စစ်အစိုးရ၏ ပထမပြန်စာမေးပွဲကို သံဃာတော်အများအပြား သပိတ်မှောက်

NEJ/ ၂၅ မတ် ၂၀၀၈

ယမန်နေ့ကစတင်၍ နအဖစစ်အစိုးရက ကြီးမှူးကျင်းပနေသည့် ပါဋ္ဌိပထမပြန်စာမေးပွဲကို သံဃာတော်အများအပြားက ၀င်ရောက်ဖြေဆိုခြင်းမပြုဘဲ သပိတ်မှောက်ထားသည့်အတွက် စာဖြေသံဃာအရေအတွက် သိသိသာသာ လျော့နည်းကျဆင်းသွားသည်ဟု သံဃာတော်များ
က မိန့်ကြားသည်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ သံဃာတော်တပါးက “ခါတိုင်းနှစ်တွေက စာဖြေသံဃာ (၁) ထောင်ကျော်လောက်ဖြေတာ ဒီနေ့ (၂၀၀) ကျော်လောက်ပဲဖြေတယ်။ (၃) ပုံ (၁) ပုံလောက်ပဲ ကျန်တယ်။ ရာခိုင်နှုန်းနဲ့ ပြောရင်တော့ (၂၀) ရာခိုင်နှုန်းကျော်ကျော်လောက်ပဲ ကျန်တယ်။ အကြောင်းအမျိုးမျိုးပေါ့၊ သပိတ်မှောက်တဲ့ အနေနဲ့လည်းပါတယ်။ နယ်ပြန်သွားပြီးတော့ စာမလုပ်ဖြစ်တဲ့အခါကျတော့ စာမေးပွဲဖြေတဲ့အချိန်မှာ အဆင်သင့်မဖြစ်လို့ ၀င်မဖြေတာလည်း ပါတယ်” ဟု မိန့်ကြားသည်။

မန္တလေးရှိ မဟာဂန္ဓာရုံ၊ မြတောင်နှင့် အခြားစာသင်တိုက်တို့တွင်လည်း စာဖြေသံဃာအရေ အတွက် အနည်းငယ်သာရှိကြောင်းနှင့် သွေးစွန်းသည့်လက်များဖြင့်ကျင်းပသည့် စာမေးပွဲကို မဖြေဆိုရန် လှုံ့ဆော်စာများကို စာသင်တိုက်များရှိ ကြော်ငြာသင်ပုန်းနှင့် ကုဋီများတွင်ကပ်ထား ကြောင်း အဆိုပါသံဃာက မိန့်ကြားသည်။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအစပြုခဲ့သည့် ပခုက္ကူမြို့၌လည်း စာဖြေသံဃာ ထောင် နှင့်ချီ ဖြေကြားလေ့ရှိသည့် စာသင်တိုက်ကြီးများတွင် စာဖြေသူအရေအတွက် (၃၀) ခန့်သာရှိ
သည်ဟု မဟာဗောဓိမဏ္ဍိုင် ကျောင်းတိုက်မှ သံဃာတော်တပါးက မိန့်ကြားသည်။

၎င်းက “ဦးဇင်းတို့ကျောင်းက တပါးမှမဖြေဘူး။ အရင်နှစ်တွေက ပခုက္ကူစာဖြေဌာနအကုန်လုံး ဆိုရင် ထောင်ဂဏန်းပေါ့၊ မနေ့က အားလုံးဖြေတာ အငယ်၊ အလတ်၊ အကြီးမှ (၃၀) ကျော်ပဲ ရှိတယ်။ ဖောင်တင်တာ (၁၆၀) ကျော် တင်တယ်ကြားတယ်။ ဖောင်တင်တဲ့အတိုင်း မဖြေကြ လို့ပေါ့။ ကိုယ့်ရဲ့အယူအဆနဲ့ ကိုယ့်ရဲ့ခံယူချက်အတိုင်းပေါ့။ သပိတ်မှောက်ကံကြောင့် မဖြေလို ဘူးဆိုပြီး မဖြေတဲ့လူလည်းရှိတယ်။ ဖြေတဲ့လူကလည်း သူတို့ခံယူချက်နဲ့သူတို့ ဖြေတာဆိုတော့ အပြစ်ယူစရာမရှိပါဘူး” ဟု မိန့်ကြားသည်။

အလားတူ ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ်ရှိ မြသိန်းတန်ကျောင်းနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပုသိမ်တိုက်တို့တွင်လည်း စာဖြေသံဃာအရေအတွက် အနည်းငယ်သာရှိကြောင်းနှင့် ဧရာဝတီ တိုင်း ဟင်္သာတမြို့၌မှု စာမေးပွဲဝင်ရောက်ဖြေဆိုသည့် သံဃာ ပုံမှန်အတိုင်းရှိကြောင်း မြို့ခံ သံဃာတော်တို့က မိန့်ကြားသည်။

ပထမပြန်စာမေးပွဲများကို မြန်မာနိုင်ငံအနှံ့ရှိ စာသင်တိုက်များ၌ စစ်အစိုးရက ကျင်းပပေးနေပြီး ပထမကြီး၊ ပထမလတ်နှင့် ပထမငယ် စာမေးပွဲအမျိုးအစားကိုလိုက်၍ (၅) ရက်မှ (၇) ရက်ကြာ သည်အထိ ကျင်းပသွားမည်ဟု သိရသည်။

ပခုက္ကူမြို့၌ ဆန္ဒပြသည့် သံဃာတော်များအား အာဏာပိုင်တို့က ရိုက်နှက်ဖမ်းဆီးခဲ့မှုကို စစ် အစိုးရက ကျေနပ်အောင် တောင်းပန်ခြင်းမရှိသဖြင့် သံဃာတော်များက ယမန်နှစ်စက်တင်ဘာ လကတည်းက ပတ္တနိက္ကုဇ္ဇနကံဆောင်သည့်အနေဖြင့် အာဏာပိုင်များ၏ အလှူကိုလက်မခံခြင်း၊ သာရေး၊ နာရေးကိစ္စများ၌ မဆက်ဆံဘဲထားခြင်းတို့ ပြုလုပ်ထားပြီး ယနေ့တိုင် သပိတ်လှန်ခြင်း မရှိသေးချေ။

သံဃာတော်များကို ဖမ်းဆီးချုပ်နှောင် သတ်ဖြတ် ထောင်ချခြင်း၊ အကြည်ညိုပျက်အောင်လုပ်ကြံ စွပ်စွဲခြင်းတို့ကြောင့် နအဖစစ်အစိုးရ၏ ဓမ္မာစရိယနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲကို သပိတ်မှောက်ကြ ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့က ကြေညာထားသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form