အဓမ္မလုပ်အားပေး ခိုင်းစေခြင်းနှင့်ပတ်သက်၍ မြန်မာစစ်အာဏာပိုင်များနှင့်တွေ့ဆုံဆွေးနွေးရန် ယမန်နေ့က ရောက်ရှိနေသော ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်(အိုင်အယ်လ်အို) ထိပ်တန်းအရာရှိသည် ယနေ့ နေပြည်တော်သို့ သွားရောက်မည် ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အိုင်အယ်လ်အို ကိုယ်စားလှယ် အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ ကာရီ တာပီအိုလာနှင့် ၎င်းတို့ရုံးအဖွဲ့သားများ တနလာင်္နေ့က တွေ့ဆုံကြောင်း ရန်ကုန်မြို့ အိုင်အယ်လ်အို ရုံး ဆက်ဆံ ရေး အရာရှိ မစ္စတာ စတီဗင် မာရှယ်က ဧရာဝတီ သို့ပြောသည်။
မစ္စတာ ကာရီ တာပီအိုလာသည် ၎င်း၏ ၄ ရက်ကြာ ခရီးစဉ်အတွင်း ယနေ့တွင် နေပြည်တော်သို့သွားရောက်၍ စစ်အာဏာပိုင်များနှင့်တွေ့ဆုံကာ ဖေဖော်ဝါရီ ၂၆ ရက် ယနေ့တွင်ကုန်ဆုံးမည့် အိုင်အယ်လ်အို နှင့်မြန်မာအစိုးရ တို့အကြား နားလည်မှုသဘောတူညီချက်များ သက်တမ်းတိုးမှုနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု ယူဆရသည်။
အိုင်အယ်လ်အိုက မြန်မာစစ်အစိုးရနှင့်၂၀၀၇ ခုနှစ်အတွင်းကပြုလုပ်သော နားလည်မှု သဘောတူညီချက်တွင် အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့်ပတ်သက်ပြီး အိုင်အယ်လ်အို ဆက်ဆံရေးအရာရှိသို့ တိုက်ရိုက် သတင်းပေးပို့ တိုင်ကြားနိုင်ပြီး တိုင်ကြားသူကို အာဏာပိုင်များက လက်တုံ့ပြန် အရေးမယူရန်တို့ ပါရှိသည်။
ယင်းနားလည်မှု သဘောတူညီချက်တွင် နိုင်ငံတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှုများနှင့်ပတ်သက်ပြီး အိုင်အယ်လ်အို ဆက်ဆံရေးအရာရှိ၏ အခန်းကဏ္ဍသည် တိကျသေချာသော တိုင်ကြားမှုများအား မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ရန် ပါရှိကြောင်းလည်း သိရသည်။
ထို့အပြင် အိုင်အယ်လ်အိုသို့ တိုင်ကြားသည့် အဓမ္မလုပ်အားပေးခိုင်းစေမှုများအား စစ်အစိုးရက စိစစ် ခွင့်ပြုပြီးမှ သာ အိုင်အယ်လ်အိုက ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အာဏာပိုင်များက လက်တုံ့ပြန်မည်ကို စိုးရိမ်ကြောက်ရွံ့စရာမလိုကြောင်းတို့သည်လည်း အဆိုပါ နားလည်သဘောတူညီချက်တွင် ပါရှိသည်။
အိုင်အယ်လ်အို အင်တာနက်စာမျက်နှာတွင်မူ အိုင်အယ်လ်အိုက လက်ရှိ မြန်မာနိုင်ငံတွင်း လုပ်ကိုင်ဆောင်ရွက်မှု များနှင့်ပတ်သက်ပြီး မြန်မာအစိုးရနှင့် အိုင်အယ်လ်အို အကြား နားလည်မှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ အိုင်အယ်လ် အို ဆက်ဆံရေး အရာရှိက စိုးရိမ်မှုရှိနေကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှုများ ပပျောက်ရေးအတွက် ဓိက အချက်မှာ အိုင်အယ်လ်အို ဆက်ဆံ ရေးရုံး ဖွင့်လှစ်ထားရှိရမည်ဖြစ်သည်ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့(အိပ်ခ်ျအာဒီပီ) မှ ကိုအောင်ကျော်စိုး က ပြောသည်။
“အဲဒီ ဆက်ဆံရေးရုံးဖွင့်လိုက်တယ်လို့ကြားရတဲ့အတွက် ကျေးလက်တောရွာ က လူတွေ အနေနဲ့ အဓမ္မလုပ်အား ပေးခိုင်းစေမှုတွေကို တိုင်ကြားဖို့ မကြောက်ကြတော့ဘူး”ဟု ၎င်းက ပြောသည်။
သို့သော် ၂၀၀၇ ခုနှစ် ဧပြီလအတွင်းက အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့်ပတ်သက်ပြီး အိုင်အယ်လ်အိုသို့ တိုင်ကြား သည့်အတွက် ဧရာဝတီတိုင်း ဟင်္သာတမြို့မှ ကိုမြင့်နိုင်အား ဒေသအာဏာပိုင်များက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။
ယင်းမတိုင်ခင် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှ မေလ အထိ ၃ လအတွင်း၌ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ပတ်သက်သည့် တိုင်ကြားမှုပေါင်း ၂၀ ကို အိုင်အယ်လ်အိုက လက်ခံရရှိခဲ့သည်။ ယင်းတိုင်ကြားချက်များကို ရန်ကုန်တိုင်း အတွင်း ၆ ခု ၊ ဧရာဝတီတိုင်းမှ ၅ ခု ၊ မကွေးတိုင်းမှ ၄ ခု ၊ ပဲခူးတိုင်းအတွင်း ၂ ခု ၊ ရခိုင်ပြည်နယ် ၊ ကချင်ပြည် နယ် နှင့် ချင်းပြည်နယ်များမှ ၁ ခု စီ လက်ခံရရှိကြောင်း သိရသည်။
ကိုစိုး ဧရာဝတီ သတင်းဌာန

Tags
သတင်း