အောင်သက်ဝိုင်း ဧရာဝတီသတင်းဌာန
စစ်အစိုးရက ဂြိုဟ်တုစလောင်း လိုင်စင်ကြေးများကို ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ယူမည်ဟူသော သတင်း ထုတ်ပြန်ထားသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဖော်အဲဗား ဂရု(ပ်) (Forever Group) ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းထားသည့် ဖန်မလီ အင်တာတိန်းမင့်(Family Entertainment)မှ ဂြိုဟ်တုရုပ်သံ ဖမ်းစက် များကို ဝယ်ယူလျင် အခွန်ဆောင်စရာမလိုကြောင်း ယင်းကုမ္ပဏီဝန်ထမ်းများနှင့် ဝယ်ယူတပ်ဆင်သူများက ပြောသည်။
ယခုနှစ် ဇန်နဝါရီလ မှစတင်၍ ဂြိုဟ်တုစလောင်း လိုင်စင်ကြေးများကို ကျပ် ၆၀၀၀ မှ ကျပ် ၁၀ သိန်းအထိ တိုးမြှင့် ကောက်ယူသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဇန်နဝါရီလဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်း တရားဝင်ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာ သတင်းရုပ်သံလိုင်းများ ကြည့်ရှုနိုင်သော ရှစ်ပေ စလောင်းတပ်ဆင်ထားသူများက ၎င်းတို့စလောင်းများကိုဖြုတ်ချခဲ့ပြီး စလောင်းအရောင်းဆိုင်များလည်း အရောင်း အဝယ် ရပ်ဆိုင်းခဲ့သည်။
သို့သော် မည်သည့်နေ့တွင် စတင်အကောင်အထည်ဖော်မည်ဟူသော ကိစ္စအား စုံစမ်းမေးမြန်းရာတွင် တာဝန်ရှိ သူများက တိကျသေချာစွာ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း သိရသည်။
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် နေသူတဦးက“မတ်လ ၂၀ ရက်နေ့က စလောင်းလိုင်စင် လက်ခံတဲ့ မြို့နယ် စာတိုက် ဦးစီးမှူးကို အခွန်ဘယ်တော့ ဆောင်ရမလဲ၊ ဘယ်လောက်ဆောင်ရမလဲဆိုပြီး သွားမေးတယ်၊ မသိပါဘူး၊ ညွှန်ကြားချက် မလာသေးပါဘူးက လွဲလို့ ဘာမှမပြောဘူး”ဟု ဆိုသည်။
ယင်းသို့ စလောင်းလိုင်စင်ကြေးများ အဆမတန်ပေးဆောင်ရမည်ဟူသော သတင်းကြောင့် ရန်ကုန်နှင့် မန္တလေး မြို့များရှိ စလောင်း အရောင်းဆိုင်များ အရောင်းအဝယ်ရပ်ဆိုင်းသွားသော်လည်း ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တု ရုပ်သံဖမ်း စက်များ တရက်လျှင် ၅၀ နှင့် ၁၀၀ အကြားရောင်းချနေရသည်ဟု ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဝါးတန်းလမ်းရှိ အဆိုပါ ကုမ္ပဏီ အရောင်းဆိုင်မှ အရောင်းဝန်ထမ်း အမျိုးသမီး တဦးက ပြောပြသည်။
၎င်း ဝါးတန်းလမ်းရှိဆိုင်သည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဖော်အဲဘားဂရု(ပ်) ကုမ္ပဏီတို့၏ ဖန်မလီ အင်တာ တိန်းမင့် ဂြိုဟ်တု ရုပ်သံဖမ်းစက်များ ရောင်းချသည့်ဆိုင်ဖြစ်သည်။
စလောင်းအခွန်တိုးမြှင့်မည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာ စာတန်းထိုး အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားများ၊ ကာတွန်းကားများ၊ ပရီးမီးယားလိဂ် ဘောလုံးပွဲများအပါအ၀င် ကမ္ဘာ့ဖလားဘောလုံး ပွဲများကို တိုက်ရိုက်ဖမ်းယူနိုင်သော ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တုရုပ်သံဖမ်းစက်များ ၀ယ်ယူမှုအထူးမြင့်တက် လာကြောင်း ဖော်အဲဘားဂရု(ပ်) ကုမ္ပဏီ၏ ဈေးကွက်တာဝန်ခံ တဦးက ရှင်းပြသည်။
“ဒီ ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တုရုပ်သံဖမ်းစက်တွေက အစိုးရက တရားဝင်ရောင်းတာဆိုတော့ အခွန် ဆယ်သိန်း ဆိုလည်း ဆောင်စရာမလိုဘူး၊ ကိုယ်ကြည့်တဲ့ ရုပ်သံလိုင်းအနည်းအများပေါ် မူတည်ပြီး လစဉ်ကြေး သွင်းသွားရုံပါပဲ” ဟု အထက်ပါ ဈေးကွက်တာဝန်ခံက ပြောသည်။
ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တုရုပ်သံဖမ်းစက်ဖြင့် CNN/ STAR MOVIE/ STAR WORLD / DISCOVERY/ NATIONAL GEOGRAPHIC/ ADVENTUR ONE / MTV/ EURO SPORT/ CHANNEL [V]/ ANIMAL PLANET/ CARTOON NETWORK/ DISCOVERY TRAVEL & LIVING / 5 MOVIE/ 5 CARTOONS / STAR SPORT/ ESPN/ 5 SERIES/ CCTV စသည့်နိုင်ငံတကာ ရုပ်သံ ၁၉လိုင်းနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီက စမ်းသပ်ထုတ်လွှင့် နေသော ရုပ်သံလိုင်းအများအပြားကို ဖမ်းယူနိုင်ကြောင်း သိရသည်။
“အဲဒီ ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တုရုပ်သံဖမ်းစက်ရယ်၊ ESPN/ STAR SPORTS/ 5SERIES/ 5 MOVIES/ 5 CARTOON ရုပ်သံ ငါးလိုင်းဖမ်းတဲ့ ကတ်ရယ် ဆိုရင် ငွေ ကျပ်၂၇၇၀၀၀ ကုန်မှာပါ၊ အဲဒါ တနှစ်စာ အခွန်ပါ အပြီးပေါ့”ဟု ဝါးတန်းလမ်းဆိုင်ရှိ အရောင်းသမ တဦးက ရှင်းပြသည်။
ထို့အပြင် CNN / MTV နှင့် တခြားနိုင်ငံတကာရုပ်သံ လိုင်းများထပ်မံကြည့်ရှုလိုပါက ရုပ်သံလိုင်းတလိုင်းလျင် တလ ကျပ် ၂၀၀၀ နှုန်းနှင့် တနှစ်စာ ငွေထပ်သွင်း၍ ကြည့်ရှုနိုင်ကြောင်း၊ အစိုးရကို မည်သည့် အခွန်ငွေမှ ထပ်မံပေးဆောင်စရာ မလိုကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ယင်း ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တုရုပ်သံဖမ်းစက်နှင့် ဖမ်းယူကြည့်ရှုနိုင်သော CNN နှင့် သတင်း ရုပ်သံ လိုင်းများ၏ သတင်းအစီအစဉ်များကို စစ်အစိုးရက ဖြတ်တောက် ဆင်ဆာလုပ်၍ ပြန်လည်ထုတ်လွှင့်ခြင်း ဖြစ် သည်ဟု ဖန်မလီ အင်တာတိန်းမင့် စလောင်းတပ်ဆင်ကြည့်ရှုနေသည့် စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
“၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာတော်တွေဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေဖြစ်တော့ စစ်အစိုးရက CNN သတင်း ရုပ်သံလိုင်းကို ပိတ်ထားတယ်၊ ဘာသတင်းလိုင်းမှလည်း ကြည့်လို့မရတော့ဘူး”ဟု ၎င်းက ဆိုသည်။
သို့သော် ထို ဖန်မလီ အင်တာတိန်းမင့် စလောင်းကို ငွေကြေး တတ်နိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များ က အပန်းဖြေ ဖျော်ဖြေရေးအတွက် ၀ယ်ယူကြည့်ရှုကြကြောင်းနှင့် လောင်းကစား ဒိုင်များကလည်း ဘောလုံးပွဲပြသ ရန် ၀ယ်ယူတပ်ဆင်ကြကြောင်း သိရသည်။
ဖန်မလီ အင်တာတိန်းမင့် စလောင်းတပ်ဆင်ထားသော ရန်ကင်းမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် တဦးက လည်း “သတင်းလိုင်းတွေကြည့်လို့မရပေမယ့် ဖျော်ဖြေရေးအတွက်ဆိုရင်တော့ ကြည့်ပျော်ပါတယ်၊ အိမ်နီးချင်း ထိုင်း နဲ့ တရုတ်နိုင်ငံက ၀င်တဲ့ ရှစ်ပေ စလောင်းတွေ ၀ယ်တတ်ရင်တော့ တနှစ် ဆယ်သိန်း အခွန် ဆောင်ရမှာ ဆိုတော့ များလွန်းတယ်၊ အခု ရုပ်သံဖမ်းစက်ဆိုရင်အခွန်ဆောင်စရာမလိုဘဲ တနှစ်မှ သုံးသိန်းကျော်လောက် ပဲပေးရတယ်၊ ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာန က တရားဝင်ရောင်းထားတဲ့ ပစ္စည်းဆိုတော့ အခွန်မဆောင်လို့ ပြဿနာရှာမှာတို့ ထောင်ချမှာတို့ မပူရတော့ဘူးပေါ့”ဟု ပြောပြသည်။
ရန်ကုန်မြို့ရှိ ရှစ်ပေစလောင်းတပ်ဆင် ကြည့်ရှုသူအများစုသည် တရားဝင်လိုင်စင်မရှိဘဲ တပ်ဆင်ကြည့်ရှု နေခြင်း ဖြစ်ကြောင်း၊ အခွန်ဆောင်သူ နှစ်သောင်းနီးပါးသာရှိပြီး လိုင်စင်မရှိသူ သိန်းဂဏန်းခန့်ရှိကြောင်း ရန်ကုန် စာတိုက် ကြီးမှ ဆက်သွယ်ရေး အရာရှိတဦးက ပြောသည်။
အခွန် ဆယ်သိန်း သတင်းထွက်ပေါ်လာချိန်က တချို့မှာ ရှစ်ပေစလောင်းများကို ဖြုတ်ထားကြသော်လည်း ယခုအခါပြန်လည်တပ်ဆင်၍ ကြည့်ရှုနေကြသည်ဟု ရန်ကုန်မြို့ခံများ က ပြောသည်။
“အားလုံးတော့ မဟုတ်ဘူး၊ လူ ၁၀ ယောက်မှာ ၇ ယောက်လောက်က စလောင်း ပြန်တပ်ကြတယ်” ဟု ရန်ကုန်ရှိ စလောင်းအရောင်းဆိုင် အလုပ်သမားတဦးက ဆိုသည်။
စစ်အစိုးရ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ဂြိုဟ်တုစလောင်းများ၏ အခွန်ကြေးအား ကျပ် ဆယ်သိန်းအထိ တိုးမြှင့်မည်ဟု ယခုနှစ် ဇန်န၀ါရီလတွင် သတင်းထုတ်ပြန်ခဲ့ခြင်းမှာ၂၀၀၇ခုနှစ် စက်တင်ဘာလ သံဃာတော်များဦးဆောင်သော ဆန္ဒပြပွဲများကို ရှစ်ပေ ဂြိုဟ်တုစလောင်းများဖြင့်ဖမ်းယူကြည့်ရှုခြင်းအား စစ်အစိုး ရ၏ မနှစ်သက်မှု အဓိကပါဝင်ကြောင်း၊ ထို့အပြင် ဖန်မလီ အင်တာတိန်းမင့် စလောင်းများရောင်းချအမြတ်ထုတ် လို၍ ပြန်ကြားရေးဝန်ကြီးဌာနှင့် ဖော်အဲဗား ဂရု(ပ်) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်းက ဝေဖန် သုံးသပ်နေကြသည်။
“စစ်အစိုးရက ပြည်သူတွေကို နိုင်ငံတကာရုပ်သံလိုင်းတွေ မကြည့်စေချင်လို့ စလောင်း အခွန်တွေကို ပြည်သူတွေ မတတ်နိုင်တဲ့ ဆယ်သိန်းဆိုပြီးဆောင်ခိုင်းမယ်၊ တကယ်လို့ စလောင်းသိပ်တပ်ချင်ရင်တော့ သူတို့ရောင်းတဲ့ ဖန်မလီ စလောင်းတပ်ပေါ့၊ ရှင်းရှင်းပြောရရင်တော့ တချက်ခုတ်နှစ်ချက်ပြတ်ဆိုတဲ့သဘော လုပ်လိုက်တာပါ”ဟု စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောဆိုသည်။
အဆိုပါ ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တု ရုပ်သံဖမ်းစက်များကို ၂၀၀၅ ခုနှစ်ကစတင်၍ တရားဝင် ရောင်းချခဲ့ ခြင်း ဖြစ်ပြီး နိုင်ငံတကာ သတင်း ရုပ်သံလိုင်းများဖမ်းယူကြည့်ရှုနိုင်သော ရှစ်ပေ စလောင်းများကို ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကျင်းပချိန်မှစတင်၍ မြန်မာနိုင်ငံတွင် ခေတ်စားလာခြင်းဖြစ်ကြောင်း သိရသည်။

Tags
သတင်း