အခြေခံဥပဒေမူကြမ်းပြီးစီးမှု အတိုက်အခံများ ဝေဖန်

ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲပြီးစီးကြောင်း စစ်အစိုးရ၏ ယမန်နေ့က ကြေညာချက်အပေါ် ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများက ဆန့်ကျင်ဝေဖန်မှုပြုကြသည်။

ယခုဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းသည် ကော်မရှင် အဖွဲ့ဝင်အားလုံး၏ အကြိမ်ပေါင်းများစွာ အကြံပြုဆွေးနွေး သဘောတူ ဆုံးဖြတ်ကြခြင်းဖြစ်သောကြောင့် အတည်ပြုကြောင်း ဖွဲ့စည်းပုံခြေခံ ဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင် ဥက္ကဌ တရားသူကြီးချုပ် ဦးအောင်တိုးက ကြေညာခဲ့ခြင်းဖြစ်သည်။

တချိန်တည်းတွင်ပင် စင်္ကာပူ နိုင်ငံ၌ပြုလုပ်သော အာဆီယံ ဒေသတွင်းနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက လာမည့်ရွေးကောက်ပွဲ အသစ်တွင် နိုင်ငံခြားသားကို လက်ထပ် ထား သောကြောင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်မဟုတ်ကြောင်း ပြောသည် ဟု စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး ဂျော့ယိုး၏ ပြောကြားချက်ကို နိုင်ငံတကာ သတင်းမီဒီယာများက ဖော်ပြသည်။

“အခု ရှင်းရှင်းလင်းလင်းသိသာသွားပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မပါရဘူးဆိုကတည်းက နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံနေတာဟာ ဟန်ပြသက်သက်ပါပဲ” ဟု မြန်မာ့ အရေး လေ့လာသူ ဦးအောင်နိုင်ဦးက ပြောသည်။

စစ်အစိုးရ ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ နှင့် ရွေးကောက်ပွဲ အသစ်သည် ဒီမိုကရေစီ နည်းလမ်းမကျ သောကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က တနင်္လာနေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

ယင်းကြေညာချက်၌ စစ်အစိုးရ လုပ်ဆောင်ချက်ကို ဆန္ဒမဲပေး မပေး သို့မဟုတ် သပိတ်မှောက် မမှောက် ကိုမူ ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိချေ။

အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်သည့် ဦးသိန်းညွန့်က“အခုရေးဆွဲတဲ့ အခြေခံဥပဒေဟာ ၁၉၉၀ ပြည့် ရွေးကောက် ပွဲက ရွေးချယ်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ် ၁ ရာခိုင်နှုန်းလောက်သာ ပါတဲ့ အတွက် တရားမဝင် ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

အန်အယ်လ်ဒီ၏ ထုတ်ပြန်ကြေညာချက်တွင် စစ်အစိုးရသည် ၎င်း၏ လုပ်ဆောင်ချက် အကျိုးဆက်ကို တာဝန်ယူရမည် ဖြစ်သည်ဟုလည်း သတိပေးထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က“အခုရေးဆွဲထားတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ အခြေခံတွေ မပါဘူး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ပြဌာန်းထားတဲ့ ပြဌာန်း ချက်တွေမပါဘူး”ဟု ပြောသည်။

ယခုအခြေခံဥပဒေသည် တိုင်းရင်းသားပြဿနာများကိုလည်း ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဆရာတဦးက လာမည့် မေလတွင် လူထု ဆန္ဒခံယူပွဲ ပြုလုပ်မည်ဟု စစ်အစိုးရက ကြေညာ ထားသော အဆိုပါ အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး မြန်မာပြည်သူများကြားတွင် အုပ်စုသုံးစုကို လေ့လာ တွေ့မြင်ရကြောင်း ပြောသည်။

“အခြေခံ ဥပဒေနဲ့ပတ်သက်ပြီး အုပ်စုသုံးစုကို တွေ့ရပါတယ်၊ ပထမ တစုက အခြေခံဥပဒေကို မသိတဲ့အုပ်စု၊ နောက်တစုက အခြေခံဥပဒေ ကောင်းကောင်း ဆိုးဆိုး မသိဘူး လက်ရှိအခြေအနေကို ကျော်လွှားချင်တာ၊ နောက်တစုကတော့ ပညာတတ် နိုင်ငံရေးအသိရှိသူတွေပါတဲ့ စစ်ဗိုလ်ချုပ်တွေကိုဆန့်ကျင်ဖို့ အသင့်ရှိတယ် ဆိုတဲ့ အုပ်စု တွေဖြစ်ပါတယ်”ဟု ၎င်းက အီးမေးလ်ဖြင့် ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများခေါင်းဆောင် ကိုထွန်းမြင့်အောင် က မူ“လာမယ့်မေလမှာ လုပ်မယ့် ဆန္ဒခံယူပွဲဟာ လုံးဝမလို အပ်ပါဘူး၊ ပြီးခဲ့တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ စက်တင်ဘာ အရေးအခင်းလိုမျိုး ဆန္ဒထုတ်ဖော် တာမျိုးတွေတောင် ရှိလာနိုင်တယ်”ဟု ပြောသည်။

အမျိုးသားညီလာခံကို ဆန့်ကျင်ဝေဖန်ပါက ထောင်ဒဏ် တသက်တကျွန်းကျခံရနိုင်သည် ဟူသော ၅/၉၆ ကြေညာချက် ကိုလည်း နအဖ က မရုပ်သိမ်းသေးကြောင်း ၎င်းက ဆိုသည်။

ချင်းမိုင်တက္ကသိုလ် သုတေသနမှူး ဦးဝင်းမင်းကလည်း“အခုဆန္ဒခံယူပွဲဟာ လွတ်လပ်မျှတမှုရှိမယ်ဆိုရင် အများပြည်သူ တွေက ဆန္ဒမဲထည့်ကြမှာ မဟုတ်ဘူး”ဟု ပြောဆိုသည်။

၎င်းအနေနှင့် အဆိုပါ စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲသည် လွတ်လပ်မျှတမည် ဟု မယုံကြည်ကြောင်းလည်း ဦးဝင်းမင်းက ပြောသည်။

ကိုစိုး ဧရာဝတီ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form