စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပွဲ နှောင့်ယှက်သူ အရေးယူမည်ဟု ဥပဒေထုတ်

စစ်အစိုးရက လာမည့်မေလတွင် ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း အတည်ပြု ဆန္ဒခံယူပွဲအား နှောင့်ယှက်သူ များကို ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်းနှင့် သာသနာ့ ဝန်ထမ်းများကို မဲပေးပိုင်ခွင့်မပြု ကြောင်း ဥပဒေထုတ်ပြန် လိုက်သည်။

ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော အဆိုပါဥပဒေ ချိုးဖောက်သူသည် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ကို လည်းကောင်း၊ ကျပ် ၁ သိန်း ထက်မပိုသော ငွေဒဏ်ကိုလည်းကောင်း၊ ဒဏ်၂ ရပ်စလုံးကိုသော်လည်းကောင်း ပြစ်ဒဏ် ကျခံရမည်ဖြစ် သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်မှတ်ဖြင့်ထုတ်ပြန်သော ယင်းဥပဒေက ဆန္ဒမဲပေးခြင်းကို ရွှေ့ဆိုင်း ဖျက်သိမ်းနိုင်သည်ဟုလည်း ဆိုသည်။

ထို့အပြင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ စသည့် ဘာသာများမှ သသနာ့ဝန်ထမ်းများ၊ စိတ်ပေါ့သွပ်သူ၊ ထောင်ကျ နေသူများ၊ ပြည်ပတွင်တရားမဝင်ရောက်နေသူများနှင့် နိုင်ငံခြားသားများကို မဲစာရင်းတွင်ထည့်သွင်းခြင်း မပြု ကြောင်းလည်း ပါရှိသည်။

ယခုထုတ်ပြန်သော အခန်း ၁၂ ခန်းပါ ဥပဒေ ကြေညာချက်အရ ပြည်ပတွင် တရားဝင်ရောက်ရှိနေသူများ အနေနှင့် မဲပေး ပိုင်ခွင့်ရှိသည်ဟုလည်း ဆိုထားသည်။

စစ်အစိုးရ၏ ယနေ့ထုတ်သတင်းစာတွင် အဆိုပါ ဥပဒေအပြင် အစိုးရတရားသူကြီးချုပ်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဌ ဦးအောင်တိုး ဥက္ကဌအဖြစ်တာဝန်ယူထားသော အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက် ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲ မေလတွင်ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၂၀၁၀ ခုနှစ်တွင် အထွေထွေ ရွေးကောက် ပွဲအသစ် ကျင်းပမည်ဖြစ်ကြောင်းကို စစ်အစိုးရက ဖေဖေဖ်ာဝါရီ ၉ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အများပြည်သူအနေနှင့် ယခု ဆန္ဒခံယူပွဲကို စိတ်ဝင်စားမှု နည်းပါးကြောင်း ပြောသည်။

“၁၉၇၄ တုန်းကတော့ ကျနော်မှတ်မိသလောက် အဲဒီ အခုထုတ်တဲ့ ဥပဒေမရှိဘူး၊ အခြေခံဥပဒေမူကြမ်းကိုလည်း ၂ ကြိမ် တိုင်တိုင် ရပ်ကွက်တိုင်းကို ဆင်းရှင်းပြတယ်၊ ဝေဖန် အကြံပြုတာတွေကို ပြင်ပြီး အကြမ်းကို ၂ ခါ စာအုပ် ရိုက်ထုတ်တာ၊ ပြီးတော့မှ အတည်ပြုတော့မှ အတည်ပြု တာကို စာအုပ်ရိုက်ထုတ်တယ်၊ အဲဒီတုန်းက တပါတီ စနစ်တော့ တပါတီစနစ်ပဲ၊ တော်တော်တော့ သန့်ရှင်းအောင် လုပ်တယ်လို့ပြောရမယ်”ဟုလည်း သခင်ချန်ထွန်း က ပြောပြသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုစိုးထွန်းကလည်း“ဒီ စစ်အစိုးရလုပ်တဲ့ ဆန္ဒခံယူပွဲက ဘယ်လိုရလဒ်ပဲ ထွက် လာလာ ကျနော်တို့ သဘောမတူနိုင်ပါဘူး၊ လွတ်လပ်တဲ့ဆန္ဒခံယူပွဲလည်း မဟုတ်နိုင်ပါဘူး၊ တကယ်လို့ အာဏာပိုင်တွေက ဖိအားပေးပြီး မဲထည့်ခိုင်းမယ်ဆိုရင် မဲမထည့်ကြဖို့ ကျနော်တို့က လှုံ့ဆော်ရမှာပဲ” ဟု ပြော သည်။

စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေးဥပဒေနှင့် ကော်မရှင်ဖွဲ့စည်းခြင်းကို ထုတ်ပြန်လိုက် သော်လည်း ၎င်းတို့ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကိုမူ ယခုအချိန်အထိ ပုံနှိပ်ဖြန့်ဝေသည်ကို မတွေ့ရှိရ သေးပေ။

ကိုစိုး ဧရာဝတီ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form