ချင်းမိုင်။ ။ မြန်မာပြည် နိုင်ငံရေးပြဿနာ ဖြေရှင်းရေးတွင် ကြားဝင်ဆောင်ရွက်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးတာဝန် လွှဲအပ်ခံထားရသော မစ္စတာအီဗရာဟင် ဂမ်ဘာရီသည် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံနေကြောင်း ရန်ကုန်မှ ဝင်ရောက်လာသော သတင်းများအရ သိရသည်။ပြီးခဲ့သည့် ကြာသာပတေးနေ့ကတည်းက မြန်မာပြည်ရောက်ရှိနေသော ကုလသမဂ္ဂ သံတမန်သည် စနေနေနေ့ကလည်း ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။
ယနေ့ညနေပိုင်းတွင် ခရီးစဉ်ကိုအဆုံးသတ်ဖွယ်ရှိသော မစ္စတာဂမ်ဘာရီသည် ယနေ့တွင်ရန်ကုန်ရှိ ကုလသမဂ္ဂ အေဂျင်စီများမှ သံတမန်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂသတင်း ပြန်ကြားရေးဌာနမှ မဇ္ဈိမသို့ ပြောသည်။
ကုလသမဂ္ဂသံတမန်သည် ယမန်နေ့က အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေးဝန်ကြီး ဦးစိုးသာ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာကျော်မြင့်၊ ပြည်သူ့ဝန်ဆောင်မှုအဖွဲ့မှ ဒေါက်တာသန်းညွန့်၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူတို့နှင့် တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေးဌာန၏ သတင်းအရ သိရသည်။
မစ္စတာဂမ်ဘာရီသည် ယခုခရီးစဉ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာခရီးစဉ်ကဲ့သို့ပင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ခွင့်မရဘဲ နောက်ကြောင်း ပြန်ရမည်ဟု မျှော်လင့်ရသည်။
စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးနှင် ပြီးခဲ့သည့်သောကြာနေ့က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် တွေ့ဆုံစဉ်တွင်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်အားလုံးကို စစ်အစိုးရဘက်က ပယ်ချခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ မစ္စတာဘမ်ကီမွန်းထံမှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နေ့စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သော စာတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်တဦးကို ရန်ကုန်တွင် ရုံးဖွင့်ခွင့်ပေးရေး၊ အခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်တွင် သဘောထားအားလုံး ပါဝင်ရေးအတွက် အစီအစဉ်ချမှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရတို့အကြားတွင် အချိန်ကန့်သတ်ချက်ရှိသော ဆွေးနွေးပွဲတရပ် ဖြစ်ပေါ်ရေးအတွက် တောင်းဆိုထားသည်။
၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရေး၊ ကုလသမဂ္ဂ အကူအညီနှင့် စီးပွားရေး၊ လူမှုရေးကိစ္စများ ဖြေရှင်းရန် အမျိုးသားစီးပွားရေး ဖိုရမ်တရပ်ထူထောင်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်သည့် ယန္တယားများ ထူထောင်ရေးတို့လည်း ပါဝင်သည်။
စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ကျော်ဆန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ တောင်းဆိုချက်အားလုံးကို အစဉ်လိုက် ပယ်ချလိုက်ပြီး တဆက်တည်းတွင် မစ္စတာဂမ်ဘာရီ၏ ယခင်က လုပ်ဆောင်ချက်များသည် တိုင်းရင်းသား စည်းလုံညီညွတ်ရေးနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်သည်ဟု ဝေဖန်ခဲ့သည်။
"ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အဆွေတော်ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကြောင့် ကျနော်တို့နိုင်ငံအတွင်းမှာ နှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေပြီး မလိုလားအပ်တဲ့ အနှောင့်အယှက် အခက်အခဲတွေ၊ တိုင်းရင်းသားအကြား စိတ်အနှောင့်အယှက် ဖြစ်စရာ ရူပ်ထွေးမှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်" ဟု ဗိုလ်မှုးချုပ်ကျော်ဆန်းက ပြောသည်။
၎င်းအပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန် မဖြစ်နိုင်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လုံလောက်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ကိုယ်စားလှယ်သည် သောကြာနေ့၊ ညနေပိုင်းတွင် ဦးသောင်းညွန့်ဦးဆောင်သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်တရှင် အဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင် ဆန္ဒခံယူပွဲအတွင်း နိုင်ငံတကာလေ့လာ စောင့်ကြည့်ရေးအဖွဲ့ကို ဖိတ်ခေါ်ရန် အဆိုပြုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မစ္စတာဂမ်ဘာရီက "ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲတို့နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ အကူအညီများ လိုအပ်ပါက ကုလသမဂ္ဂမှ ကူညီရန် အသင့်ရှိကြောင်း" ပြောကြားချက်ကို ဦးသောင်းညွန့်က "အကူအညီ ပေးအပ်လိုသည်ကို မှတ်သားထားကြောင်းနှင့် မိမိတို့တွင် လုံလောက်သည့် အတွေ့အကြုံများရှိကြောင်း" ဖြေကြားခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ယခင် ခရီးစဉ်များအတွင်းက တွေ့ခွင့်မရခဲ့သူများနှင့် တွေ့ဆုံလိုသော ကုလသမဂ္ဂကိုယ်စားလှယ်သည် စနေနေ့ နံနက်ပိုင်းက ဦးအောင်ခမ်းထီခေါင်းဆောင်သော ပအိုဝ်းအဖွဲ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်မောင်ကြီး ခေါင်းဆောင်သောအဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးတွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းဦးဆောင်သောအဖွဲ့တို့နှင့် တွေ့ဆုံခွင့် ရခဲ့သည်။
၎င်းသည် တနေ့တည်းတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် သီးခြားစီ တွေ့ဆုံခဲ့သော်လည်း မည်သည့် အကြောင်းအရာများ ဆွေးနွေးကြသည်ကို မသိရသေးပါ။
ယခင်ကလည်း မြန်မာပြည်သို့ (၄) ကြိမ်လာရောက်ခဲ့သူ ကုလသမဂ္ဂသံတမန်သည် ယခုခရီးစဉ်အတွင်း တွေ့ရှိချက်များကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ တင်ပြသွားမည် ဖြစ်သည်။
နေသွင် မဇ္ဈိမသတင်းဌာန
Tags
သတင်း