ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးအကြံပေးဖြစ်သူ မစ္စတာဂမ်ဘာရီ၏ ၄ ရက်ကြာ မြန်မာပြည်ခရီးစဉ်သည် ယနေ့ အဆုံးသတ်သွားပြီဖြစ်သည်။
ယခုလ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာသော မစ္စတာဂမ်ဘာရီသည် ခရီးစဉ်အဆုံးမသတ်ခင် ရန်ကုန်ရှိ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂ ဒေသန္တရ ရုံးအဖွဲ့ဝင်များ၊ နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ဦးဆောင်သော ပြန်ကြားရေး အာဏာပိုင်အဖွဲ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံးမှ သတင်းထုတ်ပြန်သည်။
ယခုခရီးစဉ်၏ ရလဒ်ကို ရှင်းလင်းစွာ မသိရသော်လည်း မစ္စတာဂမ်ဘာရီသည် နောက်ဆုံးပြန်သွားချိန်အထိ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့် မရခဲ့ပါ။
သူသည် ခရီးစဉ်အတွင်း စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ လူထုဆန္ဒခံယူပွဲ ကျင်းပရေးကော်မတီ စသော အစိုးရအဖွဲ့များ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဦးအောင်ခမ်းထီ ဦးဆောင်သော ပအို့ဝ်ငြိမ်းအဖွဲ့တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့တို့နှင့်လည်း သီးခြားစီ တွေ့ဆုံခွင့်ရခဲ့သော်လည်း ၁၉၉ဝ ရွှေးကောက်ပွဲတွင် အနိုင်ရထားသော တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့်မူ တွေ့ဆုံခြင်း မရှိခဲ့ပါ။
မစ္စတာဂမ်ဘာရီသည် သူ၏ နိုဝင်ဘာခရီးစဉ်အတွင်းက မြန်မာပြည်မှအပြန်၊ စင်ကာပူတွင် ခရီးတထောက် ရပ်နားစဉ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကြေညာချက်တစောင်ကို လူသိရှင်ကြား ထုတ်ပြန်နိုင်ခဲ့သည်။
စစ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ကျော်ဆန်းက မစ္စတာဂမ်ဘာရီ၏ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂ သံတမန်တဦး၏ လုပ်ဆောင်ရမည့်ဘောင်ကို ကျော်လွန်သည်ဟု ယခုခရီးစဉ်အတွင်း ဝေဖန်အပြစ်တင်ခဲ့သည်။
မစ္စတာဂမ်ဘာရီသည် ယခုခရီးစဉ်မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်အား ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပိတ်ပင်ထားသည့်ကိစ္စကို အဓိကထားဆွေးနွေးမည်ဟု ဆိုခဲ့သော်လည်း ကုလသမဂ္ဂ၏ အဆိုပြုချက်ဖြစ်သော ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် ဆန္ဒခံယူပွဲတွင် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များ ထားရှိရေးတို့ကို ပြည်တွင်းရေးကိစ္စဟုဆိုကာ နအဖဘက်က ပယ်ချခဲ့သည်။
နေသွင် မဇ္ဈိမသတင်းဌာန

Tags
သတင်း