မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ လျှပ်စစ်မီးပုံမှန်မရ ရှိခြင်းကြောင့်ဖြစ်ပြီး ဆုံးရှုံးမှု ပမာဏများပြားရခြင်းမှာ ရန်ကုန်တိုင်းအပါအ၀င် မီးသတ်ဋ္ဌာနများတွင် လုံလောက်သော မီးသတ်ကိရိယာများ မပြည့်စုံခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းအပါအ၀င် ပြည်နယ်နှင့်တိုင်းများ၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုများတွင် လျှပ်စစ် ၀ါယာရှော့ဖြစ်ပွားရာမှ လောင်ကျွမ်းရခြင်း၊ ဖယောင်းတိုင်မီးအသုံးပြုရာမှ မီးလောင်လွယ် သောပစ္စည်းများ သို့ကူးစက်ပြီး လောင်ကျွမ်းခြင်း၊ ထင်း မီးဖိုများနှင့် ချက်ပြုတ်စားသောက်ရာမှ မီးကြွင်းမီးကျန်များကြောင့် လောင်ကျွမ်းခြင်းတို့ကို အများဆုံးတွေ့မြင်ရကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဋ္ဌာနမှ တရားဝင်ထုတ်ပြန် ချက်အရ သိရသည်။
“ရန်ကုန်နဲ့ မန္တလေးမှာ လောင်တာက မီးအားမြှင့်စက်တွေကနေ အိုဗာဗို့တေ့ခ်ျဖြစ်ပြီး လောင်တာများတယ်။ သိတဲ့အတိုင်းပဲ၊ မီးတွေက ပုံမှန်မလာဘူး။ လာပြန်တော့လည်း မီးအားက နည်းကြတော့ လူတွေက မီးအားမြှင့်စက်တွေသုံးကြတယ်။ မီးပျက်တော့ မီးအားမြှင့်စက်ကို မပိတ်မိဘူး။ မီးလာတဲ့အချိန်ကျတော့ အိုဗာဗို့တေ့ခ်ျ ဖြစ်ပြီး ၀ါယာတွေ ရှော့ဖြစ်ကုန်ရော” ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဋ္ဌာနမှ မီးသတ်ဝန်ထမ်း တဦးက ပြောပြသည်။
၂၀၀၈ခုနှစ် ဖေဖော်ဝါရီ၂၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော မန္တလေးရတနာပုံဈေး မီးလောင်ကျွမ်းမှုသည်လည်း လျှပ်စစ် ၀ါယာရှော့ကြောင့်ပင်ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
လျှပ်စစ်မီးမရသော နေ့များတွင် လူအများစုမှာ ဖယောင်းတိုင်မီးကို အသုံးပြုကြရာမှ မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ် ပွားရ သကဲ့သို့ လျှပ်စစ်မီးမလာသဖြင့် ထင်းမီးဖို၊ မီးသွေးမီးဖိုတို့နှင့်သာ ချက်ပြုတ်စား သောက်ကြရသောကြောင့် မီးကျွင်း မီးကျန်များမှ တဆင့် မီးလောင်ကျွမ်းရကြောင်းလည်း ကြားသိရသည်။
မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသောစာရင်းအရ မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် မီးလောင်မှုများမှာ ၂၀၀၅ ခုနှစ်တွင် ၈၃၅ ကြိမ်၊ ၂၀၀၆ ခုနှစ်တွင် ၈၃၃ ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် ၉၄၄ကြိမ်တို့ဖြစ်ကြောင်း တွေ့ရသည်။ ပြည်နယ်နှင့်တိုင်းအလိုက်ကြည့် ရလျင် အဆိုပါ သုံးနှစ်တာကာလအတွင်း ရန်ကုန်တိုင်းသည် မီးလောင်မှု အကြိမ်ပေါင်း၈၃၀ဖြင့် အများဆုံးဖြစ်သည်ကို တွေ့ရပြီး ထိုသုံးနှစ်အတွင်း ဆုံးရှုံးမှုပမာဏမှာ ကျပ်၁၁၂၉.၂၈ သန်းဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်မှုများဖြစ်ပွားနေစဉ်တွင် မီးသတ်ကားများအရောက်နောက်ကျခြင်း၊ မီးသတ်ကိရိယာများ မစုံလင်ခြင်း၊ ရေမလုံ လောက်ခြင်းနှင့် ရေရရှိနိုင်သော နေရာထိ ရေသွားဖြည့်နေရခြင်း စသည့်အားနည်း ချက်များကြောင့် မီးလောင်ချိန်ကြာ မြင့်ကာ ဆုံးရှုံးမှုပမာဏပိုမိုများပြားရခြင်းဖြစ်သည်ဟု လူအများက ဝေဖန်နေကြ သည်။
“ရတနာပုံဈေးကြီး မီးလောင်တော့ မီးသတ်ကားတွေ ရောက်တော့ရောက်လာပါရဲ့၊ ဒါပေမယ့် အမြင့်ကို တက်ပြီး ပက်လို့ ရတဲ့ကားက ၂ စီးပဲရှိတယ်။ အဲဒီ၂စီးက အမိန့်ကို စောင့်နေတာနဲ့ မနက်၉နာရီမှာ မှစပက်ရတယ်။ ရေကလည်း ပက်ရင်းကုန် လို့ သွားပြန်ဖြည့်နေကြတာနဲ့ မီးကို မနိုင်တော့ဘူး” ဟု မန္တလေးရတနာပုံဈေး မီးလောင်ကျွမ်းမှုကိုမြင်တွေ့ခဲ့ရသူ ကုန်သည် တဦးကဆိုသည်။
မီးလောင်ကျွမ်းနေသော ရတနာပုံဈေးကြီး ကိုမီးငြှိမ်းသတ်ရန်အတွက် ကျုံးရေကို ရေစုပ်စက်များဖြင့် စုပ်တင်ပြီး မီးသတ် ကားများ၊ ရေသယ်ယာဉ်များဖြင့် ရေကို အခေါက်ခေါက်သယ်ယူ၍ ဖျန်းပက်ခဲ့ရသည်ဟု ၄င်းက ဆိုသည်။
မီးလောင်ကျွမ်းရာနေရာဒေသသို့ မီးသတ်ကားများအရောက်နောက်ကျရခြင်းမှာ မီးသတ်ကားတချို့စက် ချို့ယွင်းနေပြီး ဆီအရန်သင့်မရှိခြင်း၊ ရေ အဆင်သင့်ရှိမနေခြင်း၊ သတင်းပို့သူ နောက်ကျခြင်းနှင့်တခြားသော အကြောင်းတရားများကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဋ္ဌာနမှဝန်ထမ်းတဦးက ပြောသည်။
“မီးသတ်ကားတွေက စာရင်းအရတော့ အများကြီးပဲ။ ဒါပေမယ့် တကယ်တမ်းကျတော့ ပျက်နေတဲ့ကားတွေနဲ့ ဆီမရှိတဲ့ ကားတွေနဲ့ အဆင်မပြေတာကများပါတယ်။ ဒါပေမယ့် အဆင်အပြေဆုံးဖြစ်အောင်တော့ ကျနော် တို့ကြိုးစားကြပါတယ်” ဟု အဆိုပါဝန်ထမ်းက ပြောပြသည်။
ရန်ကုန်တိုင်းတွင် မီးငြှိမ်းသတ်ယာဉ် ၇၇စီး၊ ရေသယ်ယာဉ် ၁၆ စီး၊ အထောက်အကူပြုယာဉ်၁၈စီး၊ အပေါ့စားယာဉ် ၄၉ စီးစုစုပေါင်း ၂၀၃စီးရှိသည်ဟု စာရင်းများအရသိရသည်။
မန္တလေးတိုင်းတွင်လည်း မီးငြှိမ်းသတ်ယာဉ် အစီး၈၀၊ ရေသယ်ယာဉ် ၅၇စီး၊ အထောက်အကူပြုယာဉ် ၂၄ စီး၊ အပေါ့စား ယာဉ် ၄၁စီး စုစုပေါင်း ၂၀၂စီးရှိသည်ဟု စာရင်းများအရသိရသည်။
မြန်မာတနိုင်ငံလုံးအတိုင်းအတာအားဖြင့် မီးငြှိမ်းသတ်ယာဉ် ၅၈၉ စီး၊ ရေသယ်ယာဉ် ၃၄၀ စီး၊ အထောက် အကူပြုယာဉ် ၁၉၈စီး၊ အပေါ့စားယာဉ် ၅၁၆ စီးစုစုပေါင်း ၁၆၄၃ စီးရှိသည်ဟု စာရင်းများအရသိရသော်လည်း အဆိုပါစာရင်းရှိယာဉ်များ၏ တဝက်ခန့်သာ လက်တွေ့အသုံးပြုနိုင်ကြောင်း သိရသည်။
“မီးသတ်ကားတွေရှိပေမယ့် ကျနော်တို့မှာ ပြင်ဆင်စရိတ်မရှိဘူး၊ ဆီချမပေးဘူး၊ အဲဒီလို အခက်အခဲတွေရှိတယ်။ ကျနော်တို့ အားနဲ့ကျနော်တို့ ဖန်တီးပြီးဆောင်ရွက်နေရတာတွေရှိတယ်” ဟု အဆိုပါ မီးသတ်ဝန် ထမ်းကဆိုသည်။
မီးသတ်ကားတချို့စက်ချို့ယွင်းလျက်ရှိသော်လည်း အစိုးရက ပြင်ဆင်စရိတ်ချပေးခြင်းမရှိသောကြောင့် ပျက်စီးနေသော ယာဉ်များနှင့် ဆီလုံလောက်စွာချပေးခြင်းမရှိသောကြောင့် မီးလောင်သည့်နေရာသို့အသွား ဆီပြတ်တောက်ခြင်း ကြုံတွေ့ ရသည့်ယာဉ်များရှိသည်ဟု သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ မီးသတ်ဦးစီးဋ္ဌာနများတွင် အထောက်အကူပြုပစ္စည်းများ မပြည့်စုံရုံမျှမက မီးသတ် ၀န်ထမ်းများတွင် လည်း ဦးထုပ်မှစ၊ ဖိနပ်အဆုံး ယူနီဖောင်းအပြည့်အစုံပင်မရှိသူများ ရှိသည်ဟု သိရသည်။
ရတနာပုံဈေးကြီး မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်စဉ်က တချို့မီးသတ်ရဲဘော်များမှာ မီးကာယူနီဖောင်းများ၊ လုံခြုံရေး ဦးထုပ်များနှင့်မဟုတ်ဘဲ သာမန်မီးသတ်ယူနီဖောင်းများဖြင့်သာ ဖြစ်နေသောကြောင့် မီးကူးစက် လောင်ကျွမ်းခံရခြင်း၊ ပြည့်စုံသော လေ့ကျင့်မှုများ မရှိသောကြောင့် မီးငြှိမ်းသတ်ရင်း ဒဏ်ရာရခြင်းများ ကြုံတွေ့ခဲ့ရသည်ကို တွေ့မြင်ရကြောင်း မျက်မြင်တဦးက ဆိုသည်။
“သတင်းစာထဲမှာ မီးသတ်ဝန်ထမ်း ၁၁ ဦးဒဏ်ရာရတယ်လို့ ဖော်ပြထားတယ် တကယ်တော့ အဲဒါထက်မကဘူးဗျ။ မီးသတ် သမားတွေက အတွေ့အကြုံမရှိတာရော၊ အ၀တ်အစားကစ သုံးစွဲရတဲ့ ပစ္စည်းမပြည့်စုံတာရောကြောင့် တော်တော်များများ ဒဏ်ရာရကြတယ်။ မီးလောင်ပြီး ကျသွားတဲ့ မီးသတ်ဝန်ထမ်းတောင်ရှိတယ်” ဟု အဆိုပါရတနာပုံဈေး မီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီခဲ့သူ မန္တလေးသားတဦးက ပြောသည်။
မီးသတ်ရာတွင် အသုံးပြုရန် အခြေခံပစ္စည်းနှင့် ခေတ်မီကိရိယာအခု ၆၀ကျော်ခန့် လိုအပ်သော်လည်း မြန်မာနိုင်ငံမီးသတ် ဦးစီးဋ္ဌာနများတွင်မူ အခြေခံပစ္စည်း ၃၀ ၀န်းကျင်ခန့်နှင့် အလုပ်လုပ်နေရကြောင်း မီးသတ်ဦးစီးဋ္ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးတဦး၏ ပြောပြချက်အရ သိရသည်။
မီးသတ်ဦးစီးဋ္ဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးတွင် အမြဲတမ်းမီးသတ်တပ်ဖွဲ့ဝင် ၃၆၀၃ ဦး၊ အရံမီးသတ် တပ်ဖွဲ့ဝင် ၂၃၉၉၄၁ ဦးနှင့် စက်ရုံအလုပ်ရုံများတွင် မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် ဖွဲ့စည်းပေးထားသော သီးသန့် တပ်ဖွဲ့ဝင် တသောင်းဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များတွင် အမြဲတမ်း မီးသတ်တပ်ဖွဲ့ဝင်များသာလျှင် အစိုးရထံမှ လစာရကြပြီး အရံမီးသတ်တပ်ဖွဲ့ ၀င်များမှာမူ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်များမှ ထည့်ဝင်ကြသော မီးဘေးလုံခြုံရေး ကောက်ခံငွေ အလှူငွေဖြင့်သာ ရပ်တည်ရခြင်းဖြစ်ကြောင်း သိရသည်။
“အရင်ကတည်းက ရပ်ကွက်တွေမှာ အလှူငွေခံရင်း ရတဲ့အလှူငွေနဲ့ သုံးကြရတာ။ လစာရယ်လို့ သီးသီးသန့်သန့်မရှိပါဘူး။ ခုနောက်ပိုင်းကျတော့ လူတွေလည်း စီးပွားရေး ကျပ်တည်းလာကြတော့ အလှူငွေလည်းနည်းသွားတယ်” ဟု ကျောက်တံတားမြို့နယ် အရံမီးသတ်တပ်ဖွဲ့ဝင်တဦးက ဆိုသည်။
အရံမီးသတ်တပ်ဖွဲ့ဝင်များမှာ အခြားလုပ်ငန်းခွင်များတွင် စားဝတ်နေရေးအတွက် ၀င်ရောက်အလုပ်လုပ် ကိုင်နေကြသူများ ဖြစ်သည်ဟု သိရသည်။
ကြည်ဝေ/ရန်ကုန် ဧရာဝတီ သတင်းဌာန မှ

Tags
သတင်း