မြန်မာနိုင်ငံမီးသတ်ဌာနချုပ် တည်ရှိရာ မရမ်းကုန်းမြို့နယ် န၀ဒေးရုပ်ရှင်ရုံအနီး၊ မြောက်ဥက္ကလာပမြို့နယ် ၁ရပ်ကွက် ၂၄ လမ်းတွင်ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် ၃ လုံး ပြာကျသွားခဲ့ကြောင်း ကြားသိရသည်။
မရမ်းကုန်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ် နှစ်မြို့နယ်အဆက် မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်နှင့် မနီးမဝေး မြောက်ဥက္ကလာပ ၁ ရပ်ကွက် ၂၄ လမ်းအိမ်အမှတ် ၁/၉၁၈ တွင် ညနေ ၄း၄၅ နာရီက စတင်လောင်ကျွမ်းခဲ့သည့်မီးသည် ၄၅ မိနစ်ကျော်ကြာခဲ့ပြီး ၎င်းအိမ်အမှတ် ၁/၉၁၈နှင့်၁/၉၁၇ တို့ မီးလုံးဝလောင်ကျွမ်းပြာကျသွားကာ အိမ်အမှတ် ၁/၉၁၉ မှာမူ တခြမ်းမီးလောင်ပြာကျသွားကြောင်း ကြားသိရသည်။
အနီးအနားရှိ မီးသတ်ဦးစီးဌာနမှ မီးသတ်ကားများ မိနစ်ပိုင်းတွင်း ရောက်လာသော်လည်း မီးငြှိမ်းသတ်ခြင်းမရှိခဲ့သော ကြောင့် ယင်းသို့အိမ် ၃လုံးမီးလောင်သွားခဲ့ရခြင်းဖြစ်ကြောင်း ၁ ရပ်ကွက်တွင်နေထိုင်သူဒေသခံများက ပြောကြသည်။
“မီးသတ်ကားတွေ ၅ မိနစ်အတွင်း ရောက်လာတယ်။ ဒါပေမယ့် ရေမပက်ဘဲ ဘာလုပ်နေကြလဲမသိဘူး။သူတို့ရေပက်စောရင် ဒီလောက်ကြီးဖြစ်မှာမဟုတ်ဘူး” ဟု ၂၄လမ်းတွင်နေထိုင်သူတဦးက ပြောသည်။
ယင်း ၁ ရပ်ကွက်မီးလောင်သည့်နေရာကို ရန်ကုန်တိုင်းအတွင်းမြို့နယ်အသီးသီးမှ မီးသတ်ကား အစီးရေ ၄၀နီးပါး လာရောက်ငြှိမ်းသတ်ခဲ့ပြီး ညနေ ၆ နာရီတွင် မီးညွှန့်ကျိုးသွားကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် လူဦးရေ ၂၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည်ဟု မြန်မာနိုင်ငံမီးသတ်ဌာနချုပ်မှ အရာရှိတဦးက ဆိုသည်။
“မီးသတ်ဌာနချုပ်ဘေးမှာ မီးလောင်တာတောင် အိမ် ၃ လုံး ပြာကျတယ်ဆိုတော့ မြန်မာပြည်ရဲ့ မီးသတ်တွေ ဘယ်လောက် ညံ့တယ်ဆိုတာ ပြတာပဲ” ဟု မြောက်ဥက္ကလာပ ၁ ရပ်ကွက်နေ စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးက သုံးသပ်ပြောကြားသည်။
မြန်မာတပြည်လုံးတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မီးလောင်မှုများ ဖြစ်ပွားလျှက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရေဥက္ကံရွာတွင်လည်းကောင်း၊ ည ၇း၃၀ အချိန်တွင် အထက ၁ မရမ်းကုန်းမြို့နယ် ကျောင်းတွင်လည်းကောင်း၊ ယင်းနေ့နံနက်ပိုင်းက မန္တလေးရတနာပုံဈေးတွင် လည်းကောင်း၊ ဖေဖော်ဝါရီ ၁၄ရက်နေ့က မြိတ်မြို့တွင်လည်းကောင်း မီးများလောင်ကျွမ်းခဲ့ကြောင်း ကြားသိရသည်။
နောက်ဆုံးသတင်းအရ ယနေ့ နေ့လည်၁၂နာရီခန့်က မန္တလေးပြည်ကျော်ဈေးအတွင်းရှိ မထားအထည်ဆိုင် နောက်ကျော တွင် မီးလောင်မှုတခုဖြစ်ပွားခဲ့သေးကြောင်း ကြားသိရသည်။ ၎င်းဆိုင်မှာ ပီနံအိတ်အရောင်းဆိုင်ဖြစ်ပြီး မီးမလာသောကြောင့် ဖရောင်းတိုင်ထွန်းအလုပ်လုပ်ရာမှ ဖရောင်းတိုင်မီး ပီနံအိတ်များပေါ်ကျပြီး မီးစလောင်ခြင်းဖြစ်ကြောင်း ကြားသိရသည်။ ၎င်းမီးလောင်မှုကြောင့် ဆိုင်ပစ္စည်းတချို့ဆုံးရှုံးသွားရသော် လည်း အချိန်မီ မီးသတ်နိုင်ခဲ့သောကြောင့် အခြားဆိုင်များသို့ မီးကူးခြင်းမရှိခဲ့ပေ။
အောင်သက်ဝိုင်း/ရန်ကုန် ဧရာဝတီ သတင်းဌာန မှ

Tags
သတင်း