လာမည့်မေလတွင် လူထုဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုမည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို အပြီးသတ်ရေးဆွဲပြီးပြီဖြစ်ကြောင်း နအဖစစ်အစိုးရက ယမန်နေ့ညတွင် ကြေညာသည်။
စစ်အစိုးရသည် ယမန်နှစ် အောက်တိုဘာတွင် အဖွဲ့ဝင် (၅၄) ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ကို ဖွဲ့စည်း၍ အမျိုးသားညီလာခံမှချမှတ်ခဲ့သည့် အခြေခံမူများဖြင့် ဖွဲ့စည်း ပုံမူကြမ်းကို အပြီးသတ်ရေးဆွဲရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။
ယခု ပြီးစီးသွားသော ဖွဲ့စည်းပုံမူကြမ်းသည် ကော်မရှင်အဖွဲ့ဝင်အားလုံး၏ အကြိမ်ကြိမ်ဆွေးနွေး အကြံပြုချက်များဖြင့် သဘောတူဆုံးဖြတ်ကာ အတည်ပြုထားခြင်းဖြစ်ကြောင်း ဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင် ဥက္ကဋ္ဌ တရားသူကြီးချုပ် ဦးအောင်တိုးက နအဖမီဒီယာများမှတဆင့် ပြောကြားသည်။
မူကြမ်းတွင်ပါရှိသည့် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများကို အမျိုးသားညီလာခံ ကျင်းပစဉ်က ပြည်သူများ သိရှိလေ့လာနိုင်ရန် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာတို့တွင် အသေးစိတ်ထုတ်ပြန်ခဲ့ပြီး စာအုပ်ကိုလည်း ပုံနှိပ်ဖြန့်ချိပေးခဲ့ပြီးဖြစ်သည်ဟု ဦးအောင်တိုးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲ ရေးနှင့် ညှိနှိုင်းမှုကော်မတီ (FCDCC) ကမူ နအဖ၏ ဖွဲ့စည်းပုံသည် လူထုဆန္ဒမပါဘဲ ၎င်းတို့ အလိုကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံသာဖြစ်သည်ဟု ဝေဖန်လိုက်ပြီး စစ်တပ်က ရွေးကောက်
ပွဲဝင်စရာမလိုဘဲ အလိုအလျောက် လွှတ်တော်နေရာ လေးပုံတပုံရယူမည်ဆိုသည့် အခြေခံမူ
သည် မဖြစ်သင့်သည့်ကိစ္စဖြစ်ကြောင်း ပြောသည်။
FCDCC အတွင်းရေးမှူး ဦးသိန်းဦးက “တပ်မတော်သားတွေလည်း အခြားသော အစိုးရ၀န်ထမ်း
တွေနည်းတူ အသီးသီးကိုယ့်နေရာနဲ့ကိုယ် တာဝန်ရှိကြတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အထူးအခွင့်အရေးခံစားစရာ အကြောင်းလည်းမရှိပါဘူး။ တကယ်တမ်းအားဖြင့်ဆိုရင် အချုပ် အခြာအာဏာဟာ ပြည်သူလူထုလက်ထဲမှာရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုဟာ သူတို့ ကြိုက်နှစ်သက်တဲ့ပုဂ္ဂိုလ်တွေကို မဲပေးရွေးချယ်ခြင်းဖြင့်သာ ပြည်သူ့ကိုယ်စားလှယ်တွေ အစစ်အမှန်ကို ရရှိမှာဖြစ်ပါတယ်” ဟု ပြောသည်။
အခြေခံဥပဒေသစ်အရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားကိုလက်ထပ်ထားသူဖြစ်၍ ရွေးကောက်ပွဲဝင်ခွင့်ရမည်မဟုတ်ဟု နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက စင်ကာပူနိုင်ငံ၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
ယင်းပြောဆိုချက်သည် တဖက်သတ်စွပ်စွဲပြောဆိုမှုသာဖြစ်ကြောင်း၊ လွှတ်တော်အမတ်ဖြစ်ရန် နိုင်ငံခြားသားနှင့် လက်ထပ်ထားသူဖြစ်ခြင်း မဖြစ်ခြင်းထက် နိုင်ငံသားဖြစ်မဖြစ်နှင့် နိုင်ငံခြား အထောက်အပံ့ရယူသူ ဖြစ်မဖြစ်က ပိုမိုအဓိကကျကြောင်း ဦးသိန်းဦးက ပြောသည်။
ဖွဲ့စည်းပုံမူကြမ်းကို စမ်းစစ်ဝေဖန်နိုင်ရန် လူထုအကြား ကျယ်ကျယ်ပြန့်ပြန့်ချပြရန်လိုအပ်ပြီး
နအဖ သတင်းစာများသည် ၎င်းတို့ အတည်ပြုထားချက်များကိုသာ တဖက်သတ်တင်ပြနေခြင်း ဖြစ်သဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ပေးရန်လိုအပ်ကြောင်း FCDCC က ပြောကြားသည်။
ပီတာအောင် ခေတ်ပြိုင် သတင်းဋ္ဌာန မှ

Tags
သတင်း