သတင်းစာဆရာကြီး ကြေးမုံဦးသောင်းအခြေအနေ စိုးရိမ်ရ

ပြီးခဲ့သည့် တနင်္လာနေ့ မတ်လ (၁၀) ရက်တွင် အဆုပ်နှင့်နှလုံးရောဂါတို့ဖြင့် အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ နှလုံးအထူးကုဆေးရုံတွင် တက်ရောက်ကုသနေသော သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ အခြေအနေမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။

ယမန်နေ့ ဒေသစံတော်ချိန် ညနေ(၄) ရီခွဲကျော်တွင် ဆရာကြီးသည် သွေးပေါင် (blood pressure) ကျဆင်းလာသဖြင့် ဆရာကြီးအား နှလုံးအနားပေးသည့်အနေဖြင့် စက်နှင့် အသက်ရှုနိုင်စေရန် ဆရာဝန်များ၏ တင်ပြချက်ကို သဘောတူလိုက်ကြောင်း ဇနီးဖြစ်သူ ဒေါ်တင်တင်ဝင်းက ခေတ်ပြိုင်သို့ ယနေ့နံနက်ပိုင်းတွင် ပြောကြားသည်။

၎င်းက “အခြေအနေက သိပ်မကောင်းဘူး။ blood pressure တွေကျတယ်။ ဆရာဝန်တွေက စိုးရိမ်ရတယ်တဲ့။ ဒီအတိုင်း blood pressure ကျလို့ရှိရင်တော့ အခု ဒီကနေ့နဲ့ မနက်ဖြန် ဆုံးသွားနိုင်တယ်ပေါ့။ နှလုံးကိုအနားပေးပြီးတော့ စက်နဲ့အသက်ရှူခိုင်းထားလို့ရှိရင်တော့ antibiotic က ဆက်ပြီးတော့ infection ကို တိုက်နေတာ နောက် (၁၀) ရက်လောက်ရှိရင် နိုင်မနိုင် သိနိုင်မယ်ပေါ့။ သူတို့ရဲ့ suggestion ကတော့ စက်နဲ့အသက်ရှင်ခိုင်း ထားလိုက်မယ်
ပေါ့ ဆိုတော့ အဲဒါတွေအကုန်လုံး ဆရာသောင်းကို ကျမတို့ရှင်းပြပြီးတော့ ဆရာသောင်း
လည်း သဘောတူတာနဲ့ စက်နဲ့တင်လိုက်ပြီ။ တင်လိုက်တော့ ဆရာသောင်းက စကားမပြော နိုင်တော့ဘူး။ ဘာလို့လည်းဆိုတော့ သူက ပိုက်တွေအကုန်သွင်းထားတာကိုး။ စကားပြောလို့ မရဘူး။ သတိကတော့ သူကောင်းတယ်။ သူ့ကိုပြောရင် သူနားလည်တယ်။ ဒါပေမယ့် သူဘာမှ ပြန်ပြောလို့မရဘူး” ဟုပြောသည်။

ဆရာကြီးဦးသောင်းနှင့် ခင်မင်ရင်းနှီးသူတဦးဖြစ်သူ ဖလော်ရီဒါမှ ဒေါက်တာညွန့်လွင်ကလည်း ဆရာ့အခြေအနေ စိုးရိမ်ရကြောင်း ပြောသည်။

“သူ့အခြေအနေကတော့ စိုးရိမ်နေရပါသေးတယ်။ ကျနော် သဘောသိပ်မကျဘူး။ သူ့ရဲ့ ကျောက်ကပ်က နဲနဲဒုက္ခပေးနေတယ်။ နောက်နှစ်ရက် သုံးရက်တော့ ကြည့်ရမယ်။ ဒီရက်အတွင်း မှာ အခြေအနေနဲနဲ ကောင်းသွားတယ်ဆိုရင်တော့ မျှော်လင့်ချက်ရှိပါတယ်။ ကျောက်ကပ်လုပ်ငန်း ပုံမှန်မဖြစ်သေးဘူး။ သွေးခုန်နှုန်းကျနေတယ်” ဟုပြောသည်။

သတင်းစာဆရာကြီး ကြေးမုံဦးသောင်းသည် မြန်မာနိုင်ငံတွင် သတင်းစာလုပ်ငန်းသက် အရှည်ကြာဆုံးဖြစ်ပြီး အောင်မြင်ကျော်ကြားသည့် ကြေးမုံသတင်းစာတိုက် ပိုင်ရှင်လည်းဖြစ်ကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်းပါးများ ဝေဖန်ရေးသားရာတွင် ပြောင်မြောက်ထိမိသည့် အတွက် နာမည်ကျော်ကြားသည်။

ခေတ်ပြိုင် သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form