ငါးလောင်းပြိုင် လူသတ်မှုခင်း ဖော်ပြခဲ့သည့် 7 Day News ကို ထုတ်ဝေခွင့် ရပ်ဆိုင်း

နယူးဒေလီ။ ။ ရန်ကုန် ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင် လူသတ်မှုခင်းအား သတင်းဆောင်းပါး ဖော်ပြခဲ့မိ၍ အပတ်စဉ်ထုတ် ဂျာနယ် 7 Day News Journal အား စာပေစီစစ်ရေးက ထုတ်ဝေခွင့် တပတ်နားလိုက်သည်။

ဆဲဗင်းဒေးနယူးစ် ဂျာနယ် ၏ မတ်လ ၁၃ ရက်ထုတ်၊ အတွဲ ၇၊ အမှတ် ၁ တွင် "တရားခံ ရှာပေးရန် အမိန့်နာခံနေသည့် ဝိညာဉ်လေးဦး" ဆိုသည့် သတင်းဆောင်းပါးကြောင့် မတ်လ ၁၉ ရက်နေ့တွင် ဈေးကွက်ကို ဖြန့်ချီမည့် ဂျာနယ်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

"ဗုဒ္ဓဟူးနေ့ ထုတ်မဲ့ဟာကို ပိတ်လိုက်တာ။" ဟု စာရေးဆရာ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

"သတင်းဆောင်းပါးမှာက အသုဘချတဲ့နေ့မှာ ရဲအရာရှိက အလောင်းနားမှာ ပြောနေတဲ့ဟာကို စာထဲမှာကော၊ ဓာတ်ပုံပါ ဖော်ပြထားတယ်။ ကျနော်တို့ ကြားတာကတော့ စီစစ်ရေးက အဲဒီ သတင်းခေါင်းကိုလည်း မပေးဘူး။ သတင်းဓာတ်ပုံကိုလည်း မပေးဘူး။ ဖြုတ်ခိုင်းတယ်။ ဒါပေမဲ့ အဲဒီသတင်းက ဂျာနယ်တခုလုံး အကြမ်းတင်ပြီး နောက်ထပ် ဖြည့်စွက် ရိုက်ပေးဘို့ နောက်ဆက်တွဲ သတင်းနဲ့ ထပ်တင်လိုက်တယ်လို့ ကြားတယ်" ဟုလည်း သူက ထပ်ပြောသည်။

အလားတူ အပတ်စဉ် စနေထုတ် The Voice ဂျာနယ်မှ ယင်း လူသတ်မှုခင်းသတင်းအား မျက်နှာဖုံးသတင်းနှင့် ဓာတ်ပုံ ဖော်ပြခဲ့သည့် အတွက် စာပေစီစစ်ရေးမှ ခေါ်ယူကာ ခံဝန်ချက် ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။

သို့သော် ငါးလောင်းပြိုင် လူသတ်မှုခင်းသတင်းအား အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည့်အတိုင်း ပြန်လည် ဖော်ပြခွင့်တော့ ပြုခဲ့သည်။

မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီး လုံခြုံရေး တင်းကြပ်စွာ ချထားသော ရပ်ကွက်ရှိ နေအိမ်တခုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖေါ်တဦး စုစုပေါင်း ၅ ဦး မတ်လ ၃ ရက်နေ့က နေ့ခင်း ကြောင်တောင် ပစ်သတ်ခံခဲ့ရသည်။

စီးပွါးရေးသမား ကုန်သည်ကြီး ဦးချာလီ (ဦးစောကြည်ဖ) ၆ဝ နှစ်၏ ဇနီး ဒေါ်စန်းစန်းမြင့် (၅၈) နှစ်၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆) နှစ်၊ မနှင်းပွင့်အေး (၂၇) နှစ် နှင့် အိမ်ဖေါ် မအယ်ဖော (၁၅) နှစ်တို့ကို ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် ၁၂၆ ရှိ နေအိမ်တွင် ခေါင်းကို သေနတ်ဖြင့် ပစ်၍ သတ်သွားခဲ့သည်။

နန်းဒေဝီမဇ္ဈိမသတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form