နယူးဒေလီ။ ။ စင်္ကာပူနိုင်ငံတွင် ၁၇ ရက်ကြာ ကောက်ခံလာသည့် နအဖ လူထုဆန္ဒခံယူပွဲအား ဆန့်ကျင်လက်မှတ်များ ကောက်ခံလာရာတွင် လက်မှတ်ပေါင်း ၃ ထောင်ခန့် ရရှိခဲ့ပြီ ဖြစ်သည်။
ယမန်နေ့က တိုဘာရိုး မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခဲ့သည့် နှစ် ၂ဝ မြောက်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် လက်မှတ်များကို ဆက်လက် ကောက်ခံကြရာတွင် ယခုအခါ လက်မှတ်ပေါင်း ၃ ထောင်ခန့် ရရှိခြင်း ဖြစ်သည်။
"လက်မှတ်ထိုးသူ လူဦးရေ ၃ဝဝဝ နီးပါးလောက် ရနေပါပြီ။ ကျနော်တို့က စနေ၊ တနင်္ဂနွေနေ့မှ လုပ်နိုင်တယ်။ ပြည်သူ့ဆန္ဒခံယူပွဲ နေ့ရက်ကို အစိုးရက မကြေညာမချင်း ဆက်လုပ်သွားမယ်" ဟု လက်မှတ်များ ဦးဆောင်ကောက်ခံနေသည့် ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) အဖွဲ့မှ ကိုကျော်စိုးက မဇ္ဈိမကို ပြောသည်။
အခမ်းအနားတွင် ၁၉၈၈ ခုနှစ်မှ ယနေ့အထိ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သူများကို ရည်စူး၍ ရေစက်ချ အမျှပေးဝေခဲ့ကြသလို၊ လာမည့် မေလတွင် နအဖ က ကျင်းပမည့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကိစ္စနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြော ဆွေးနွေးကြသည်။
"စစ်အစိုးရဟာ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ တွက်ပြီးတော့ ရချင်မှ ရမယ်။ စစ်အစိုးရက မဲပေးတဲ့ ဘယ်နှစ်ရာနှုန်းရမှ ဆန္ဒခံယူပွဲက တရားဝင်ပါတယ်လို့ ပြောရင်၊ ပြည်သူလူထုအားလုံးတို့က အဆင်သင့် ဖြစ်ရင် သပိတ်မှောက်ဖို့ပါ လုပ်ချင်လည်း လုပ်မယ်။ မဲသွားမထည့်ဘဲ နေရင်လည်း နေမယ်။ အစီအစဉ် တိတိကျကျ ထွက်လာမယ်ဆိုရင် ပြည်သူလူထုကို တညီတညွတ်ထဲ ဘယ်လိုလုပ်ရမယ်လို့ ပြောမယ်" ဟု အဖွဲ့မှ ဦးဆောင်လှုပ်ရှားသူ နောက်တဦး ဖြစ်သည့် ကိုအေးကိုက ပြောသည်။
အခမ်အနားသို့ စင်္ကာပူရောက် မြန်မာနိုင်ငံသား ၇ဝဝ ခန့်အနက် Management University နှင့် National University (Singapore) တွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားများလည်း ပါဝင် တက်ရောက်ကာ ဆန့်ကျင်လက်မှတ် ကောက်ခံရေးကို ဖော်ညွှန်းသည့် တီရှပ် အင်္ကျီများကိုလည်း ဝေငှ ခဲ့ကြသည်။
"တီရှပ်မှာတော့ မြန်မာပြည် မြေပုံပေါ်မှာ ချိုးငှက်လေး ပျံနေတဲ့ပုံ ပါတယ်။ တီရှပ်က အနီရောင်ပေါ်မှာ မြေပုံနဲ့ ချိုးငှက် အဖြုရောင်ပေါ့။ ရှေ့ဘက်မှာက္တWe are one ဆိုတာ ရေးသားတယ်။ နောက်ဘက်မှာက ပြည်သူလူထုက လက်တွဲပြီးတော့ We pursue peace, justice and Democracy for Burma ဆိုတာ ရေးထားတယ်။ လက်မှတ်ကောက်ခံရေး တီရှပ်ပေါ့။ စင်္ကာပူမှာ လုပ်တိုင်း ဒီတီရှပ်ကိုပဲ ဝတ်တာပေါ့။ စင်္ကာပူ အခြေစိုက် သတင်းမီဒီယာတွေ လာပြီး သတင်းယူသွားပါတယ်" ဟု ကိုကျော်စိုးက ဆက်ပြောသည်။
အခမ်းအနား တက်ရောက်လာသူများက နအဖ လူထုဆန္ဒခံယူပွဲကို တညီတညွတ်တည်း ဆန့်ကျင်ခဲ့ကြသည်။
မဇ္ဈိမသတင်းဌာန

Tags
သတင်း