By လမ်းသစ်
စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူနဲ့ ပူးပေါင်းမလား၊ အာဏာရှင်အတွက် အသက်ပေးမလား ဆိုတာ စဉ်းစားချိန်တန်ပါပြီ။
ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေပြီး သူတို့ကိုယ်သူတို့ နိုင်ငံတော်လို့ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ မြန်မာစစ်အုပ်စုဟာ နိုင်ငံရဲ့နေရာအနှံ့မှာ စစ်မျက်နှာဖွင့်ခံထားရပါတယ်။
ဒီလို အရူးမီးဝိုင်း ဖြစ်နေချိန်မှာပဲ သူတို့ရဲ့လက်အောက်ခံလို့ အပိုင်တွက်ထားတဲ့ လက်နက်ကိုင်တွေဟာလည်း တပ်ပျက်နေတဲ့ မြန်မာစစ်အုပ်စုထံကနေ တဖွဲဖွဲ စွန့်ခွာနေကြပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကရင်နီပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ဖက်ဆစ်စစ်တပ်ရဲ့ ငယ်ထိပ်ကို မိုးကြိုးပစ်ချလိုက်သလိုပဲ အချိုးအကွေ့တွေ ပေါ်ပေါက်ခဲ့ပါတယ်။
ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ပင်မအခြေစိုက်စခန်း အပါအဝင် စခန်းအားလုံးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူထိန်းချုပ်လိုက်ပါတယ်။
ဒီလိုမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့နေရာမှာ ကရင်နီတပ်ပေါင်းစုဖြစ်တဲ့ ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ (KNPLF) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တို့ ပါဝင်တဲ့ 4K အဖွဲ့နဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလိုပူးပေါင်း တိုက်ခိုက်ကြတဲ့အခါမှာ သက်တမ်း ၁၃ နှစ်နီးပါး ရှိပြီဖြစ်တဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ရင်း ၂ ခုက တော်လှန်ရေး ညတပ်ဖွဲ့တွေဘက်ကနေ ပူးပေါင်းခဲ့တာဟာ အကြမ်းဖက် စစ်တပ်အတွက် ကြီးမားတဲ့ ထိုးနှက်မှု ဖြစ်ခဲ့ပါတယ်။
မြို့သိမ်းတိုက်ပွဲကို ပိုမိုမြန်ဆန်သွားစေတဲ့ ဒီနယ်ခြားစောင့်တပ်ရင်း ၂ ခုဟာ တပ်ရင်း ၁ဝဝ၄ နဲ့ တပ်ရင်း ၁ဝဝ၅ တို့ဖြစ်ပြီး ကလလတ (KNPLF) လက်အောက်ကနေ ပေါ်ပေါက်လာခဲ့တာပါ။
KNPLF ဟာ ၁၉၉၄ ခုနှစ်မှာ စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှာ စစ်အစိုးရရဲ့ စီမံမှုနဲ့ နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ အခုတော့ အဲ့ဒီတပ်ရင်း ၂ခုလုံးဟာ သူတို့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNPLF နဲ့ ပြန်လည်ပေါင်းစည်းသွားခဲ့တာပါ။
ကလလတ (KNPLF) အကြောင်း ပြန်ပြောရရင် KNPLF ဟာ ၁၉၇၈ ခုနှစ်တုန်းက သဘောထားကွဲလွဲမှုတွေကြောင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကနေ ခွဲထွက်ခဲ့တာ ဖြစ်ပါတယ်။
KNPLF နဲ့ KNPP ဟာလည်း နှစ်ဦးနှစ်ဖက် အသက်သေဆုံးမှုတွေ ရှိတဲ့အထိ ကာလရှည်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ အာဏာသိမ်း စစ်ကောင်စီကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့အတူ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ ၂ဝ နီးပါး ရှိတဲ့အထဲက ကရင်နီတပ်ရင်းတွေဟာ ပထမဆုံး ဘက်ပြောင်းသွားတာပါ။
ဒီနယ်ခြားစောင့်တပ်တွေထဲမှာ စစ်ကောင်စီ တပ်သားတွေလည်း အချိုးကျ ထည့်သွင်းထားတာကြောင့် ဒါဟာ မြန်မာစစ်သားတွေ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မရှေးမနှောင်းမှာပဲ ကလလတအဖွဲ့ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သလို ဒီလိုစခန်းသိမ်းတိုက်ပွဲကာလအတွင်း အကြမ်းဖက် စစ်တပ်ကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ ကလလတဌာနချုပ်ကို တိုက်လေယာဉ်နဲ့ ဗုံးကျဲခဲ့ပါတယ်။
မယ်စဲ့မြို့သိမ်းတိုက်ပွဲတွေမှာ အထိနာခဲ့တဲ့ စစ်ကောင်စီဟာ ဖားဆောင်းမြို့နယ်ဘက်ကနေ စစ်ကူတွေ စေလွှတ်ခဲ့ပေမယ့် သံလွင်တံတား(ဖားဆောင်း)မှာ ကရင်နီတပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုတွေကြောင့် သေကြေပျက်စီးမှုတွေနဲ့ ထပ်မံကြုံတွေ့ခဲ့ရပါတယ်။
မြေပြင်တိုက်ပွဲတွေ ရှုံးနိမ့်လာတဲ့အခါ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရဲ့ထုံးစံအတိုင်း လေကြောင်းတိုက်ခိုက်မှုတွေ စေလွှတ်ခဲ့ပေမယ့် ကိုယ့်တပ်သားတွေအပေါ် မှားယွင်းဗုံးကျဲချမှုတွေကြောင့် ပိုပြီး အထိနာခဲ့ရပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်အုပ်စုကို ပိုပြီး ခေါင်းနပန်းကြီးစေတဲ့ ကိစ္စကတော့ ကရင်နီပြည်နယ် မယ်စဲ့ဗျူဟာကုန်း ခမရ ၄၃ဝ တပ်ရင်းက တပ်ရင်းမှုး၊ ဒုတပ်ရင်းမှုး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေ လက်နက် အမြောက်အများနဲ့ အမြောက်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ မရှုမလှ ကျဆုံးတဲ့ ဖက်ဆစ်စစ်တပ်ဟာ ခွေးရူးတစ်သိုက်လိုပဲ မြင်မြင်ရာ လိုက်ဆွဲပါတော့တယ်။ ကရင်နီပြည်နယ်အတွင်း အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေ၊ နေအိမ်တွေနဲ့ စစ်ဘေးရှောင်နေရာတွေကို လေယာဉ်ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်ခတ်ခဲ့ကြပါတယ်။
ကရင်နီ တိုက်ပွဲတွေကို စစ်ကူလွှတ်ဖို့ ရှမ်းပြည်နယ်ဘက်က တပ်ရင်းတွေကို ဆင့်ခေါ်ခဲ့ပေမယ့် ကရင်နီဘက် အလွှတ်ခံရရင် သေတာများတယ်ဆိုပြီး တပ်ပြေးမှုတွေ အများအပြား ရှိနေခဲ့ပါတယ်။
ခမရ ၃၃၆ (ဖယ်ခုံ)၊ ခမရ ၄၂၁ (ဖယ်ခုံ)၊ ခမရ ၄၂၃ (ဆီဆိုင်)၊ ခမရ ၄၂၄ (ဆီဆိုင်)၊ ခမရ ၄၂၅ (ဘန်းယဉ်) နဲ့ ခမရ ၄၂၆ (ဘန်းယဉ်) တို့ဟာ အပြေးအများဆုံး တပ်တွေလို့ သိရပါတယ်။
မယ်စဲ့ မြို့သိမ်းတိုက်ပွဲမှာ ကရင်နီတပ်ပေါင်းစုတွေ သိမ်းယူနိုင်ခဲ့တဲ့ စခန်းအားလုံးဟာ ဖက်ဆစ်စစ်တပ် နှစ်ပေါင်းများစွာ တပ်စွဲခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ခံစစ်အနေအထားကို တဖြည်းဖြည်း ပြောင်းလာရပြီး စစ်ကောင်စီ တပ်သားတွေလည်း နေ့စဉ်နဲ့အမျှ သေဆုံးနေကြပါတယ်။
တပ်သားစုဆောင်းရေးမှာလည်း အခက်တွေ့နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ၁ဝ တန်းအောင်တဲ့ စစ်ကောင်စီတပ်သား သားသမီးတွေကို ဂုဏ်ပြုပွဲပြုလုပ်ပေးပြီး ပြန်မလွှတ်ဘဲ DSA ဗိုလ်လောင်းသင်တန်း စာရင်းသွင်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်တဲ့ စာတမ်းတွေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ တပ်သားအင်အားဟာ နှစ်သိန်း မပြည့်ဘူးလို့ သတ်မှတ်လို့ ရပါတယ်။ တကယ်တမ်း တိုက်ပွဲဝင်နိုင်တဲ့ တပ်သားဦးရေဟာ ဒီအရေအတွက်ထက် ပိုနည်းမယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းပြောဆိုကြပါတယ်။
မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဟာ အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူထားပါတယ်။
လက်နက်ကောင်းတွေ များစွာရှိပေမယ့် ဒါတွေကို မြေပြင်နဲ့ ဟန်ချက်ညီညီ အသုံးပြုနိုင်မယ့် တပ်သားအင်အားကတော့ တဖြည်းဖြည်း လျော့နည်းလာပါတယ်။
တစ်ဖက်မှာလည်း အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတဝန်းက ပြည်သူတွေကို ဒုက္ခပေါင်းစုံ ပေးနေတဲ့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM ဝန်ထမ်းတွေကိုလည်း နည်းမျိုးစုံနဲ့ ဖိနှိပ်နေတာပါ။ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကလည်း စစ်ကောင်စီကို အမှန်တကယ် အထိနာစေခဲ့တာကြောင့် ဖြစ်ပါတယ်။
CDM လှုပ်ရှားမှုတွေထဲမှာမှ အခု ကရင်နီပြည်နယ် မယ်စဲ့မြို့သိမ်းတိုက်ပွဲ ဖြစ်စဉ်လိုမျိုး တပ်ရင်းလိုက် CDM လုပ်သွားတာကတော့ စစ်အုပ်စုရဲ့မျက်နှာကို အမှတ်မထင် ဖြတ်ရိုက်ခံလိုက်ရသလို ပူထူပြီး ကမူးရှုးထိုး ဖြစ်သွားစေခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေအနေနဲ့ တစတစ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ်ဆိုရင် နောက်ဆုံး ပြည်သူ့တရားခွင်မှာ လက်တစ်ဆုပ်စာ အာဏာရှင် စစ်ခေါင်းဆောင်တွေသာ ငုတ်တုတ်ကျန်ခဲ့မှာပါ။
“ငါတို့မှာလည်း ဗြောက်တွေနဲ့” ဆိုတော့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အာဏာရှင်အတွက် အသက်ပေး စတေးရတာ တန်ရဲ့လား ဆိုတာ သေချာစဉ်းစားရမယ့် အချိန်ရောက်နေပြီ လို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။
Source by : ခေတ်သစ်မီဒီယာ