နေပြည်တော်ရှိ အစိုးရဝန်ထမ်းများကို မြေကွက်ချပေး

စစ်အစိုးရက နေပြည်တော်တွင် တာဝန်ကျနေသည့် စစ်သားများ၊ စစ်မှုထမ်းဟောင်းများကို အခွင့်ထူးတရပ်အနေနှင့် နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း အများပြည်သူများထံမှ သိမ်းဆည်းထားသော လယ်မြေကွက်များကို အခမဲ့ပေးဝေ မည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

၂၀၀၇ ခု ဒီဇင်ဘာ၂၈ ရက်နေ့က နေပြည်တော်မြို့တော်ခန်းမတွင်ကျင်းပသည့် အစည်းအဝေးတွင် နေပြည်တော် မြို့တော်ဝန်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး နှင့်စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးသိန်းညွန့် ဦးဆောင်ပြီး အစိုးရအဆင့်မြင့်အရာရှိကြီးများ ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော မည်သည့်တပ်မတော်သားမဆို မြေကွက်ရမှာ ဖြစ်ကြောင်း၊ အစိုးရ ၀န်ထမ်းများအနေနှင့် လည်း ၀န်ထမ်းလုပ်သက် အနည်းဆုံး ၁၀ နှစ်ရှိပြီး နေပြည်တော်တွင် တာဝန်ထမ်း ဆောင် သည့် နှစ် ၂ နှစ်ရှိသူများကို ဦးစားပေးရောင်းချပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့သည်ဟု သိရသည်။

“အခုအရင်လုပ်မှာက တပ်မတော်အရာရှိတွေ၊ စစ်မှုထမ်းဟောင်းတွေကိုဦးစားပေးစနစ်နဲ့ မြေကွက်တွေချပေးမယ်၊ ပြီးရင် နိုင်ငံတော်ကျေးဇူးသစ္စာစောင့်သိတဲ့ အစိုးရ၀န်ထမ်းတွေအတွက်မြေကွက်တွေချပေးဖို့လုပ်နေပါ တယ်” ဟု နေပြည်တော် စည်ပင်ဝန်ထမ်းတဦးက ပြောသည်။

တပ်မတော်သားများအတွက်မြေကွက်များကို အခမဲ့ပေးဝေမည့်အပြင် အိမ်ရာဆောက်လုပ်မည်ဆိုပါကလည်း ဘိလပ်မြေ လိုအပ်ချက်၏ ငါးဆယ်ရာခိုင်နှုန်းကိုအစိုးရဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ရေ ၊ မီးနှင့် တယ်လီဖုန်းများရရှိရန် တာဝန်ယူဆောင်ရွက်ပေးရမည်ဟု ညွှန်ကြားချက်ထုတ်ပြန်ထား ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ၀န်ထမ်းတဦးက ပြောသည်။

“တပ်မတော်သားတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို လျှောက်လွှာတင်ရုံနဲ့တင် မြေကွက်တွေကို အခမဲ့ ချပေးသွား မှာပါ၊ အစိုးရ၀န်ထမ်းတွေကို ပေ ၄၀ x ၆၀ မြေကွက်တကွက်ကို ကျပ် ၃ သိန်းနဲ့ ပေ ၆၀ x ၈၀ မြေကွက်တကွက် ကိုတော့ ၅ သိန်းနဲ့ ရောင်းချပေးမှာပါ” ဟု အထက်ပါ ၀န်ထမ်းကဆိုသည်။

ထို့ပြင် စစ်အစိုးရက နေပြည်တော်ဝန်းကျင် ချင်းရွာလမ်းဆုံတွင်လည်း အဆင့်မြင့်မြို့တော်သစ် စီမံကိန်း အကောင်အထည် မည်ဖြစ်ပြီး ပုဂ္ဂလိကသို့မြေကွက်များ ရောင်းချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အစိုးရက စီမံကိန်းတခုခုအကောင်အထည်ဖော်တော့မယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိအားပေး ခိုင်းစေတာတွေ အမြဲလုပ်နေကြဆိုတော့ အခုနေပြည်တော်မြို့သစ်စီမံကိန်းကိုဘယ်လိုဖိအားပေးပြီး ကျနော်တို့ကို အသုံးချဦးမလဲဆိုတာကို တွေးပြီးကြောက်နေတယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။

ယင်းမြို့သစ်စီမံကိန်းတွင် ရန်ကုန်နှင့်မန္တလေးရှိစီးပွားရေးလုပ်ငန်းရှင်များကို ဖိအားပေးကာမြေကွက်များ ရောင်းချမည် ဖြစ်ကြောင်း ကြားသိရသည်။

“ပေ ၈၀ ပတ်လည်မြေကွက်ကို ကျပ် သိန်း ၂၀၊ ပေ ၁၀၀ ပတ်လည်မြေကွက်ကို သိန်း ၃၀ ၊ ပေ ၁၂၀ ပတ်လည် မြေကွက် သိန်း ၄၀ နဲ့ရောင်းမှာပါ၊ မြို့တော်သစ်မှာနေမယ်ဆိုရင် အိုးအိမ်ဦးစီးဌာနကချထားတဲ့ အဆောက်အဦး ပုံစံပဲဆောက်ရမယ်၊ အိမ်ဆောက်ရင်ကိုယ်တိုင်ဆောက်ချင်ရင်ဆောက်၊ မဆောက်ရင်အစိုးရကပါမစ်ပေးထားတဲ့ ကုမ္ပဏီတွေနဲ့ပဲဆောက်ရမယ်၊ စီးပွားရေးလုံးဝမလုပ်ရဘူး၊ နေရုံသက်သက်ပဲနေရမှာပါ”ဟု အထက်ပါ နေပြည်တော် စည်ပင် ၀န်ထမ်းကဆိုသည်။

နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော စွမ်းအင်ဝန်ကြီးဌာနမှ အငယ်တန်းအရာရှိကြီးတဦးကမူ “အခု တောင် ထွက်စာတင်တာ ထွက်ခွင့်မပြုလို့ ဆက်လုပ်နေရတာ၊ ၀န်ထမ်းချင်းတူတာတောင် စစ်သားဆိုရင်တမျိုး၊ ၀န်ကြီးဌာန၀န်ထမ်း ဆိုတမျိုးနဲ့ ခွဲခြားပြီးမြေကွက်ချတာတော့ သိပ်မမျှတဘူး၊ သူတို့ လျှောက်ခိုင်းတဲ့မြေကွက်လည်း လျှောက်ဖို့အစီအစဉ် မရှိပါဘူး”ဟု ပြောဆိုသည်။

စစ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို ပျဉ်းမနားကြပ်ပြေးဒေသသို့ပြောင်းရွှေ့ပြီး နေပြည်တော်ဟု အမည်ပြောင်းလဲ သတ်မှတ်ပြီးနောက်ပိုင်း နေပြည်တော် ပတ်ဝန်းကျင်ဒေသများကို နိုင်ငံတကာအဆင့်မီ မြို့တော်သစ် ဖြစ်ပေါ်လာရေး အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကုန်ကျမည့် ၁၀ နှစ်စီမံကိန်း တခုကိုရေးဆွဲထားပြီး ဖြစ်ကြောင်း နယ်စပ် ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး နှင့်စည်ပင်သာယာရေးဝန်ကြီးဌာန မှ အရာရှိ တဦးက ပြောသည်။

အောင်သက်ဝိုင်း ဧရာဝတီ သတင်းဋ္ဌာန မှ ရယူပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form