ကမ္ဘာ့အလုပ်သမားအဖွဲ့ချူပ် (အိုင်အယ်လ်အို)နှင့် မြန်မာစစ်အစိုးရတို့အကြား နားလည်မှု သဘောတူညီချက်များ သက်တမ်း တိုးခွင့် ရခဲ့သည်ဟု အိုင်အယ်လ်အို ကိုယ်စားလှယ် အမှုဆောင်ညွန်ကြားရေးမှူးက ပြောသည်။
“ကျနော်တို့ နောက်တနှစ် အတွက် အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ရန် နားလည်မှု သဘောတူညီမှု ရခဲ့ပါတယ်” ဟု အိုင်အယ်လ်အို အမှုဆောင် ညွန်ကြားရေးမှူး မစ္စတာ ကာရီ တာပီအိုလာက ဧရာဝတီကို ပြောသည်။
အိုင်အယ်လ်အို နှင့် မြန်မာစစ်အစိုးရတို့အကြား မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည် ဟု ယနေ့ထုတ် မြန်မာ့ အလင်းသတင်းစာ တွင် ဖော်ပြထားသည်။
အဆိုပါ မစ္စတာ ကာရီ တာပီအိုလာ နှင့် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်တို့သည် နေပြည်တော် ရှိ အလုပ်သမားဝန်ကြီးဌာနဧည့်ခန်းမတွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
မစ္စတာ ကာရီ တာပီအိုလာက ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီးယခုလို ပြောသည်။
“ပြီးခဲ့တဲ့၂၀၀၇ခုနှစ်အတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ပတ်သက်ပြီး အိုင်အယ်လ်အိုကို တိုင် ကြားလာတဲ့ အကြောင်း အရာတွေကို လာမယ့် သြဂုတ်လမှာ အစိုးရကို အစီရင်ခံစာ တင်ပို့မှာ ဖြစ်တယ်၊ အဲဒီ တိုင်ကြားမှု တွေနဲ့ပတ်သက်ပြီး အစိုးရ ဘက်က တုံ့ပြန်ချက်တွေကို စောင့်ရမှာ ဖြစ်တယ်၊ အဲဒီအတွက် ကျနော်တို့ အချိန် အများကြီးယူပြီး လေ့လာဖို့လိုပါတယ်”ဟု မစ္စတာ ကာရီ တာပီအိုလာက ပြောသည်။
ယင်း အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက အိုင်အယ်လ်အိုသို့ တိုင် ကြားသည့် အတွက် ဧရာဝတီတိုင်း ဟင်္သာတမြို့မှကိုမြင့်နိုင်အား ဒေသအာဏာပိုင်များက ရိုက်နှက်ဖမ်းဆီး ခဲ့ပြီး နောက်ပိုင်းတွင် ထောင် ၈နှစ် ချမှတ်ခဲ့သည်။
ယမန်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းကိုမြင့်နိုင်နှင့်ပတ်သက်၍ တောင်းဆိုချက်များအား အစိုးရဘက်က မည်သို့ တုံ့ပြန် မည်ကို မသိရှိရကြောင်း မစ္စတာ ကာရီ တာပီအိုလာ က ပြောသည်။
“ဆွေးနွေးပွဲမှာ ကိုမြင့်နိုင်ကို အာဏာပိုင်တွေက ပြန်လွှတ်ပေးဖို့တောင်းဆို ထားပါတယ်၊ အဲဒီတာင်းဆိုချက် နဲ့ပတ်သက်ပြီး တုန့်ပြန်ချက်ကို မသိရသေးပါဘူး” ဟု ၎င်းက ဧရာဝတီ သို့ပြော သည်။
အထက်ပါဆွေးနွေးချက်များတွင် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က မြန်မာနိုင်ငံနှင့် အိုင်အယ်လ်အိုတို့ သဘောတူ လက်မှတ် ရေးထိုးခဲ့သော နောက်ဆက်တွဲသဘောတူညီချက်အရ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေကို ပြန်လည် သုံးသပ်ပြီး အိုင်အယ်လ်အို နှင့်မြန်မာစစ်အစိုးရ တို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း မြန်မာ့အလင်း သတင်းတွင်ပါရှိသည်။
၂၀၀၇ခုနှစ်အတွင်း မြန်မာစစ်အစိုးရနှင့် အိုင်အယ်အို တို့ ပြုလုပ်သော နားလည်မှုသဘောတူညီချက်တွင် အဓမ္မလုပ်အား ပေးခိုင်းစေမှုနှင့်ပတ်သက်ပြီး အိုင်အယ်လ်အိုအရာရှိထံသို့ တိုက်ရိုက် တိုင်ကြားနိုင်ပြီး တိုင်ကြားသူကို အာဏာပိုင်များက အရေးမယူရန်တို့ပါရှိသည်။
အိုင်အယ်အိုသို့ တိုင်ကြားသည့် အဓမ္မလုပ်အားပေးခိုင်စေမှုများအား စစ်အစိုးရက စိစစ်ခွင့်ပြုမှသာ အိုင်အယ်လ်အိုက ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အာဏာပိုင်များက အရေးယူလက်တုံ့ပြန် မည်ကိုမူ ကြောက်ရွံ့စိုးရိမ်စရာမလို ကြောင်းလည်း ယခင်နှစ်နားလည်သဘောတူညီချက်တွင် ပါရှိခဲ့သည်။
၂၀၀၇ခုနှစ်ဖေဖော်ဝါရီလမှ မတ်လအတွင်း အဓမ္မလုပ်အားပေးခုင်းစေမှုနှင့် ပတ်သက်သည့် တိုင်ကြားမှုပေါင်း ၂၀ ကို အိုင်အယ်လ်အိုက လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။
အေးလဲ့ ဧရာဝတီ သတင်းဌာန မှ

Tags
သတင်း