ရမ်ဘိုဇာတ်လမ်းအခွေနဲ့ ပတ်သက်လို့ NLD လူငယ် ၂ ဦး ဖမ်းခံရ

နယူးဒေလီ။ ။ ရမ်ဘိုဇာတ်လမ်းအခွေ လက်ဝယ်တွေ့ရှိမှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်နှစ်ဦးကို ပြီးခဲ့သည့် စနေနေ့က အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

နအဖ စစ်တပ်က တိုင်းရင်းသားဒေသများတွင် ထင်သလို သောင်းကျန်းသတ်ဖြတ် ရက်စက်နေမှုများကို ထင်ဟပ်စေရန် ရိုက်ကူးထားသော ဟောလိဝုဒ်မင်းသားကြီး စတားလုံး၏ ရမ်ဘိုဇာတ်လမ်းအခွေ လက်ဝယ် တွေ့ရှိသည်ဟု စွပ်စွဲကာ NLD လူငယ်နှစ်ဦးကို ယခုလ ၆ ရက်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်ရှိ NLD သတင်းရပ်ကွက် အဆိုအရ သိရသည်။

“စနေနေ့က လှိုင်မြို့နယ်မှာ အန်အယ်ဒီ လူငယ်နှစ်ယောက်၊ ကိုထွန်းထွန်းနဲ့ ကိုသန့်ဇင်ကို ည ၈ နာရီလောက်မှာ လာဖမ်းသွားတယ်တဲ့။ ကိစ္စကတော့ ကျနော်တို့ကြားတဲ့ သတင်းက ရမ်ဘိုကားနဲ့ ပတ်သက်တယ် ဆိုတာလောက်ပဲ ကြားရတယ်” ဟု အဖွဲ့ချုပ်ဝင်တဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးကို ည ၈ နာရီခန့်က သူတို့နေအိမ်များမှ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ယခုအချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း မသိရသေးဟု သူက ဆက်ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ပိုမိုသိရှိရန်အတွက် မိသားစုဝင်များထံ ဆက်သွယ်ရာတွင် အဆင်မပြေသေးပါ။

ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ် ဧပြီလကုန်ပိုင်းကလည်း နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး သန္တာရွှေ၏ မင်္ဂလာဆောင်ပွဲ ခမ်းနားကြီးကျယ်ပုံနှင့် မြန်မာလူထု၏ ချွတ်ချုံကျ ဆင်းရဲငတ်မွတ်သည့် ဘဝအခြေအနေကို ယှဉ်တွဲဖော်ပြထားသည့် စိန်စီသောည ဗီဒီယိုခွေ လက်ဝယ်ထားရှိမှုဖြင့် ညောင်တုန်းမြို့ခံ ကိုတင်ဌေးနှင့် ကိုသန်းထွန်းတို့ကို အာဏာပိုင်များက ထောင်ဒဏ် ၄ နှစ်ခွဲ အပြစ်ပေးခဲ့သေးသည်။

စစ်အစိုးရအာဏာပိုင်များ လုံးဝ နှစ်သက်မည်မဟုတ်သော ရမ်ဘိုဇာတ်လမ်း ဗီစီဒီအခွေ ဖြန့်ဝေသည့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံးဝင် လူငယ် ၄ ဦးကို အာဏာပိုင်များက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထားသည်ဟု နိုင်ငံရေးလှုပ်ရှားသူ လူငယ်အသိုင်းအဝိုင်းမှတဆင့် ကြားသိရသည်။

“ကျနော် ကြားတာ Generation Wave က ၄ ယောက်တောင် ပါတယ်တဲ့။ စီဒီဝေတဲ့ကိစ္စနဲ့ ပါသွားတာ။ စီဒီ ဝေနေတုန်းတော့ မဟုတ်ဘူးပေါ့။ နောက်မှ အချိတ်အဆက်တွေနဲ့ ပါသွားတာတဲ့” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုစိုးထွန်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ပြည်တွင်းတွင် လူထုလှုပ်ရှားမှုကို ဖော်ဆောင်ရန် ကြိုးပမ်းနေကြသူများ ယခုရက်ပိုင်းအတွင်း အနေကျပ်နေရကြောင်း၊ ဆက်သွယ်ရေးဆိုင်ရာများတွင်လည်း အထူးသတိထား နေရကြောင်း ပြောသည်။

“ကျနော်တို့ လူတွေကတော့ တော်တော်ကျပ်နေကြတယ်။ တယောက် အဖမ်းခံရပြီ ကြားတာနဲ့ ကျန်တဲ့လူတွေကို နေရာတွေ ရွှေ့ခိုင်းနေရတယ်။ ဖုန်းတွေကနေလည်း လိုက်လို့ရတယ်ဆိုတော့ ဖုန်းကိုတောင် ကြာကြာ မပြောရဲတော့ဘူး” ဟု ကိုစိုးထွန်းက ပြောသည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားနေသူများ အသုံးပြုနေသော လက်ကိုင်ဖုန်း၊ လိုင်းဖုန်းတို့ကို အမေရိက၊ နော်ဝေး၊ ထိုင်း စသည့် နိုင်ငံခြားမှ အဝင်ခေါ်ဆိုမှုရှိပါက ကြားဖြတ်နားထောင်ခြင်း၊ ဖုန်းနံပါတ်ကို မှတ်ထားကာ လိုက်လံစုံစမ်းပြီး မသင်္ကာသူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်ဟု သူက ဆက်ပြောသည်။

မောင်ဒီး မဇ္ဈိမသတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form