ဘီးလင်းက ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးခံရ၊​ အနည်းဆုံး နှစ်ဦး သေ၊ ၂၀ ကျော်ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်မှာရှိတဲ့ ကျုံအိတ်တံတားဟာ ဇွန်လ မနက် ၄ နာရီခွဲအချိန်ခန့်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။ တံတား‌ပေါက်ကွဲချိန်မှာ ဖြတ်သန်းသွားလာနေတဲ့ အိမ်စီးကား နှစ်စီး တံတားအောက်ကို ပြုတ်ကျ ပျက်စီးခဲ့ပြီး ကားအတွင်းမှာရှိတဲ့ ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တံတားပေါက်ကွဲမှုအပြီး စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်မှုသွားရောက်လုပ်ကိုင်နေစဉ်အတွင်း ပစ်ခတ်ခံရမှုကြောင့် လူ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ခရိုင်အင်ဂျင်နီယာတစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အတွင်းရေးမှူးဦးတိုးဝင်းက ဘီဘီစီကိုပြောပါတယ်။ ဒီတံတားဟာ ရန်ကုန်၊ ဘားအံ့၊ မြဝတီ အထိ ကုန်စည်ပို့ဆောင်‌ရေးအတွက် အသုံးပြုတဲ့ တံတားတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာတော့ အိမ်စီးကားလေးတွေသာ သွားလာခွင့်ရသေးတယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။ 

တံတားကိုလက်ရှိမှာ လုံခြုံရေးထူထပ်စွာချထားပြီး တံတားတစ်ခြမ်းကိုသာ အသုံးပြုနိုင်တယ်လို့သိရပါတယ်။ ဒီတံတားဖောက်ခွဲမှုကို ကေအန်ယူ နဲ့ PDF တပ်ဖွဲ့က ပြုလုပ်တယ်လို့ စစ်ကောင်စီဘက်က ဘီဘီစီကိုပြောပြီး တံတားကိုပြင်ဆင်ဖို့လာရောက်ချိန်မှာလည်း ကေအန်ယူနဲ့ပီဒီအက်ဖ် ပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ "သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နဲ့သွားရောက်စစ်ဆေးတဲ့အခါမှာ သူတို့က ဒရော့ဗုံး(Drop Bomb) နဲ့ ချတယ်လေ။ ကျွန်တော်တို့ဒီဘက်က အုပ်ချုပ်ရေးရာအဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေ နည်းနည်း ဒဏ်ရာရတာရှိပါတယ်။ အဲဒီလောက်ပါပဲ။ ၂၀ ကျော်လောက်ရှိပါတယ်။ 

ခြေထောက်ထိတာတို့ လက်ရှပ်ထိတာတို့ သဘောမျိုးတွေပါ။ ခရိုင်အင်ဂျင်နီယာတစ်ယောက်ကတော့ဆုံးသွားပါတယ်။ နောက်ပြီး ကားကျသွားတဲ့အထဲကတစ်ယောက်ပါ။ အခုက တံတားက တစ်ခြမ်းဖွင့်ထားတယ်။ ယာယီဘေလီတံတားထိုးမှာပါ" လို့ ဦးတိုးဝင်းက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကေအန်ယူတပ်မဟာ (၁) ပြောခွင့်ရသူနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ပြောခွင့်ရသူ စောကလယ်စေးတို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ အဆက်အသွယ်မရသေးပါဘူး။ 


Source by : BBC Burmese

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form