတွေက စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေနဲ့ အမေရိကန်က အမျိုးသားညီညွတ်ရေးအစိုးရကို အကူအညီတွေ ထောက်ပံ့ပေးနေကာ အနာဂတ်မှာ PDF တပ်ဖွဲ့ တွေကို လူမသေစေနိုင်တဲ့အကူအညီတွေ ပေးလာနိုင်ပါတယ်။ အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ပရာယွတ်အစိုးရက အာဏာသိမ်းစစ် ကောင်စီကို စာနာသနားကာ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို နှုတ်ပိတ်ကာ စွမ်းအင်အ ရင်းအမြစ်တွေ ထောက်ပံ့ပြီး တရားဝင်မှုရရှိစေဖို့ ကြိုးပမ်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မကြာသေးမီပြုလုပ်ခဲ့တဲ့ ရွေး ကောက်ပွဲမှာ စစ်တပ်လိုလားတဲ့ပါတီတွေ အပြတ်အသတ် ရှုံးနိမ့်ကာ ဒီမိုကရေစီလိုလားတဲ့ပါတီတွေက သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။ 

စစ်တပ်ကထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်က အစိုးရဖွဲ့စည်းခွင့်ကို မပိတ်ပင်ဘူးဆိုပါက အမေရိ ကန်ကွန်ဂရက်က ပြီးခဲ့တဲ့လတွေအတွင်း အတည်ပြုခဲ့သော မြန်မာနိုင်ငံရှိ ခုခံတော်လှန်ရေးတပ်ဖွဲ့တွေကို လူမ သေစေနိုင်တဲ့ စစ်လက်နက်ထောက်ပံ့ခွင့်ပြုတဲ့ Burma Act အကောင်အထည်ဖော်ဆောင်မှုကို အကူအညီပေးမယ် လို့ ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward Party က ပြောကြားခဲ့ပါတယ်။ ထိုင်းအစိုးရသစ်က NUG နဲ့ ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကို ထောက်ခံခဲ့ပြီး မြန်မာကို မဟာဗျူဟာမြောက် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှု နေရာတစ်ခု အဖြစ် ရှုမြင်တဲ့ တရုတ်နိုင်ငံက မြန်မာ့အရေးမှာ နှစ်ဘက်စလုံးနဲ့ အဆင်ပြေအောင် ကစားနေပါတယ်။ တရုတ်နိုင် ငံက မြန်မာစစ်တပ်ကို လက်နက်တွေ ထောက်ပံ့ပေးခဲ့သလို နိုင်ငံတကာအစည်းအဝေးတွေမှာ သံတမန်ရေးရာအ ရ စစ်ကောင်စီကို ကာကွယ်ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီ တွေနဲ့ ဆက်ဆံရေးရှိသလို မြေပြင်မှာ ရှုံးနိမ့်နေတဲ့ စစ်တပ်ကိုလည်း ထောက်ခံနေပါတယ်။ ရုရှားနိုင်ငံကမူ စစ် ကောင်စီကို လက်နက်သာ ထောက်ပံ့ပေးခဲ့ပြီး ပြည်တွင်းမှာ ပြဿနာပေါင်းစုံရှိနေတာကြောင့် ပြည်ပကို လက်နက်တွေ တင်ပို့နိုင်ဖွယ်မရှိတော့ပါဘူး။ 

အတိုက်အခံတွေ အောင်ပွဲရဖို့ကလည်း မလွယ်ကူသေးပါဘူး။ မြန်မာနိုင်ငံက ယခုအခါ ကျဆုံးတိုင်းပြည် တစ်ခုဖြစ်နေတာကြောင့် အောင်ပွဲက ဆုံးရှုံးမှုကြီးသော အောင်မြင်မှု တစ်ခုသာ ဖြစ်လာပါလိမ့်မယ်။ စစ်တပ်အ ကြီးတန်းတပ်မှူးတွေ နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုခံရနိုင်တာကြောင့် ကျူးလွန်တဲ့ပြစ်မှုတွေ အတွက် တာ ဝန်ခံရမှာကိုလည်း စစ်တပ်က သိပါတယ်။ မြန်မာစစ်တပ်မှာ ရွေးချယ်စရာတွေ မရှိတော့ပါဘူး။ ဒါပေမယ့် စစ်တပ် ဟာ ဖျက်ဆီးနိုင်စွမ်းရှိသေးတာ ပြီးခဲ့တဲ့လတွေ အတွင်း စစ်တပ်ရဲ့ လူမဆန်တဲ့ နည်းဗျူဟာတွေက ပြသခဲ့ပြီးဖြစ်ပါ တယ်။ 

ဇွန်လ ၂၈ ရက်က Council on Foreign Relations ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Joshua Kurlantzick ရဲ့ Myanmar’s junta is losing the civil war ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။ 

Source by : Ayeyarwaddy_Times

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form