သံလက်သီးနှင့် အထိုးခံရသူ မျက်လုံး ဆေးကုသခွင့်ရပြီ

ချင်းမိုင်။ ။ မန္တလေးတိုင်း မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အကျဉ်းစံ ဦးသန်းလွင်၏ မျက်လုံးတဖက်အား ဆေးကုသရန်အတွက် ထောင်အာဏာပိုင်များက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

မန္တလေးမြို့ အိုးဘို အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ဦးသန်းလွင် (၇ဝ နှစ်) အား သမီးဖြစ်သူက ယမန်နေ့က ထောင်ဝင်စာ သွားရောက် တွေ့ဆုံရာတွင် ထောင်အာဏာပိုင်များက မျက်လုံး ခွဲစိတ်ကုသခွင့် ပေးလိုက်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဇနီးသည် ဒေါ်ခင်သီက “ကျမတို့က စာတင်တာလေ။ မျက်စိတဖက်က ကွယ်သွားလို့လေ။ မျက်စိတဖက် ကွယ်သွားတော့ ကျမတို့ကို ခွဲစိတ်ကုသခွင့် ပေးပါဆိုပြီး တောင်းတာ။ သူတို့ ထောင်ကနေပြီးတော့ စာလည်း တင်တယ်တဲ့။ စာတင်တော့ အဲဒီ စာတင်တဲ့ဟာမှာ ခွင့်ပြုချက် ရတယ်တဲ့။ ကုသခွင့် ရက်ကတော့ သူတို့ ပြောလို့ မရသေးဘူးပေါ့လေ။ အဲလိုပြောတယ်” ဟု ပြောသည်။

“ကျမတို့ကတော့ ခွဲစိတ်ကုရမှာ ဆိုတော့ မျက်စိပါရဂူတွေနဲ့ ခွဲစိတ်ချင်တယ်ပေါ့။ အဲဒါ သူတို့အနေနဲ့ ဘယ်လိုပြောမယ် မသိသေးဘူး။ ကျမတို့ တင်ထားတာတော့ အပြင် ဆေးခန်းမှာလေ။ ခွဲစိတ်ကုသဖို့ တင်ထားတာ” ဟု သူက ဆက်ပြောသည်။

မျက်လုံးအား ဆေးကုသခွင့် ပေးရေးအတွက် ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဌာန၊ မန္တလေးမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အိုးဘို အကျဉ်းဦးစီးဌာနကို စာရေးသားကာ ပေးပို့ တောင်းဆို ထားခဲ့ပြီးနောက် နှစ်ပတ်ခန့် အကြာတွင် ယခုလို ဆေးကုသခွင့် ရရှိသည့်သတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။

၂ဝဝ၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲမှအပြန် လမ်းတွင် အမည်မသိ လူတဦးက ဦးသန်းလွင်အား သံလက်သီးနှင့် အလစ် ဝင်ထိုးသဖြင့် နှာခေါင်းရိုးကျိုးကာ မျက်လုံးတဖက် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီးနောက် အကျဉ်းထောင်ထဲတွင် ဆေးကုသခွင့်မရဘဲ ကွယ်သွားရာမှ နောက်တဖက်လည်း ယခုအခါ တိမ်စွဲနေပြီ ဖြစ်သည်။

သံလက်သီးထိုးသူသည် ကြံ့ဖွံ့ရုံးအတွင်း ဝင်ပြေးသဖြင့် ထုတ်ပေးရန် တောင်းဆိုသည်ကို ကြိမ်းမောင်းမှုနှင့် စွပ်စွဲကာ ဦးသန်းလွင်နှင့်အဖွဲ့အား ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော်လည်း သံလက်သီးသမားကိုမူ အာဏာပိုင်များက ဖော်ထုတ်ပေးခြင်း မရှိသေးပေ။

စက်တင်ဘာ သံဃာတော်များ ဆုတောင်းပွဲနှင့် ဆက်စပ်ပြီး ၂ဝဝ၇ ခုနှစ် စက်တင်ဘာ နှောင်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် ဦးသန်းလွင်နည်းတူ အိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် မန္တလေးတိုင်း အန်အယ်ဒီ တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ၊ တိုင်းစည်းရုံးရေးမှူး ဦးကံထွန်း၊ အနောက်တောင်မြို့မှ ပါတီလူငယ် ကိုဇော်ဝင်း၊ ကိုဝဏ္ဏအောင် အပါအဝင် ပါတီဝင် ၉ ဦး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

သန်းထိုက်ဦး မဇ္ဈိမ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form