ဈေးမရောင်းရ သတ်မှတ်ထားသော နေရာများတွင် ဈေးရောင်းချသည့် ဈေးသည်များကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစပြီး စည်ပင်ရဲများနှင့် သက်ဆိုင်ရာမြို့နယ် ဒေသခံ ရယကများ၊ မီးသတ်၊ ကြံ့ဖွံ့အဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးလျှက်ရှိကြောင်း သိရသည်။
စစ်အစိုးရက ရန်ကုန်မြို့တော်၏ အချက်အချာကျ ကားလမ်းမကြီးများပေါ်တွင် လမ်းဘေးဈေးသည်များ ရှင်းလင်းရေး အတွက် စီမံကိန်းများချမှတ် ဆောင်ရွက်လျက်ရှိရာ ဈေးမရောင်းရ သတ်မှတ်နယ်မြေတွင် ဈေးရောင်းချသူများကို တွေ့ရှိ ပါက ရိုက်နှက်ဖမ်းဆီးပြီး ထောင်ဒဏ် ၁ လ ပြစ်ဒဏ် သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ရန်ကုန် မြို့တော် အတွင်းရှိ လမ်းဘေးဈေးသည်များကို ဇန်န၀ါရီလ တလအတွင်း အပြီးဖယ်ရှားရန် ညွှန်ကြားခဲ့သော်လည်း လမ်းဘေးဈေး သည်များ ပပျောက်သွားခြင်း မရှိသည့်အတွက် စတင်ရိုက်နှက်ဖမ်းဆီးကာ ထောင်ဒဏ် ချမှတ်ခြင်းဖြစ်ကြောင်း လသာမြို့နယ် စည်ပင်ဝန်ထမ်းတဦးက ပြောသည်။
“ဖေဖော်ဝါရီလဆန်းပိုင်းမှာ စည်ပင်က အထူးအစည်းအဝေး လုပ်တယ်။ လမ်းဘေးဈေးသည်တွေ သတ်မှတ်နေရာတွေမှာ ဈေးမရောင်းရင် ဘယ်လိုအရေးယူမလဲလို့ ဆွေးနွေးကြတော့ ရိုက်နှက်ဖမ်းဆီး ထောင်ချတာတွေလုပ်ဖို့ မြို့တော်ဝန်က ပြောတယ်လို့ သိရတယ်။ အဓိက ရှေ့မှာ စံပြနမူနာ ရိုက်ပြ ထောင်ချပြရင် နောက် ဈေးသည်တွေလည်း ဈေးရောင်းရဲ တော့မှာ မဟုတ်ဘူးဆိုပြီး အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်လို့ သိရတယ်” ဟု အဆိုပါ စည်ပင်ဝန်ထမ်းက ဆိုသည်။
ထိုသို့ ဈေးမရောင်းရ ကန့်သတ်နယ်မြေများတွင် ဈေးရောင်းချသည့် လမ်းဘေးဈေးသည်များကို ရိုက်နှက် ဖမ်းဆီးထောင်ချ မည့် အစီစဉ်သစ် ထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်း အချက်အချာကျ မြို့နယ်များမှ စည်ပင်ရဲများ၊ မြို့နယ် မယကများ၊ ကြံ့ဖွံ့များ၊ မီးသတ်များ၊ စွမ်းအားရှင်များကို မြို့တော်ခန်းမတွင် စည်ပင်အရာရှိများက ခေါ်ယူတွေ့ဆုံကာ ရော်ဘာတုတ်များ၊ ဒိုင်းများ၊ ၀ါးစိမ်းတုတ်များ ထုတ်ပေးခဲ့ကြောင်း မြို့တော်ဝန်နှင့် နီးစပ်သည့် စည်ပင်ဝန်ထမ်းတဦးက ဆိုသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစ၍ လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ် အပါအ၀င် ရန်ကုန်မြို့တွင်း အချက်အချာကျ မြို့နယ်များတွင် ရော်ဘာတုတ်များ၊ ဒိုင်းများ ကိုင်ဆောင်ထားသည့်စည်ပင်ရဲများ၊ ၀ါးစိမ်းတုတ် ကိုင်ဆောင် ထားသည့် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှုင်များ၊ ယာဉ်ထိန်းရဲများကို လမ်းမကြီးများနှင့် လမ်းသွယ်များတွင် ချထားသည်ကို တွေ့ရသည်။
“စံပြမှတ်တိုင်ကနေစပြီး ၁၅ လမ်းသံဈေး၊ သိမ်ကြီးဈေး၊ ဆူးလေထိ လမ်းသွယ်တွေမှာ သံဆူးကြိုးတွေ ချထားတယ်။ စည်ပင်ရဲတိုင်းမှာ ရော်ဘာတုတ်၊ လေးခွ၊ လက်ထိပ်တွေ၊ ဒိုင်းတွေနဲ့ဗျာ။ ရယကတွေလား ကြံ့ဖွံ့တွေလားတော့ မသိဘူး သူတို့ကလည်း လက်ထဲမှာ ၀ါးရင်းတုတ်တွေနဲ့။ တကယ်ကို အရေးအခင်းတုန်းက ပုံစံမျိုးပဲ” ဟု လသာမြို့နယ်အတွင်းရှိ ရွှေဆိုင်တွင် အလုပ်လုပ်သည့် အသက်၂၉ အရွယ်ရှိ အမျိုးသမီးတဦးက ဆိုသည်။
ထိုသို့ လမ်းဘေးဈေးသည်များကို ရိုက်နှက်ဖမ်းဆီး ထောင်ချမှုများကြောင့် ရန်ကုန်မြို့တွင်းတွင် လမ်းဘေး ဈေးသည် အရေအတွက် နည်းပါးသွားကြောင်း သိရသည်။
“မနေ့က ပန်းသီးထမ်းရောင်းတဲ့ ကောင်လေးကို လိုက်ဖမ်းတယ်။ ကောင်လေးက ထွက်ပြေးတော့ စည်ပင်ရဲတွေ ၀ိုင်းလိုက်ပြီး ရိုက်တယ်။ ပြီးတော့ ဒိုင်နာကားပေါ် ဆွဲတင်သွားတယ်။ တကယ် ရိုက်လည်းရိုက် ဖမ်းလည်းဖမ်းတော့ ဈေးသည်တွေလည်း လုံးဝဈေးမရောင်းရဲတော့ဘူးဗျ” ဟု လသာမြို့နယ်၊ သံဈေးအနီး နေထိုင်သူတဦးက ပြောသည်။
“လမ်းမတော် ပလာဇာနောက်က လမ်းတိုလေးကိုစည်ပင်က ဈေးရောင်းဖို့သတ်မှတ်ပေးတော့ ဈေးသည်တွေ အများကြီး စုပြုံရောင်းကြရတယ်။ ၀ယ်သူတွေရော ၊ရောင်းသူတွေရော လုံးဝအဆင်မပြေဘူး။ ပြီးတော့ ဈေးကောက်တနေ့ကို ကျပ်ငါးရာကောက်တယ်” ဟု လမ်းမတော် ပလာဇာနောက် လမ်းတိုလေးတွင် ဈေးရောင်းသည့် ဈေးသည်တဦးက ဆိုသည်။
ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၏ စာရင်းဇယားများအရ ရန်ကုန်မြို့တော်တွင် လမ်းဘေးဈေးသည် စုစုပေါင်း နှစ်သိန်းနီးပါးရှိနေကြောင်း သိရသည်။
အောင်သက်ဝိုင်း ဧရာဝတီ သတင်းဋ္ဌာန မှ

Tags
သတင်း