ချင်းမိုင်။ ။ နအဖ စစ်အစိုးရ ကျင်းပမည့် မေလ လူထုဆန္ဒ ခံယူပွဲအား ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ယနေ့ ကျရောက်သော နှစ် ၆ဝ ပြည့် ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားများက ပြောဆိုလိုက်ကြသည်။
အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းပခဲ့သည့် နှစ် ၆ဝ ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားများတွင် နအဖ ၏ လာမည့် မေလတွင် ပြုလုပ်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲနှင့် ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထုဆန္ဒ အခြေမခံသည့်အတွက် ဆန့်ကျင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
“စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲကို အပြင်းအထန် ကန့်ကွက်တယ်။ ၂ဝ၁ဝ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လုံးဝ ကန့်ကွက်တယ်။ မေလမှာ ပြုလုပ်မယ့် ဆန္ဒခံယူပွဲဟာ အမျိုးသား ညီလာခံကို မတက်ချင်တဲ့ သူတွေကိုတောင် ဆွဲခေါ်ပြီးတော့၊ တံခါးပိတ်ပြီးတော့ တက်ခိုင်းသလိုပဲ၊ ပြည်သူတွေလည်း တအိမ်တယောက် မတက်မနေရ။ မတက်ရင် ဒဏ်ခတ်မယ်ဆိုတဲ့ ပုံစံနဲ့ပဲ ပြန်သွားမှာ ဖြစ်တယ်။ ပြည်သူလူထုကို ခြောက်လန့်ပြီးတော့ လုပ်နေခြင်းဟာ စစ်မှန်တဲ့ အခြေဥပဒေ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီအတွက် လုံးဝ လက်မခံနိုင်ပါဘူး” ဟု နယူးဒေလီ ဆန္ဒပြပွဲတွင် ချင်းကျောင်းသားများသမဂ္ဂ (စီအက်စ်ယူ) ဥက္ကဋ္ဌ ကိုဆန်းငါက ပြောသည်။
ထိုင်းနိုင်ငံတွင် ပြုလုပ်သော ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) ၏ နိုင်ငံခြားရေးရာ တာဝန်ခံ ဒေါက်တာ ရွှေခါး က “အမျိုးသားညီလာခံ ကျင်းပကတည်းက ကျနော်တို့ ပြောပြီးသားပါ။ ဒါပေမဲ့ သူတို့ကတော့ လုပ်နေတာပဲ။ အခု သူတို့ ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်မယ် ဆိုတဲ့အခါကျတော့ ကျနော်တို့ ဘယ်လောက်ပြောပြော သူတို့ လုပ်နေမှာပဲ။ ဒါပေမဲ့ ကျနော်တို့လည်း တိုက်နေရမှာပဲ။ တိုက်နေတယ် ဆိုတဲ့နေရာမှာ ပြည်သူလူထုနဲ့ တိုက်နေရမှာပဲ။ နောက်တခုက အပြည်ပြည်ဆိုင်ရာ” ဟု ပြောသည်။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ချင်းအမျိုးသား ၅ဝဝဝ ကျော် တက်ရောက်သည့် ပထမအကြိမ် ချင်းအမျိုးသား လူထု အစည်းအဝေးပွဲကြီးတွင် ချင်းပြည်နယ်တွင် ကျင့်သုံးခဲ့သော မြေရှင် ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းကာ လူထုဆန္ဒအတိုင်း ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ တည်ဆောက်ရန် တခဲနက် ဆုံးဖြတ်နိုင်ခဲ့သော နေ့ထူးနေ့မြတ်ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယအခြေစိုက် ချင်းအမျိုးသားကောင်စီ (စီအန်စီ) မှ အတွင်းရေးမှူး Victor Biak Lian က “ဒီကနေ့ ဒီမိုကရေစီ တောင်းဆိုမှု လုပ်ငန်းတွေ ကျနော်တို့ လုပ်တယ်။ ကျနော်တို့ မလိုချင်တာကို၊ စစ်အာဏာရှင်စနစ်ကို ကျနော်တို့ စုပေါင်းအင်အားနဲ့ ပြန်ပြီး တိုက်ထုတ်ပြီး အများပြည်သူ ဆန္ဒဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို အစားထိုးဖို့ ချင်းအမျိုးသား အားလုံးနဲ့တကွ တိုင်းရင်းသား အားလုံး တာဝန်ဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။
ချင်းအမျိုးသားများ ရပ်တည် ရှင်သန်နိုင်ရေးသည် ချင်းအမျိုးသားထု တရပ်လုံး၏ အမျိုးသားရေး တာဝန်တရပ် ဖြစ်သည်နှင့်အညီ သွေးစည်းညီညွတ်မှုကို ပိုမို ကျစ်လစ်စေရန် တည်ဆောက်သင့်ကြောင်း ယနေ့ ထုတ်ပြန်သည့် စီအန်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ချင်းအမျိုးသားနေ့အား ကျင်းပခွင့် မရရှိသည့်အတွက် လွတ်လပ်စွာ ပြန်လည် ကျင်းပခွင့် ပေးရန်အတွက် အိန္ဒိယအခြေစိုက် ချင်းအမျိုးသားများက ဆန္ဒပြပွဲအတွင်း နအဖ စစ်အစိုးရကို တောင်းဆိုခဲ့ကြသေးသည်။
ဒေါက်တာ ရွှေခါးက “ချင်းအမျိုးသားနေ့ကို ဘယ်လိုပဲ ပယ်ဖျက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ချင်းလူမျိုးတွေ အနေနဲ့ စိတ်ထဲမှာတော့ ဒီနေ့ကို ချင်းမျိုးသားနေ့၊ နေ့ထူးနေ့မြတ်အဖြစ် ကမ္ဘာတည်တရွေ့ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
နှစ် ၆ဝ ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားများကို ဂျပန်၊ ဂျာမဏီ၊ သြစတေးလျား၊ မလေးရှားနှင့် အမေရိကန် နိုင်ငံတို့တွင်လည်း ချင်းတိုင်းရင်းသားရိုးရာ အတီးအမှုတ် အကများနှင့် စည်ကား သိုက်မြိုက်စွာ စီရင် ကျင်းပခဲ့ကြကြောင်း သိရသည်။
ဖနိဒါ၊မြင့်မောင် မဇ္ဈိမ သတင်းဋ္ဌာန မှ

Tags
သတင်း