ကမ္ဘာ့ဘဏ် အစီရင်ခံစာနှင့် မြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲ

ယခုလ ၂၇ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာပါ အချက်အလက်များသည် လွန်ခဲ့သော ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာပါ အချက်များထက် ပိုမိုဆိုးရွားနေသည်ကို တွေ့ရသည်။ ယခုနှစ် စက်တင်ဘာလအထိ ဂျီဒီပီ ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားသော်လည်း အခြားအချက်အလက်များအရ မြန်မာ့စီးပွားရေးသည် ပြန်လည်နာလန်ထနေခြင်း မဟုတ်ဘဲ အဆိုးဘက်သို့ ဦးတည်နေသည်။ သာမန်ပြည်သူအများစုသည်လည်း ကမ္ဘာ့ဘဏ်၏ ၃ ရာခိုင်နှုန်း တိုးတက်ပါမည်ဆိုသော ခန့်မှန်းချက်ကို မယုံကြည်ကြချေ။ 

 ထိုသည်မှာလည်း အဆန်းမဟုတ်ပေ။ ယခုနှစ်တွင် ပြည်သူသုံးဦးလျှင် တစ်ဦးမှာ လူသားချင်းစာနာမှုအကူအညီလိုအပ်ပြီး၊ ၁၇ ဒသမ ၆ သန်းသော လူဦးရေသည် စားနပ်ရိက္ခာမလုံခြုံမှု (အလတ်စားမှသည် ဆိုးဝါးစွာ ငတ်မွတ်ခေါင်းပါးမှု) ကြုံတွေ့ရမည်ဟု ပြီးခဲ့သည့် ဧပြီလအတွင်း အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပြီး ဖြစ်သည်။ ယခုကမ္ဘာ့ဘဏ်အစီရင်ခံစာတွင်လည်း ၂၀၂၂ ခုနှစ်ကတည်းက ဆိုးဝါးလာနေသည့် စားနပ်ရိက္ခာမလုံခြုံမှုသည် ယခုနှစ် ပထမခြောက်လအတွင်း ပိုမိုဆိုးဝါးလာနေသည်ဟု ဖော်ပြထားသည်။
ရန်ကုန်ဆိပ်ကမ်းတစ်နေရာ၌ ဆန်အိတ်သယ်နေသည့် အလုပ်သမားတစ်ဦးကို ယခုလ ၂၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ​ - Getty Images) 

ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် ဝင်ငွေနည်းသွားခြင်းကြောင့် အာဟာရချို့တဲ့မှုနှင့် စားနပ်ရိက္ခာမလုံခြုံမှုကို မိသားစုအများအပြား ကြုံတွေ့နေရသောကြောင့်ဖြစ်သည်။ (ကမ္ဘာ့ဘဏ်က လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် မိသားစုများကို စစ်တမ်းကောက်ယူရာတွင် ၂၆ ရာခိုင်နှုန်းမှ ၄၈ ရာခိုင်နှုန်းသည် စားစရာမလုံလောက်မည်ကို စိုးရိမ်ပူပန်ကြောင်း ဖြေကြားထားသည်။) အလုပ်အကိုင်မရှိမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုသည် မြန်မာနိုင်ငံရှိ မိသားစု ၁၀ သန်းကျော်မှ ၅ သန်းကျော်၏ ဘဝများကို ဆိုးဆိုးဝါးဝါး ထိခိုက်နေပြီဖြစ်သည်။ 

 ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်လုပ်ကိုင်နိုင်သော အရွယ်ရောက် အလုပ်သမားပေါင်း ၉ သန်းရှိသော်လည်း အလုပ်အကိုင်သစ် ၂ သန်းကျော်သာ ရှိသည်။ အလုပ်လက်မဲ့နှုန်း၊ ပညာသင်ကြားမှုမရှိသော လူငယ်လူရွယ်အရေအတွက်နှင့် အလုပ်အကိုင်ရရှိရန် ကျွမ်းကျင်မှုသင်တန်းလည်း တက်ရောက်ခြင်းမရှိသူ အရေအတွက်သည် ၆ သန်းကျော် ရှိလာသည်။ ကုန်ဈေးနှုန်းတွင် စီပီအိုင်ဟု ခေါ်သည့် Consumer Price Index (CPI) စားသုံးသူများ မဖြစ်မနေသုံးစွဲနေရသည့် စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများသည်လည်း လွန်ခဲ့သည့်နှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက ယခုနှစ် စက်တင်ဘာလအထိ ၃၂ ရာခိုင်နှုန်း မြင့်တက်သွားသည်ဟု ဆိုသည်။ သာမန်ပြည်သူများကမူ နှစ်ဆမှ သုံးဆတက်သည်ဟု ဆိုပေမည်။ အထူးသဖြင့် မဖြစ်မနေဝယ်ယူစားသုံးရသည့် အစားအစာကုန်ဈေးနှုန်းများဖြစ်သည်။ ဝက်သားတစ်ပိဿာ ကျပ် ၂၂,၀၀၀ ကျော် ဖြစ်သွားပြီဟု ပုဂ္ဂလိကမီဒီယာများတွင် ဖော်ပြသည်။ 

စစ်ကောင်စီ၏ Global New Light of Myanmar (GLNM) သတင်းစာ၌ပင် လမ်းဘေးဆိုင် မုန့်ဟင်းခါးတစ်ပွဲ ကျပ် ၁၀၀၀ မှ ၁၂၀၀၀ ၊ ဆိုင်ကြီးများတွင် အကြော်နှင့် စားမည်ဆိုပါက ကျပ် ၁၈၀၀ အထိ ဖြစ်နေပြီဟု ရေးသားသည်။ ကုန်ဈေးနှုန်းမြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းများတွင် ဓာတ်ဆီဒီဇယ်ဈေး အဆမတန်မြင့်တက်လာခြင်းနှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က တွက်ချက်ပြထားသည်။ ယခုနှစ်အတွင်း ရေနံဈေးနှုန်း ပြန်လည်ကျဆင်းလာ၍ ကုန်ဈေးနှုန်းမြင့်တက်မှု သက်သာသွားမည်ဟု ဆိုသော်လည်း မြန်မာငွေတန်ဖိုးမှာ ဆက်လက်ကျဆင်းနေမည့်သဘောရှိသည်။ 

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း မြန်မာကျပ်ငွေတန်ဖိုးမှာ ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။ အာဏာမသိမ်းမီက တစ်ဒေါ်လာလျှင် ကျပ် ၁၃၅၀ ရှိခဲ့ရာမှ ယခုနှစ် မေလ၌ ၂၈၅၉ ကျပ်သို့ ရောက်ရှိလာသည်။ သို့သော် ကမ္ဘာ့ဘဏ်အစီရင်ခံစာ မထွက်မီ ရက်ပိုင်းအလိုမှာပင် မြန်မာကျပ်ငွေတန်ဖိုးမှာ တစ်ဒေါ်လာ ကျပ် ၃၀၀၀ ကျော်အထိ ရောက်ရှိသွားသည်။ မြန်မာငွေတန်ဖိုး ကျဆင်းရခြင်းမှာလည်း အဆန်းတော့မဟုတ်ပေ။ စစ်အာဏာသိမ်းပြီးနောက် နှစ်စဉ် ဒေါ်လာသန်းထောင်ချီ (၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် သန်း ၂၀၀၀ ခန့် ပေးအပ်ရန်) ရရှိနေသည့် နိုင်ငံတကာအကူအညီများ ရပ်ဆိုင်းခံလိုက်ရသည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်ဝင်မလာသည့်အပြင် ယခင်ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများပါ ပြန်ထွက်သွားကြသည်။ ယခုနှစ် လေးလအတွင်း (ဇန်နဝါရီမှ ဧပြီလထိ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုသည် အနည်းဆုံးဖြစ်သည်ဟု (ဒေါ်လာ ၁၈၂ သန်းသာရှိသည်) အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမှန်တကယ်ဝင်ရောက်လာခြင်း မဟုတ်ဘဲ လက်မှတ်ထိုးထားခြင်းသာဖြစ်သည့်အတွက် နိုင်ငံခြားငွေဝင်ရောက်မှု မည်မျှနည်းသွားပြီဆိုသည်ကို ခန့်မှန်းနိုင်သည်။ ပို၍ဆိုးသည်က ယခုနှစ်မှစ၍ သွင်းကုန်သည် ပို့ကုန်ထက် များလာပြီး ကုန်သွယ်မှုလိုငွေ မြင့်တက်လာသည်။ ယခုနှစ် ပထမငါးလအတွင်း ပို့ကုန် ၁၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ 

သဘာဝဓာတ်ငွေ့တင်ပို့မှု ကျဆင်းသွားသည့်နည်းတူ အထည်ချုပ်တင်ပို့မှုသည်လည်း ယခုနှစ်တွင် သိသိသာသာ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် အမြင့်ဆုံးအထည်ချုပ်ပို့ကုန် ကွန်တိန်နာအလုံးရေ ၁၈,၀၀၀ ကျော် ရှိခဲ့ရာမှ ယခုနှစ် ဧပြီလတွင် အလုံးရေ ၄၀၀၀ ကျော်ခန့်သာ ရှိတော့သည်ကို ရန်ကုန်ဆိပ်ကမ်းစာရင်းဇယားများအရ သိရသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာ၌ ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် စိုက်ပျိုးသီးနှံပို့ကုန်များလည်း ငွေတန်ဖိုးအရ ၇ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု သိရသည်။ အဓိကအားဖြင့် ဖေဖော်ဝါရီလမှစ၍ ဆန်တင်ပို့မှု ကျဆင်းသွားခြင်းကြောင့်ဖြစ်သည်။
ရန်ကုန်မြို့ရှိ နွယ်အေးဗလီရှေ့၌ အခမဲ့ပေးဝေသည့် အစားအသောက်ရရှိရေး တန်းစီစောင့်ဆိုင်းနေသူများကို ယခုနှစ် ဧပြီလဆန်းပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – EPA)

သွင်းကုန်နှင့် ပတ်သက်၍လည်း ယခုအခါ သွင်းကုန်အမျိုးအစားအားလုံးကို လိုင်စင်လျှောက်ရန် လိုအပ်လာသည့်အပြင် အခြားကန့်သတ်ချက်များစွာလည်း ရှိနေကာ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဓာတ်ဆီဒီဇယ် တင်သွင်းရန် ပိုမိုလိုအပ်လာခြင်းနှင့်အတူ အခြားမသွင်းမဖြစ် တင်သွင်းရသည့် သွင်းအားစုများ၊ စက်မှုထုတ်ကုန်များ ထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကြောင့် သွင်းကုန်ပမာဏသည် ယခုနှစ် ပထမငါးလတွင် ယခင်အတိုင်း မပြောင်းမလဲ ဆက်လက်ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ အဓိကအကြောင်းရင်းမှာ ဓာတ်ဆီဒီဇယ် ပိုမိုတင်သွင်းရသောကြောင့်ဖြစ်သည်။ 

 ကုန်သွယ်မှုလိုငွေဖြင့် အဓိကသက်ဆိုင်သည့် Current Account Deficit သည် စက်တင်ဘာလအရောက်တွင် ဂျီဒီပီ၏ ၆ ရာခိုင်နှုန်းခန့် ရောက်လာမည်ဟု ခန့်မှန်းထားသည်။ ပြည်ပလစာလွှဲငွေ (Remittances) သည် လစဉ် သန်း ၆၀ မှ ၇၀ ခန့်ရှိသည်ဟု စီးပွားရေးအသိုင်းအဝိုင်းထံမှ ကြားသိရသည်။ နှစ်စဉ်အနေဖြင့် သန်း ၇၀၀ မှ ၈၀၀ ခန့် ရှိမည်ဟု ယူဆရသည်။ သို့သော်လည်း ဂျီဒီပီ၏ ၆ ရာခိုင်နှုန်းဆိုလျှင် ထိုသန်း ၇၀၀/၈၀၀ သည် ကွာဟချက်ကို ပြည့်မီရန် မဖြစ်နိုင်။ ထိုအခါ ဒေါ်လာပိုမိုရှားပါးလာပြီး မြန်မာငွေတန်ဖိုး ပိုမိုကျဆင်းလာမည်ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခင်နှစ်အထိ အာဏာသိမ်းပြီးနောက် ကုန်သွယ်မှုပိုငွေပြခြင်းကို ဂုဏ်ယူဝင့်ကြွားလေ့ရှိသည်။ 

အမှန်တော့ ကုန်သွယ်မှုပိုငွေပြခြင်းမှာ ယခင်က တင်သွင်းနေကျ သွင်းကုန်များကို တင်သွင်းခွင့် မပြုတော့ခြင်းကြောင့်ဖြစ်သည်။ ယခင်က သွင်းကုန်အမျိုးအစားအားလုံး၏ ၃၅ ရာခိုင်နှုန်းကိုသာ သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ရာမှ ၂၀၂၂ ခုနှစ်တွင် ၈၂ ရာခိုင်နှုန်းနှင့် ယခုအခါ အမျိုးအစားအားလုံး လိုင်စင်လျှောက်ရန် လိုအပ်လာသည်။ ထိုသို့ သွင်းကုန်များကို ကန့်သတ်ချုပ်ချယ်ထားခြင်းမှာ လျော့နည်းလာသည့် အရန်နိုင်ငံခြားငွေကြောင့်ဖြစ်သည်။ စစ်လက်နက်များ ဝယ်ယူရန်အတွက်လည်း နိုင်ငံခြားငွေ မရှိမဖြစ်လိုအပ်ချက်ကြောင့်ဖြစ်သည်။ 

 သို့သော် သွင်းကုန်တင်သွင်းမှုကို ပိတ်ပင်တားမြစ်ခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်းကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုလည်း အားနည်းလာ၍ လိုင်စင်ကျရန် လာဘ်ပေးလာဘ်ယူမှုများ၊ အာဏာရှိသူနှင့် နီးစပ်သူများသာ လိုင်စင်ကျခြင်းများ ဖြစ်ပေါ်လာသည်။​ ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။ ပြည်တွင်းထုတ်ကုန်များကို အားပေးရန်ဟု မင်းအောင်လှိုင်က လူကြားကောင်းအောင် ပြောနေသော်လည်း တကယ်တမ်း၌မူ နိုင်ငံတကာအလှူရှင်များ၏ အကူအညီများ ရပ်တန့်သွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မရှိသလောက် နည်းပါးသွားခြင်းတို့ကြောင့် သီရိလင်္ကာနိုင်ငံကဲ့သို့ မဖြစ်စေရေး အတင်းထိန်းချုပ်ထားရခြင်း ဖြစ်သည်။ အဆုံးတွင် စားသုံးသူများသာ ထိခိုက်ရသည်။ ယခင်ကလည်း ရုမ်းစတားဂျစ်မျိုးကို နဝတလက်ထက်က အတင်းအကျပ် ထုတ်လုပ်စေပြီး ပြည်သူလူထုကို ရောင်းချခဲ့သဖြင့် အရည်အသွေးညံ့ဖျင်းသည့်ကား စီးခဲ့ရခြင်းဖြစ်သည်။ သွင်းကုန်ကိုသာမက ပို့ကုန်ကိုပါ ထိန်းချုပ်ခြင်း၊ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ် ၂၁၀၀ ဖြင့် အတင်းအကျပ် လဲလှယ်စေခြင်းကြောင့် ယခုအခါ ပို့ကုန်များပါ ကျဆင်းလာရခြင်းဖြစ်သည်။ 

ကမ္ဘာ့ဈေးကွက်၊ အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်များတွင်လည်း ဝယ်လိုအားကျဆင်းလာချိန်၌ မင်းအောင်လှိုင်တစ်ယောက် ကုန်သွယ်မှုပိုငွေပြအောင် မလုပ်နိုင်တော့ဘဲ ကုန်သွယ်မှုလိုငွေပြနေပြီး သီရိလင်္ကာကဲ့သို့ မဖြစ်အောင် မနည်းကြိုးပမ်းရတော့မည်ဖြစ်သည်။ မဖြစ်မနေလိုအပ်သည့် ဆေးဝါးပစ္စည်းသွင်းကုန်များပင် ရှားပါးလာပြီဖြစ်သည်။ နိုင်ငံခြားမှ တင်သွင်းရသည့် လူသုံးကုန်ပစ္စည်းများ ရှားပါးလာပြီး ကုန်တိုက်ကြီးများပေါ်မှ လက်လီအရောင်းဆိုင်များလည်း ပစ္စည်းမတင်သွင်းနိုင်တော့သဖြင့် ပိတ်သိမ်းနေကြရသည်။ 

 ပိုဆိုးသည်မှာ ဘတ်ဂျက်လိုငွေပြမှုကလည်း ယခုဘဏ္ဍာနှစ်တွင် လျော့ကျလာမည်ဆိုသော်လည်း ဂျီဒီပီ၏ ၅ ဒသမ ၄ ရာခိုင်နှုန်းရှိမည်ဖြစ်ကာ ယခင်နှစ် ဘတ်ဂျက်လိုငွေကိုလည်း ဗဟိုဘဏ်မှ ငွေစက္ကူရိုက်ထုတ် ဖြည့်ဆည်းပေးခဲ့ရသဖြင့် ငွေကြေးဖောင်းပွမှု များလာသလို၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေရန်လည်း ဖိအားဖြစ်စေခဲ့သည်။ မြန်မာကျပ်ငွေသည် လက်ရှိအချိန်မှာပင်လျှင် တစ်ဒေါ်လာ ကျပ် ၃၂၀၀ ခန့် ဖြစ်နေသဖြင့် ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည့် တစ်ဒေါ်လာ ကျပ် ၂၈၅၀ ဖြင့် နှိုင်းယှဉ်လျှင် များစွာကွာဟသွားပြီဖြစ်ကာ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။​ တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်ပါက လုပ်ငန်းအများအပြား ရပ်ဆိုင်းသွားနိုင်သည်။ မကြာသေးမီက လယ်ယာစိုက်ပျိုးရေးသမားများနှင့် အငယ်စားအသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ မှီခိုအားထားရသည့် Pact Global Microfinance Fund (PGMF-Myanmar) အသေးစားငွေချေးလုပ်ငန်းသည် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ကြေညာထားသည်။ 

ဝန်ထမ်းပေါင်း ၄၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ကာ ယင်းကို မှီခိုနေသည့် လုပ်ငန်းပေါင်း ထောင်သောင်းချီ ထိခိုက်တော့မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေတန်ဖိုးကျဆင်းမှု အကြောင်းနှစ်ခုက မြန်မာ့စီးပွားရေးကို ဇောက်ထိုးကျဆင်းသွားစေနိုင်သည်။ ပြည်သူများ၏ ဒုက္ခဆင်းရဲမှုအခြေအနေကို တိုင်းတာရာ၌ Misery Index ဟု ခေါ်ဝေါ်သည့် အလုပ်လက်မဲ့နှုန်းနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု (Unemployment and Inflation) ကို အဓိကညွှန်းကိန်းအဖြစ် အသုံးပြုသည်။ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာနှင့် လက်ရှိအခြေအနေများအရ မြန်မာပြည်သူအများစု၏ ဒုက္ခဆင်းရဲ (Misery) ကို ခံစားကြည့်နိုင်မည်ဖြစ်သည်။ 

 Source by : MYANMAR NOW

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form