နေဘုန်းလတ်ကို ထောင်ဝင်စာ တွေ့ခွင့်ရပြီ

ချင်းမိုင်။ ။ ဘလော့ဂ်ဂါ နေဘုန်းလတ်ကို မိသားစုဝင်များက ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ယမန်နေ့က ပထမဆုံးအကြိမ်အဖြစ် ထောင်ဝင်စာ တွေ့ခွင့်ရပြီ ဖြစ်သည်။

ကိုနေဘုန်းလတ် နေထိုင်ရာ သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းက မိသားစုထံ အင်းစိန်ထောင်တွင် ရောက်ရှိသွားကြောင်း အကြောင်းကြားသဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် မိခင် ဒေါ်ခင်သန်းနှင့် အကိုဖြစ်သူက ပထမဆုံးအကြိမ် ထောင်ဝင်စာ တွေ့နိုင်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။

“၉ နာရီခွဲလောက်မှာ အဲဒီနေရာကို ပစ္စည်းတွေနဲ့ သွားရာကနေပြီးတော့ ဝန်ထမ်းတဦးက ပြောပါတယ်။ တွေ့ခွင့် ရ၊ မရ ဆိုတာ ကျနော်တို့ မသိရသေးပါဘူးတဲ့ ဆိုပြီးတော့ပေါ့နော်။ နောက်ပိုင်းကျ သူတို့က တွေ့ခွင့်ရသွားပြီ ဆိုပြီးတော့ သူတို့ကနေ ဖုန်းဆက်ပြီးတော့ ပေးတွေ့ပါတယ်။ တွေ့ရတော့လည်း ၁၅ မိနစ်လောက်ပဲ တွေ့ရတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်ပေါ့နော်။ ဘာမှ သိပ်မစိုးရိမ်ရပါဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကိုနေဘုန်းလတ်သည် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး၊ သူ့ကို အာဏာပိုင်များက ရက်ပိုင်းမျှ ပြည်ထဲရေး ဝန်ကြီးဌာနတွင် ထိန်းသိမ်းပြီး နောက်ပိုင်း အင်းစိန်ထောင် တိုက်အမှတ် ၁၊ အခန်း ၁ ၌ အခြားတဦးနှင့်အတူ ချုပ်နှောင်ထားသည်။

သူ့ကို ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ (ခ) ဖြင့် အရေးယူဖွယ် ရှိကြောင်းနှင့် ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ကျပ် တသိန်း သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ် တပေါင်းတည်း ကျခံရနိုင်သည့် ပုဒ်မဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။

သန်းထိုက်ဦး မဇ္ဈိမ သတင်းဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form