မယောင်ရာ ဆီလူးနေသည်များကို ရပ်ကြပါတော့ဟူ၍ အစပြု ပြောချင်ပါတော့သည်။ နအဖ ကတော့ သူတို့ဘက်က ပြင်ဆင်မှုခိုင်မာနေပြီ။ အခြေသာနေပြီဟုယူဆ၍ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ ရာဇသံကိုတင်၍ ထိုးစစ်ကိုစရန် အသံပြုလိုက်ပြီဖြစ်သည်။ ထို အခြေအနေတွေ ကြောင့်ပဲထင်သည် ဒေါ်အောင်ဆန်းစုကြည်က “အကာင်းဆုံးကိုလည်း မျှော်လင့်ထားဖို့လို သလို အဆိုးဆုံးကိုလည်း ပြင်ဆင်ထားပါ” ဟု မကြာခင်ကမှ တပ်လှန့်ထားခဲ့ခြင်းဖြစ်သည်။
ဒေါ်စု (DASSK) ၏ သတင်းပါးလိုက်သော ဤစကား၏ ဒုတိယပိုင်း ဖြစ်သော အဆိုးဆုံးကို ပြင်ဆင်ထားဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရလျှင် အဆိုးဆုံးအခြေအနေကို မရောက်အောင်တားဆီးရန် ပြင်ဆင်ထားဖို့လည်းလိုသကဲ့သို့ ထိုအခြေအနေကို မတားဆီးနိုင်ခဲ့လျှင်လည်း အဆိုးဆုံး အခြေအနေကို ဖြတ်သန်းကျော်ဖြတ်နိုင်ရန် ပြင်ဆင်ထားပါဟူ၍ မိမိတို့ သဘောပေါက် နားလည်ထားခဲ့ပါသည်။
ထိုကြောင့်လည်း ဤကဲ့သို့ အခြေအနေနှစ်ခုစလုံးကို ကျော်ဖြတ်နိုင်ဖို့အတွက် ဆန္ဒစွဲများကို ဖယ်ရှား၍ လက်တွေ့ပကတိ အခြေအနေတွေကို အခြေခံ၍ သုံးသပ်ပြင်ဆင်ကြရန် သမိုင်းက အပူတပြင်းတောင်းဆိုနေသည်မှာ ငြင်း၍မရသောအချက်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ပြင်ဆင်သင့်သည်များကိုလည်း ပြင်ဆင်ကြပါ။ လျှို့ဝှက်သင့်သည်များကိုလည်း လျှို့ဝှက်ကြပါ။ ထို့အပြင် ဤပွဲတွင် အဓိကပါဝင် ကပြရမည့်သူများဖြစ်သည့် လူထုကိုလည်း အသိ ပေးချပြသင့်သည်များကိုလည်း ချပြ၍ ပြင်ဆင်ပါစေ။
မိမိနှင့်တကွ အမြင်ညီသော မိတ်ဆွေများက အခြေအနေပေးလျှင်ပေးသလို နီးစပ်သူများကိုလည်းကောင်း၊
မီဒီယာစာမျက်နှာများမှတဆင့်လည်းကောင်း နအဖအနေဖြင့် သူတို့၏ road map အဆင့် (၄) ဖြစ်သော တမတ်သားအခြေခံဥပဒေ ဆန္ဒခံယူပွဲကို မကြာခင် အချိန်တွင် တက်သုတ်ရိုက်၍ကျင်းပ အကောင်အထည်ဖော်သွားနိုင်သည်။ ထို့ကြောင့် မိမိတို့ဘက်
က ကြိုတင်ပြင်ဆင်မှုများကို လုပ်ထားသင့်ပြီ။ မြန်မာပြည်တ၀န်းတွင်လည်း နအဖကပြင်ဆင်မှုများ လုပ်နေသည်ကိုလည်း တွေ့နေရသည်။
သို့သော် မိတ်ဆွေတွေအတော်တော်များများကတော့ ဤကဲသို့ မယူဆခဲ့ကြပါ။ စက်တင်ဘာ အရေးအခင်း အဟုန်က မပြေသေးတာကြောင့်လည်း ဖြစ်နိုင်ပါလိမ့်မည်။ နအဖ အနေဖြင့် စက်တင်ဘာအရေးအခင်းကြောင့် ဤမျှ အကျဉ်းအကျပ်ထဲ ရောက်နေခဲ့သည်။ ထိုကဲ့သို့ အခြေအနေတွင် ထိပ်တိုင်ရင်ဆိုင်ရသည့်အခြေအနေကို ဖြစ်လာစေသည့် နိုင်ငံရေးလုပ်ကွက်
မျိုးကို လုပ်လာနိုင်လိမ့်မည်မဟုတ်၊ သူတို့အတွင်းမှာလည်း အကျပ်အတည်းတွေ အများကြီးရှိနေသည်။ ထို့ကြောင့် ဆန္ဒခံယူပွဲလိုဟာမျိုးကို နအဖ အနေဖြင့် လတ်တလောတွင် တက်သုတ်ရိုက် လုပ်လာနိုင်လိမ့်မည်မဟုတ်ဟုသာ တော်တော်များများက တုံ့ပြန်ခဲ့ကြပါသည်။ ထိုကဲသို့ သုံးလည်း သုံးသပ်ပြုမူခဲ့ကြပုံရပါသည်။
ထိုသို့ဆိုလျှင် နအဖစစ်အုပ်စုအနေဖြင့် ဘာကြောင့် ယခုကဲသို့ ခြေလှမ်းမျိုးကို လှမ်းလိုက်သနည်း။ထိုမေးခွန်းကို ၀ိုင်းဝန်း၍ စဉ်းစားကြစေချင်ပါသည်။တွေးမိသော အမြင်တခုတော့ ရှိပါသည်။ သို့သော် ပြည့်စုံသည့် အမြင်ဟုတော့မဆိုလိုပါ။ နအဖက လက်ရှိပြည်တွင်းနိုင်ငံရေးအခြေအနေကို သူတို့ချုပ်ကိုင်ထားနိုင်လိုက်ပြီဟု ယူဆနေပုံရသည်။ ဒီပဲယင်းနောက်ပိုင်း (ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဆောင်နိုင်သူများကို ဖမ်းဆီးဖိနှိပ်ခဲ့ပြီးနောက်) အပြင်တွင်ကျန် ရှိနေသည့် ဦးဆောင်လှုပ်ရှားနိုင်သူများ (အထူးသဖြင့် ၈၈ မျိုးဆက်တွေ၊ NLD လူငယ်တွေ) အားလုံးကို ဒီစက်တင်ဘာအရေးအခင်းအတွင်းနှင့် နောက်ပိုင်းတွင် မြေလှန်လိုက်နိုင်ပြီဟု ယူဆနေပုံရသည်။ တချို့တွေကိုတော့ နောက်ပိုင်းတွင်ပြန်လွှတ်ပေးခဲ့သော်လည်း သူတို့၏ ဒေါက်တိုင်မျိုးစုံ၏ လက်တံရှည်ကြီးများဖြင့် ရပ်ကွက်တွေထဲထိရောက်အောင် ထိန်းချုပ်နိုင် လိုက်ပြီဟုလည်း ယုံကြည်နေပုံရပါသည်။
နိုင်ငံတကာ အခြေအနေတွေကိုတော့ နအဖစစ်အုပ်စုအနေဖြင့် ကြောက်ယောင်ဆောင်ပြသည့် ယောင်ပြတွေမှလွဲ၍ သိပ်ပြီးအာရုံရနေခဲ့ပုံမရပါ။ ယနေ့ ကမ္ဘာ၏ ကိုယ်ကျိုးစီးပွားကိုသာ အခြေခံသည့် လက်တွေ့ နိုင်ငံရေးကစားကွင်းကြီးထဲမှာ နအဖ ကတော့ နိုင်ငံကြီးတွေ၊ အိမ်နီးချင်းနိုင်ငံတွေကို ထိုအကျိုးစီးပွားဆိုသည့်အပေါ်တွင်ပဲ အခြေတည်၍ လိမ်ကာ၊ ကောက်ကာဖြင့် သူတို့၏ခြေကို ဖော်ပြကစားခဲ့ပြီးဖြစ်သည်။ တကယ်တော့လည်း ဖိအားတွေ၊ အတားအဆီးတွေဆိုသည်မှာ နအဖကို အတိုင်းအတာတခုထိ ချုပ်နှောင်ထားနိုင်ခဲ့သည်မှာ မှန်သော်လည်း နအဖကို အသက်ရှုကျပ်သွားလောက်အောင်၊ ဒူးထောက်သွားလောက်အောင် အခြေအနေတွေ အထိတော့ မတက်နိုင်သေးပါ။ နအဖကတော့ လက်ရှိအခြေအနေတွေထိ သူတို့နည်း၊ သူတို့
ဟန်တွေဖြင့် ကျော်လွားနေနိုင်သေးသည်။ သို့သော်လည်း နိုင်ငံတကာမှ မိမတို့ရဲ့လှုပ်ရှားမှုတွေ၊ lobby တွေကတော့ ဆက်လက်လှုပ်ရှားနေရပေမည်။ နအဖ ၏ ထွက်ပေါက်များကို ပိုမို၍ ပိတ်ထားနိုင်သမျှ ပိတ်ဆို့ထားနိုင်အောင် ထပ်မံ၍လည်း အရှိန်မြှင့် လုပ်ဆောင်ရပေလိမ့်မည်။ သို့သော် ထိုအပေါ် အာရုံပြု၍ စောင့်နေလို့တော့ မရပေ။ ဤသည်မှာ အရန်တွန်းအားသာဖြစ်
သည်။ ထိုကြောင့်လည်း နိုင်ငံတကာ သံတမန်ရေးတွေဖြင့် လူထုကို မျက်စိမလည်သွားစေဖို့  အရေးကြီးပါသည်။
ဒီတကြိမ်တွင်တော့ နအဖစစ်အုပ်စုအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ပုံစံအဖြစ်မျိုး ထပ်၍ သူတို့ အရောက်ခံ၍ မရကြောင်းကို သင်ခန်းစာယူခဲ့ပြီးပုံရပါသည်။ ၁၉၅၄ နှင့် ၁၉၆၀ ရွေးကောက်ပွဲများတုန်းကလို အတိုက်အခံတွေ ပြည်သူတွေကို စစ်တပ်ကျောထောက်နောက်ခံဖြင့် ပျူစောထီးတို့၊ ကြံ့ခိုင်ရေးတို့က ဖိနှိပ်မှုမျိုးဖြင့် ၁၉၇၄ ၏ အောင်ပွဲကိုယူမည်ဟု မျှော်မှန်းထားပုံလည်း ရပါသည်။ တချို့က ပြောနေကြသည့် နိုင်ငံတကာ၏ မော်နီတာဆိုတာကရော နအဖအနေဖြင့်ကတော့ စဉ်းစားပြင်ဆင်ထားလျှင်လည်း ထားနိုင်ပါသည် သို့မဟုတ် ဂရုမစိုက်ဆိုပြီး လုပ်ချင်လည်း လုပ်နိုင်ပါသေးသည်။
နောက်ဆုံးအခြေအနေသို့ ရောက်လာခဲ့လျှင်တော့ ထိုကိစ္စသည် မိမိတို့အတွက်လိုအပ်ပါသည်။ သို့သော် ပုံတော့ မအောထားသင့်ပါ။ စစ်အေးခေတ်နောက်ပိုင်း ကမ္ဘာတလွှားတွင် ဆန္ဒခံယူပွဲတွေ၊ ရွေးကောက်ပွဲတွေ အနှံ့အပြားဖြစ်ပွားခဲ့သည်။ ကောင်းမွန်မျှတစွာ ပြီးဆုံးခဲ့သည်များလည်း ရှိသလို နိုင်ငံတကာက အနီးကပ်စောင့်ကြည့်နေသူတွေများကြားမှ မျက်လှည့်ပြသွားနိုင်သူတွေ ကလည်း ဒုနဲ့ဒေး ရှိနေခဲ့သည်။ သိသိကြီးနှင့် လက်ဆုပ် လက်ကိုင်မပြနိုင်၍ လျော့ရိလျော့ာရဲ တွေဖြစ်သွားခဲ့တာတွေလည်း ရှိခဲ့သည်။ ထို့အပြင် ပထမတန်း အနောက်နိုင်ငံတွေကလို ကွန် ပျူတာအခြေပြု မဲပေးစနစ်မျိုးမဟုတ်၊ တတိယကမ္ဘာ့နိုင်ငံတွေက မဲရုံစနစ်ပုံစံဖြစ်သည်ကို
လည်း သတိပြုသင့်သည်။
အရှေ့တီမောလို နိုင်ငံငယ်မှာလိုမျိုးအဆိုးဆုံး အခြေအနေတွေ၊ သွေးမြေကျမှုတွေကို ဖြတ်သန်း
ပြီး နိုင်ငံတကာ၏၀င်ရောက်ကူညီမှုကြောင့် ပန်းတိုင်တော့ရောက်ခဲ့သည့် နိုင်ငံအနည်းငယ်တော့ ရှိခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ကျေးလက်ဒေသသည် ကျယ်ပြန့်သည်။ ဝေးလံခေါင်သီသည်။ အများစုသော လူဦးရေကလည်း ကျေးလက်တို့တွင်သာများသည်။ မော်နီတာတွေ လက်လှမ်းမှီသည့် မြို့ကြီး၊ မြို့ငယ်တွေမှာတော့ နအဖအနေဖြင့် လက်ဝင်လျှိုချင်မှ လျှိုလိမ့်မည်။ သို့သော် ကျေးလက်တွေကိုတော့ လက်ဝါးကြီးအုပ်၍ အနိုင်ရာခိုင်နှုန်းကို ယူသွားနိုင်လိမ့်မည်ဟု နအဖ ကတော့ တွက်ထားပုံရပါသည်။ ထိုကြောင့်လည်း နိုင်ငံတကာမှ စောင့်ကြည့်နေသည်။ အနီးကပ် မော်နီတာလုပ်နေသည်ဆိုတာနှင့်လည်း လူထုကို ထွေပြားအောင် မဖြစ်စေချင်ပါ။
တကယ်တော့ အချိန်က သိပ်မကျန်တော့ပါ။ ပြတ်သားတဲ့အတွေးအခေါ်တခု လူထုဆီကိုပျံ့နှံ့ ရောက်ရှိနေပြီးဖြစ်သင့်ပါသည်။ နိုင်ငံတကာကို အားကိုးရမည်လော၊ ခေါင်းဆောင်တွေကို ထိုင်စောင့်နေရမည်လော၊ မိမိကိုယ်ကိုသာ ခေါင်းဆောင်တင် အားကိုးအားပြု၍ တော်လှန်ပြီး အောင်ပွဲခံကြမည်လော၊ တချို့သော လူထုတွေကြားထဲတွင် ဤကဲ့သို့ အတွေးအခေါ်များ ထွေ ပြားနေသလို (ဒါကလည်း မိမိတို့မညီညွတ်နိုင်မှုတွေကြောင့်လည်း သဘာဝကျနေပါသည်) မိမိတို့ တော်လှန်ရေးအင်အားစုတွေထဲမှာလည်း အတွေးတွေက မတင်မကျ ဖြစ်နေကြသေးသည် မဟုတ်ပါလား။
ဤတွင် အထူးပြု၍ထပ်ပြောချင်ပါသည်။ အချိန်ကသိပ်မကျန်တော့ပါ။ လက်ရှိအခြေအနေသည် မိမိတို့၏ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အလံကိုတင်ထားသည့် တောင်ကုန်းကို စစ်အုပ်စုက တက် သိမ်း၍ မိမိတို့တင်ထားသည့် အလံကိုဖြုတ်ချပြီး ၄င်းတို့၏ တမတ်သားအလံကိုတင်ဖို့ ကြိုးစား နေခြင်းဖြစ်သည်။ ထိုတောင်ကုန်းသည် နှစ်ဖက်စလုံးအတွက် အရေးပါသောတောင်ကုန်းလည်း ဖြစ်သည်။ နောက်ဆက်တွဲ အနိုင်အရှုံးတွေကိုလည်း ဆုံးဖြတ်ပေးနိုင်သည့် တောင်ကုန်းလည်း ဖြစ်နေသည်။ တကယ်တော့လည်း ထိုတောင်ကုန်းကို ကာကွယ်ရန်မှာ လူထုအင်အားမှလွဲ၍ တခြားမရှိနိုင်ပါ။ ထို့ကြောင်လည်း လူထုနှင့် ပြတ်ပြတ်သားသား လက်တွဲထားရမည့်အချိန် ဖြစ် နေပါပြီ။ လူထုထဲမှ ပေါ်ထွက်လာမည့် သူရဲကောင်းများကသာ စစ်အုပ်စု၏ ထိုးစစ်ကို ရိုက်ချိုး
ပစ်၍ အောင်ပွဲဆီကို ခေါ်ဆောင်သွားနိုင်မှာဖြစ်သည်။ ထိုကြောင့်လည်း တော်လှန်ရဲတဲ့ စိတ်ဓာတ်နဲ့ အောင်ပွဲခံရဲတဲ့ စိတ်ဓာတ်တွေ လူထုတွေကြားထဲမှာ ပျံ့နှံ့နေပြီးမြန်မာပြည်တနှံတလွှား တွင်မကတော့ဘဲ ဘ၀ဂ်သို့ပါ လျှံတက်လာစေအောင် အမျိုးသားညီညွတ်ရေး ထီးရိပ်အောက်တွင် မိမိတို့အားလုံး လက်တွဲ၍ ကျရာနေရာ ကျရာတာဝန်တွေကို လုပ်ဆောင်ကြပါစို့။
ဏီသစ် ခေတ်ပြိုင် မှ ရယူတင်ပြပါသည်။

Tags
ဆောင်းပါး