ပြည်သူ = တပ်မတော် = ပြည်သူ

ကျနော်တို့ မြို့ကလေးမှာ နေခဲ့ရစဉ်တုန်းက ဖြစ်ပါတယ်။

နယ်မြေခံ စစ်တပ်က ရှေ့တန်း စစ်ဆင်ရေး တာဝန်တွေအပြီး နောက်တန်းကို နားခွင့်ရတဲ့ အခိုက်မှာ တချို့သော စစ်သားတွေက မြို့ထဲ ထွက်လည်ကြပါတယ်။ ရှေ့တန်းမှာ ပင်ပန်းခဲ့ကြလို့ထင့်၊ တချို့လည်း သောက်ကြ၊ စားကြနဲ့ပေါ့။ သောက်စားကြရင်းနဲ့ ရေချိန် လွန်လာတဲ့ တချို့ စစ်သားတွေက ရမ်းကားတတ်လေ့ ရှိပါတယ်။ လမ်းသွားလမ်းလာ လူငယ်များကို ရန်စ၊ ခိုက်ရန် ဖြစ်တာတွေ၊ အကြောင်းမဲ့ အော်ဟစ်ဆဲဆိုတတ်တဲ့ တချို့တချို့ စစ်သားတွေကြောင့် ထင်ရဲ့။ ကျနော်တို့ အိမ်ခြေရင်းက မွန်အမယ်ကြီးက မွန်သံဝဲ၀ဲနဲ့ မကြာခဏ ရေရွတ်လေ့ ရှိတာက-

`ဒီကောင်တွေ၊ မြန်မြန်သေမှ အေးမှာပါ။ စစ်တပ်ရှိတာက ပိုဆိုးနေသလိုပဲ၊ မရှိတာကမှ ခပ်ကောင်းကောင်း´

***

၁၉၈၈ ခုနှစ် မတိုင်မီက ကျနော်ကပဲ ငယ်သေးလို့လား၊ သတိမထားမိတာလား မပြောတတ်ပေမယ့် ၁၉၈၈ နောက်ပိုင်းမှာတော့ သတိမထားဘဲ နေလို့ မရလောက်အောင် နေရာတိုင်းမှာ အထပ်ထပ်အခါခါ တပြန်တလဲလဲ တွေ့ရမြင်ရ၊ ကြားရတဲ့ ဆောင်ပုဒ် တချို့ ရှိပါတယ်။ အဲဒါတွေကတော့ -

`ပြည်သူနှင့် တသားတည်း ရှိသော တပ်မတော်´

`တပ်မတော် ဖြိုခွဲသူ တို့ရန်သူ၊ တပ်မတော်ပြိုကွဲမည့် အကြံ တို့လက်မခံ´

***

တခါတလေကျတော့ ကျနော်တို့က မိမိယုံကြည်ချက်၊ မိမိခံယူချက်၊ မိမိဖြစ်ချင်တဲ့ ဆန္ဒတွေကို ရေးမိ၊ ပြောမိတာတွေ ရှိပါတယ်။ အဲဒီလို ပြောဆို ရေးသားကြတဲ့ အခါ ကိုယ့်တိုင်းပြည်ကို လက်ရှိဖြစ်နေတဲ့ အနေအထားကနေ ပိုမိုကောင်းတဲ့ အခြေအနေ တရပ်ကို ပြောင်းလဲ လာစေချင်တဲ့ ဆန္ဒကြောင့် လက်ရှိ အုပ်ချုပ်နေသူတွေနဲ့ သူတို့ရဲ့ အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ကို ဝေဖန်တာ၊ သုံးသပ်တာတွေ ရှိလာတတ်ပါတယ်။

အဲဒီလို ဝေဖန်သုံးသပ်မိတဲ့ အခါ တပ်မတော်သား အတော်များများက ကျနော်တို့ကို အဆိုးမြင်ဝါဒီတွေ လို့ တံဆိပ်တခု ကပ်ပေးလိုက်ပါတယ်။ ဒါတင်မက၊ ကြက်တူရွေး စာအံသလို စကားတခွန်းနဲ့ တွင်တွင်ကြီး ကိုင်ပေါက်လေ့ ရှိတာက-

`တပ်မတော်ဆိုတာ နိုင်ငံအတွက် လိုအပ်လို့ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း၊ မစော်ကားနဲ့´

***

တခြားသော အရာတွေကို ဘာမှ ရှည်ရှည်ဝေးဝေး မစဉ်းစားခင်မှာ ကျနော် တယောက်တည်းရဲ့ အမြင်နဲ့ ကိုယ့်ကိုယ်ကို အမေး/အဖြေ လုပ်မိပါတယ်။

`တပ်မတော်ဆိုတာ တိုင်းပြည်အတွက် လိုအပ်ပါသလား´

`ဟာ၊ ဘယ်နှယ့်မေးလိုက်ပါလိမ့်၊ သိပ်လိုတာပေါ့´

`ဒါဖြင့် တပ်မတော်ပြိုကွဲလို့ ဖြစ်ပါ့မလား´

`အမလေး၊ ကိုယ်ကျိုးနည်းရချည်ရဲ့၊ တပ်မတော်ပြိုကွဲတော့ အဲဒီတိုင်းပြည်ကို သူများက အလွယ်တကူ လာသိမ်းသွားမှာပေါ့´

`ဒီလိုဆို တပ်မတော်ကို ပြည်သူက တနည်းအားဖြင့် တိုင်းပြည်က လိုကို လိုအပ်နေတာပေါ့´

`သိပ်ဟုတ်သပေါ့၊ ပြည်သူကို အကာအကွယ်ပေးဖို့လေ´


***


ကျနော် သတိထားမိတာ တခုရှိပါတယ်။ ယနေ့ခေတ် တပ်မတော်ရဲ့ ဟိုးအထက်ပိုင်း ခေါင်းဆောင်ကြီးတွေကနေ ဟိုးအောက်ဆုံး တပ်သားအဆင့်အထိ တလေသံတည်း ထွက်လေ့ရှိတာက သူတို့သည်လည်း ပြည်သူထဲက ပြည်သူတွေပါ ဆိုတဲ့ လေသံပါ။

ပြည်သူထဲက ပြည်သူပါ ဆိုတဲ့ အဖွဲ့အစည်းထဲက လူက ပြည်သူကို နှိပ်စက်လို့ ထောက်ပြ ပြောမိရင်တော့ `စစ်တပ်ပဲကွာ၊ မတထောင်သားတွေနဲ့ ဖွဲ့စည်းထားတာ၊ မကောင်းတဲ့ လူတော့လည်း ရှိတာပေါ့´ လို့ ဆင်ခြေ ပေးပြန်ပါတယ်။ ကဲ၊ ဟုတ်ပြီ။ အဲဒီ မကောင်းတဲ့ လူတွေက ခေါင်းဆောင် တက်လုပ်နေတော့ ဘယ်နှယ့် လုပ်ကြမတုန်းလို့ မေးရင်တော့ နှုတ်ဆိတ် သွားကြပြန်ပါတယ်။ နောက်ဆုံးတော့လဲ ဘူတာဟောင်း `အဆိုးမြင် ၀ါဒီ´ ဆိုတာကို ပြန်ဆိုက်ရပြန်ပါတယ်။

စစ်တပ်ထဲက ဘယ်အဆင့်ရာထူးနဲ့ ပုဂ္ဂိုလ် ဖြစ်နေပါစေ၊ အဲဒီ ပုဂ္ဂိုလ်ကလည်း စစ်တပ်ထဲကို စိတ်ဆန္ဒပါလို့ ၀င်သည်ဖြစ်စေ၊ အကြောင်း တခုခုကြောင့် ၀င်ရသည်ဖြစ်စေ `အခု ခင်ဗျားလုပ်နေတာ ဘယ်သူ့အတွက်လဲ´ လို့ သွားမေးလိုက်ရင် `ဟာ၊ နိုင်ငံအတွက်ပေါ့ဗျာ´ လို့ မဆိုင်းမတွ ပြန်ဖြေကြမယ့် လူချည်းပါပဲ။ အဲဒီလို ပြောပါများရင်းနဲ့ နိုင်ငံမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက ဟိုမှာဆိုလည်း သူတို့၊ ဒီမှာဆိုလည်း သူတို့ နေရာတကာ အတင်းကာရော သူတို့ချည်းသာ ဖြစ်လာတော့ စစ်သားတချို့ရဲ့ ခံယူချက်မှာ စစ်တပ်ထဲကို ၀င်ရတာဟာ မဟာ့မဟာ တိုင်းပြည်တာဝန် ထမ်းဆောင် နေသူကြီးလို့ အထင်ရောက်လာပါတယ်။

နေ့စဉ်ထုတ် သတင်းစာတွေနဲ့ ရေဒီယို၊ ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွေကို ကြည့်လိုက်ပြန်တော့လည်း နေရာတကာတိုင်းမှာ စစ်သားလောက် တိုင်းပြည်အတွက် အလုပ်လုပ်နေသူဆိုတာ မရှိ၊ ဒီတော့ နေရာမကျတာ တခုခုကို ပြောမိတာနဲ့ `တပ်မတော်ကို မစော်ကားနဲ့´ ဆိုတဲ့ စကားလုံးကို တွင်တွင်ကြီး သုံးတော့တာပါပဲ။

တကယ်တော့ စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် လိုအပ်ချက် တခုဆိုတာ အပြည့်အ၀ လက်ခံနိုင်ပါတယ်။ တပ်မတော်ကို ဖြိုခွဲပစ်ဖို့ ဆိုတာဟာလည်း မတွေးသင့် မတွေးအပ်တဲ့ အတွေးပါ။ တပ်မတော် ပြိုကွဲတာနဲ့ တိုင်းပြည်ပါ ပြိုကွဲမယ် ဆိုတာကို ပြည်သူတိုင်းလိုလို နားလည်ကြပြီးသားပါ။ ဒါပေမယ့် လိုအပ်ချက်အရ ရှိနေရတဲ့ တပ်မတော်က မလိုအပ်တဲ့ နေရာတွေမှာပါ ဟိုနှောက်ဒီရှုပ် ဖြစ်နေရင်တော့ မကောင်းလှပါဘူး။

`ပြည်သူအတွက် တသားတည်းဖြစ်သော တပ်မတော်´ လို့ ပြောပြီး ပြည်သူကို ကာကွယ်နေပါတယ်လို့ ဘယ်လောက်ပင် ပြောပါစေ။ တကယ့်လက်တွေ့ လုပ်ရပ်တွေမှာ ပုံမကျ ပန်းမကျ ဖြစ်ရင်တော့ ဝေဖန်ထောက်ပြ ခံရမှာ အသေအချာပါပဲ။ ဒါပေမယ့် အဲဒီလို ဝေဖန် ထောက်ပြသူတွေဟာ `တပ်မတော် ဖြိုခွဲသူ´ မဟုတ်ကြပါဘူး။

ဥပမာ တခုပြောရရင် ရပ်ကွက်ထဲမှာ ခပ်ဆိုးဆိုးဖြစ်နေတဲ့ သားဆိုးကို မိဘဖြစ်သူက `သားလေးရေ၊ မင်း ဒါလေးကတော့ တော်တော် ဆိုးတယ်ကွာ၊ မသင့်တော်ဘူး၊ လိမ္မာစမ်းပါ´ လို့ ဆုံးမသလိုပါပဲ။ ဘယ်မိဘမှ သူ့သားသမီး ဆိုးနေတာကို မကြည့်ချင်ပါဘူး။ မကြည့်ရက်ပါဘူး။ ဒီတော့ မိဘနဲ့ တူသော ပြည်သူက သူ့ရဲ့သားသမီးနဲ့ တူသော တပ်မတော်က မတော်တရော် ဖြစ်နေရင် ဆိုဆုံးမပါတယ်။ ဒါပေမယ့် စစ်တပ်ကိုယ်တိုင်က `တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ´ လို့ ခံယူထားရင်တော့လည်း ဆိုဆုံးမရ အင်မတန် ခက်လှပါတယ်။

***

ကျနော်တို့ နိုင်ငံဟာ ကားကြီး တစီးလိုပါပဲ။ တရွေ့ရွေ့နဲ့ သွားနေတဲ့ ကားကြီးပေါ်မှာ ကားမောင်းသူ မဟုတ်တဲ့၊ တနည်းအားဖြင့် ကားမမောင်းတတ်တဲ့ ကားမောင်းသူတစုက ကားကြီးကို ဟိုယိမ်းဒီယိုင်နဲ့ မောင်းလာခဲ့တာလည်း အတော်ကြာခဲ့ပါပြီ။

ကားထဲက လူတွေကလည်း တကယ့် ကားမောင်းတတ်သူတွေကို မောင်းစေချင်လှပါပြီ။ ပန်းတိုင်ကိုလည်း ရောက်စေချင်လှပါပြီ။ ဒါပေမယ့် မမောင်းတတ်ဘဲ ယခုလက်ရှိ ကားမောင်းနေတဲ့ လူစု အချင်းချင်း သူမောင်းမယ် ငါမောင်းမယ်နဲ့ လုမောင်းကြရင်း ကားကြီးက ချောက်ထဲ ထိုးကျသွားမှာကလည်း ရှိနေပြန်ပါသေးတယ်။

အဲဒီတော့..

ကားမောင်း ကျွမ်းကျင်သူကိုသာလျှင် မောင်းခိုင်းစေချင်တာဟာ ကားကြီးပေါ်မှာ လိုက်ပါလာတဲ့ လူတွေအားလုံး ဘေးမသီ ရန်မခနဲ့ ပန်းတိုင်သို့ ရောက်စေလိုတဲ့ ဆန္ဒသာလျှင် ဖြစ်ပါတယ်။

***

ပြည်သူနှင့် တသားတည်း ဖြစ်သော တကယ့် တပ်မတော် ဖြစ်လာစေရန် ရည်သန်လျက်...

ကလိုစေးထူး

မဇ္ဈိမ သတင်းဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form