နယူးဒေလီ။ ။ ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်များတွင် ယခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းများ နှေးကွေးနေရာမှ ယနေ့တွင်မူ လုံးဝ ပြတ်တောက်သွားသည်။
ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်စွာပင် လွန်ခဲ့သည့် သုံးရက်ခန့်မှစပြီး အင်တာနက်လိုင်းများ နှေးကွေးနေခဲ့ကာ၊ ယနေ့နံနက်ပိုင်းမှ စတင်၍ လုံးဝ ပြတ်တောက်သွားသည်ဟု ရန်ကုန် အင်တာနက်ဆိုင်များက ပြောဆိုကြသည်။
ရန်ကုန်ရှိ ဆိုင်ပိုင်ရှင်တဦးက “ဟိုရက်တွေကတည်းကတော့ ကွန်နက်ရှင် နှေးနေတာပေါ့။ ဒါပေမဲ့ သုံးလို့တော့ ရတယ်။ မနေ့ညအထိတော့ သုံးလို့ ရသေးတယ်။ ဒီနေ့မနက်ကစပြီး သုံးလို့ မရတော့တာပါ” ဟု မဇ္ဈိမကို ပြောသည်။
ကွန်ပြူတာအလုံးပေါင်း ၃ဝ ကျော်နှင့် ဆိုင်ဖွင့်ထားသူတဦးကလည်း “အရင်ကတော့ အဲဒီလိုမဖြစ်ဘူးပေါ့။ Gtalk ဆိုရင်လည်း ဝင်လိုက်ထွက်လိုက် ဖြစ်တယ်လေ။ ကွန်နက်ရှင်ကလည်း ကျလိုက်တက်လိုက် ဖြစ်ခဲ့တယ်။ ဒီပြင်ဆိုင်တွေလည်း (ကွန်နက်ရှင်) အရမ်းကျတယ်။ ဒီဆိုင်မှာတော့ သုံးလို့မရလောက်အောင်တော့ မကျဘူးလေ။ သုံးလို့ရတယ်။ ဒီနေ့တော့ လုံးဝ သုံးလို့မရတော့ဘူး” ဟု ပြောသည်။
“ကွန်နက်ရှင် နှေးနေတာ မဟုတ်ဘူး။ သုံးလို့ မရတော့တာပါ။ လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်ကတည်းကပါ။ ဒါပေမဲ့ လာသုံးတဲ့လူ နည်းနည်းတော့ ရှိပါတယ်။ ဒီကနေ့ကစပြီးမှပဲ သုံးတဲ့လူ မရှိတော့တာပါ” ဟု အခြား ဆိုင်တဆိုင်မှ ပိုင်ရှင်တဦးကလည်း ပြောသည်။
သူက “တခြားဆိုင်တွေကလည်း ပျက်နေတာဆိုတော့ ဖုန်းလည်း ဆက်မနေတော့ပါဘူး။ လာသုံးတဲ့သူတွေကိုတော့ ကွန်နက်ရှင်ကောင်းမှ ဖုန်းပြန်ဆက်လိုက်မယ်လို့ ပြောလိုက်တယ်” ဟု ဆက်ပြောသည်။
ယခုလို ပြတ်တောက်သွားရခြင်း၏ အဓိကအကြောင်းရင်းကို မသိရှိရသေးသော်လည်း ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ထူးခြားနေသည်ဟု အင်တာနက်ဆိုင်ရှင်များက ပြောဆိုသည်။
သူတို့အနေနှင့် ယခုလို ကွန်နက်ရှင်လိုင်း ပြတ်တောက်နေခြင်းကို အင်တာနက် ထိန်းချုပ်သည့် အဓိကဌာနချုပ်ဖြစ်သော မြန်မာတယ်လီပေါ့တ်ကို အကျိုးအကြောင်း မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိဘဲ ဖြစ်နေသည်။
အင်တာနက်လိုင်းများ နှေးကွေးနေကတည်းက အင်တာနက်သုံးစွဲသူ မရှိသလောက် ဖြစ်ခဲ့သည်။
မဇ္ဈိမသတင်းဌာန

Tags
သတင်း