အေးရှားဝေါလ်ကို အမေရိကန်က နာမည်ပျက်စာရင်းသွင်း

မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့ရာတွင် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီး တဦးချင်းစီကို ပစ်မှတ်ထား၍ ဆောင်ရွက်လျက်ရှိရာ နာမည်ပျက်စာရင်းဝင်များကို ထပ်မံထည့်သွင်း လိုက်ပြီဖြစ်ကြောင်း ယမန်နေ့ကအမေရိကန် အစိုးရ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ယခုလက်ရှိတွင် မြန်မာစစ်အစိုးရကို ၎င်း၏ပြည်သူပြည်သားများနှင့်တကွ အပြည်ပြည်ဆိုင်ရာမိသားစု၊ အတိုက်အခံအင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများက စတင်၍ကန့်ကွက်ရှုံ့ချနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ်ကိုယ်တိုင် ထုတ်ပြန်ထားသည့် ကြေညာချက်တွင်ပါရှိသည်။

“မြန်မာစစ်အစိုးရကို ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ အဓိကထားပြီးဆောင်ရွက်ရမှာပဲ။ အမေရိကန်နိုင်ငံအနေ နဲ့ မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့တယ်ဆိုတဲ့နေရာမှာ တဦးချင်းစီကို ပစ်မှတ်ထားပြီးဆောင်ရွက်ရလိမ့် မယ်။ ဘာကြောင့်ဆိုတော့ မြန်မာပြည်သူပြည်သားတွေက စစ်အစိုးရရဲ့ တလွဲအုပ်ချုပ်မှုဒဏ်ကို အပြင်းအ ထန်ခံစားနေရချိန်မှာ သူတို့နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက တကယ့်ကိုချမ်းသာပြီး အခွင့်ထူး ခံဖြစ်နေလို့ပါပဲ” ဟု ဘုရှ်က ၎င်း၏ကြေညာချက်တွင် ထည့်သွင်းပြောဆိုသွားသည်။

ယခုကဲ့သို့ စီးပွားရေးပိတ်ဆို့အရေးယူရာတွင် လတ်တလောအဖြစ်အပျက်အဖြစ် ဖေဖော်ဝါရီ၂၅ရက်နေ့က စတီဗင်လော(ခ) ဦးထွန်းမြင့်နိုင်နှင့် ၎င်း၏ဖခင်လော်စစ်ဟန်၊ ၎င်း၏ဇနီးသည် စင်ကာပူနိုင်ငံသူ စီစီလျာနိုင် တို့ပိုင်ဆိုင်သည့် စင်ကာပူအခြေစိုက် ကုမ္ပဏီ၁၀ခုနှင့် မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီ၎ခု စုစုပေါင်း၁၄ခုကို နာမည်ပျက်စာရင်းသွင်းကာ ၎င်းတို့၏ဘဏ်စာရင်းများကို ထိန်းချုပ်ခဲ့ပြီဖြစ်သည်။

“အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးထွန်းမြင့်နိုင်ရဲ့ဝင်ငွေကိုစိစစ်ကြည့်တော့ သူ့ရဲ့ငွေကြေးကွန် ယက်ထဲမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ရောယှက်နေတယ်လို့ သံသယဖြစ်စရာတွေ့တယ်။ အစောပိုင်း ကာလကနေခုထိ တဦးခြင်းပိုင်စီးပွားရေး ၃၃ခုနဲ့ အစုအဖွဲ့ပိုင်၁၁ခုတို့ကို အရေးယူပြီးခဲ့ပါပြီ” ဟု ဘုရှ်က ဆက်ပြောထားသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် ငွေကြေးထိန်းချုပ်မှု လက်ထောက်ဝန်ကြီး စတူးဝပ် လယ်ဗီးကလည်း ကြေညာချက်ထဲတွင် မြန်မာအစိုးရအနေနှင့် ၎င်း၏ နိုင်ငံ သားများအပေါ် ဖိနှိပ်ချုပ်ချယ်မှု ပြင်းပြင်းထန်ထန် ဆက်လက်ပြုလုပ်နေသရွေ့ ၎င်းတို့အနေနှင့် ဦးထွန့်မြင့် နိုင်ကိုအရေးယူသည့်နည်းတူ စစ်အစိုးရနှင့်ဆက်နွှယ်ပတ်သက်နေသည့် အကျင့်ပျက်စီးပွားရေးသမားများကို ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

အေးရှာဝေါလ်၏ ကုမ္ပဏီခွဲတခုဖြစ်သော ဂိုးလ်ဒင်းအေရွန်ကုမ္ပဏီလိမိတက်မှာ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဓာတ်ငွေ့များကို တရုတ်နှင့်ဖက်စပ်တူးဖော်သည့် စီးပွားရေးလုပ်ငန်းကြီးဖြစ်ပြီး ယခုလက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်ဖြူအနီး၌ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်လျှက်ရှိသည်။

ရန်ကုန်မြို့ရှိ အေးရှားဝေါလ်ကုမ္ပဏီလီမိတက်နှင့် ဂိုးလ်ဒင်းအေရွန်လိမိတက်တို့က ဧရာဝတီ၏ဆက်သွယ် မေးမြန်းချက်ကို ဖြေကြားခြင်းမရှိဘဲ ဦးထွန်းမြင့်နိုင်နှင့် ၎င်းကုမ္ပဏီမှ တာဝန်ရှိသူများ နေပြည်တော်တွင် အစည်းအဝေးသွားတက်နေကြောင်း ပြောသည်။

အမေရိကန်ပြည်ထောင်စု၊ မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့၏ ဒါရိုက်တာတဦးဖြစ်သူ ဦးအောင်ဒင်က မြန်မာစစ်အစိုး ရသည် စီးပွားရေးလုပ်ငန်းရှင်များအားကိုးဖြင့် လူ့အခွင့်အရေးကို ဆက်လက်ချိုးဖောက်နိုင်နေခြင်း ဖြစ်သည်ဟု ပြောကြားသည်။

“ဒီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက စစ်အစိုးရရဲ့ အဆက်အသွယ်နဲ့ တိုင်းပြည်ရဲ့စီးပွားရေးကိုလက်ဝါးကြီး အုပ်ထားတာ။ မြန်မာနိုင်ငံရေးကို ပြုပြင်ပြောင်းလဲဖို့ အရင်ဆုံး ဒီလူတွေကို နိုင်ငံတကာဖိအားပေးမှ ဖြစ်မှာ” ဟု ဦးအောင်ဒင်ကပြောသည်။

အကယ်၍ စစ်အစိုးရအနေနှင့် အဓိပ္ပာယ်ရှိသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမလုပ်ပါက မက်စ်ကုမ္ပဏီ လီမိတက်မှ ဦးဇော်ဇော်၊ စက်မှု၁ ဝန်ကြီးဦးအောင်သောင်း၏ သားများဖြစ်သည့် ဦးနေအောင် နှင့် ဦးပြည်အောင်တို့ကိုလည်း အရေးယူရမည့်စာရင်းသစ်တွင် ထည့်သွင်းသင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သို့ရာတွင် ရန်ကုန်အခြေစိုက် လူသိများသည့်ဂျာနယ်လစ်တဦးကမူ ၎င်းအနေနှင့် စီးပွားရေးပိတ်ဆို့မှုကို သဘောမတူကြောင်းနှင့် စစ်အစိုးရအနေနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပြုလုပ်လိမ့်မည်ဟု မထင်ကြောင်း ပြောကြားသည်။

“ခုဟာက စီးပွားရေးပိတ်ဆို့မှုကိုပဲ ပစ်မှတ်ထားနေတာလေ။ ခုကြည့် ဦးတေဇကို စီးပွားရေးပိတ်ဆို့တယ်။ သူခေါင်းမထူနိုင်တော့ဘူးထား နောက်ထပ်ဦးတေဇတွေကအများကြီးလေ” ဟု ၎င်းကဆက်ပြောသည်။

ဆက်လက်၍၎င်းက စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် အနည်းငယ်အကျိုးသက် ရောက်မှုရှိသည်ဟုဆိုနိုင်သော်လည်း ပညာတတ်လူတန်းစားများကြောင့်သာလျင် ပြုပြင်ပြောင်းလဲမှုပိုဖြစ်နိုင် မည်ဟုဆိုသည်။

“ကျနော်တို့လုပ်ရမှာက လူတွေကို သတင်းအချက်အလက်တွေနဲ့ ဗဟုသုတတွေပိုရအောင် လုပ်ပေးရမယ်” ဟု ၎င်းကပြောသည်။

ယခင်နှစ်စက်တင်ဘာမှစ၍ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် ပစ်မှတ်လေးခုထား၍ စီးပွားရေး ပိတ်ဆို့ခဲ့ရာ အဲပုဂံလေကြောင်းလိုင်းပိုင်ရှင် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇအပါအဝင် ကုမ္ပဏီ၁၂ခုကို ပိတ်ဆို့အရေးယူခဲ့သည်။

ဦးတေဇ၏ဇနီး ဒေါ်သီတာဇော်နှင့် သားပြည့်ဖြိုးတေဇတို့ပိုင်ဆိုင်သောကုမ္ပဏီများဖြစ်ကြသည့် ထူးထရေးဒင်း၊ ပါဗိုထရေးဒင်း၊ အဲပုဂံ၊ စင်ကာပူနှင့် အဲပုဂံလီမိတက်၊ မြန်မာ နှင့် ထူးသစ်ထုတ်ကုန်လုပ်ငန်း စသည်တို့မှာ စီးပွားရေးအဓိကပိတ်ဆို့ခံရသည့် လုပ်ငန်းများဖြစ်ကြသည်။ တခြားသောစီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်ကြသည့် ယုဇနလုပ်ငန်းစုကြီး၏ အမှုဆောင်အရာရှိချုပ်ဦးဌေးမြင့်နှင့် ဇေကမ္ဘာကုမ္ပဏီဥက္ကဌ ဦးခင်ရွှေတို့ ကိုလည်း နာမည်ပျက်စာရင်းသွင်းခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံတခုမှ နိုင်ငံရေးသိပ္ပံပညာရှင်တဦးကမူ စီးပွားရေးပိတ်ဆို့မှုကို ယခုထက်ပို၍ စောစောပြုလုပ်သင့်သည်ဟု ပြောကြားသည်။ ဆက်လက်၍၎င်းက ဦးထွန်းမြင့်နိုင်ကဲ့သို့သော စီးပွားရေး သမားများမှာ တရုတ်နိုင်ငံကဲ့သို့သော စီးပွားရေးဖက်စပ်လုပ်ကိုင်သူတို့ဖြင့် ပူးပေါင်းအလုပ်ဖြစ်နေသည် ဟုဆိုသည်။

ဆက်လက်၍ ၎င်းက “သူတို့ကခုထိတော့ လွတ်အောင်ရှောင်တိမ်းနေနိုင်သေးတယ်။ အမေရိကန်အစိုးရအနေနဲ့ သူတို့ရဲ့ နိုင်ငံခြား မိတ်ဆွေတွေကိုပါ မြင်သင့်တယ်။ မဟုတ်လို့ကတော့ တရုတ်လိုနိုင်ငံမျိုးနဲ့ပေါင်းပြီး ဆက်အလုပ်ဖြစ်နေဦးမှာ” ဟုဆိုသည်။

“တရုတ်ယွမ်က အရမ်းခိုင်တယ်ဗျ။ ကျနော်သိသလောက်တော့ စစ်အစိုးရနဲ့ သူ့အပေါင်းအပါတွေက တရုတ်ဘဏ်တွေနဲ့ပေါင်းပြီး အလုပ်ဆက်လုပ်ကြလိမ့်မယ်” ဟု ၎င်းကဆက်ပြောသည်။

အေးချမ်းမြေ့ ဧရာဝတီ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form