နအဖ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်စုအားပုဂ္ဂိုလ်ရေးတိုက်ခိုက်သည်ဟု အန်အယ်လ်ဒီပြော

နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သောကြောင့် ၂၀၁၀ ခုနှစ်၌ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ပြောဆိုသည့်အပေါ် တရားမဝင်ကြောင်းနှင့် ဂ္ဂိုလ်ရေးတိုက်ခိုက်မှုသာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယမန်နေ့ကထုတ်ပြန်လိုက်သည့် အန်အယ်လ်ဒီပါတီ၏ ထုတ်ပြန်ကြေညာချက်တွင် “အခြေခံဥပဒေမရှိသေးပဲ၊ ယင်းရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေလည်း မရှိသေးဘဲ ပြောဆိုခွင့်မရှိသည့် ပုဂ္ဂိုလ်တဦးက ပြောဆိုခြင်းဖြစ်သောကြောင့် လုံးဝတရားမဝင်ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်များတွင် မဖြစ်မနေပါဝင်ရမည့် ပုဂ္ဂိုလ်တဦး ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောကြားချက်သည် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်းနှင့် နိုင်ငံရေးအရထိုးနှက်ပြီး ရွေးကောက်ပွဲဝင်ခွင့်မရအောင် ကြိုတင်ဆုံးဖြတ်ခြင်းမျိုး ဖြစ်နေသည်ဟုလည်း ကြေညာချက်ကဆိုသည်။

နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယခုလ ၁၉ ရက်နေ့ စင်ကာပူနိုင်ငံသို့ရောက်ရှိစဉ် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးအား ၂၀၁၀ ခုတွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရွေးချယ်ခံခွင့် မရှိကြောင်းကို ပြောဆိုခဲ့သည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ရွေးကောက်ပွဲက ၂၀၁၀ ခုနှစ်မှာဆိုတော့ ဒီကိစ္စ အခြေခံဥပဒေမှာ ပါ မပါ ဘယ်သူမှ မသိနိုင်ဘူး။ အခြေခံဥပဒေကို ဘယ်သူကမှ မလေ့လာရသေးတဲ့အချိန်မှာ ဒီလိုလွန်လွန်ကျူးကျူး ပြောတယ်ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သူတို့ရဲ့ (နအဖ) အာဃာတ ဘယ်လောက် ကြီးတယ်ဆိုတာ ထင်ပေါ်တာပေါ့” ဟု ဧရာဝတီကို ပြောသည်။

မြန်မာ့အရေးလေ့လာသူ ကိုဝင်းမင်းက ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မပေးခြင်းသည် သူမ၏ အန်အယ်လ်ဒီပါတီကို အင်အားချည့်နဲ့သွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

စစ်အစိုးရက လာမည့် မေလတွင် ၎င်းတို့ရေးဆွဲထားသည့် အခြေခံဥပဒေအား လူထုဆန္ဒခံယူပွဲပြုလုပ်မည်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ကြေညာထားသော်လည်း အခြေခံဥပဒေအား လူအများ လေ့လာသိရှိနိုင်ရန် ချပြခြင်းမရှိပေ။

၁၉၉၀ ခုနှစ် မေလ၌ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ဝင်ရောက် အရွေးချယ်ခံခွင့်ကို ပိတ်ပင်ခဲ့သည့်အပြင် နေအိမ်အကျယ်ချုပ်လည်း ချထားခဲ့သည်။

စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲကို ကြံ့ဖွံ့အဖွဲ့က ဦးဆောင်ပြုလုပ်မည်ဟူသည့် သတင်းများလည်း ထွက်လျက်ရှိသည်။


ကိုသက် ဧရာဝတီ သတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form