အိုလံပစ်သည် နိုင်ငံရေးပြဿနာများနှင့် ဆက်စပ်၊ အတိုက်အခံများပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အိုလံပစ် အာကစားပွဲတော်ကျင်းပခြင်းသည် နိုင်ငံရေးပြဿနာ များနှင့် ဆက်စပ်မှုမရှိကြောင်းနှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေရင်းနိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နေကြောင်းပြောဆိုမှုကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့တို့က ငြင်းပယ်လိုက်သည်။



တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီမိုကရေစီအင်အားစုများအနေဖြင့် ပီကင်းအစိုးရ၏ မူဝါဒများအပေါ် မှန်ကန်စွာနားလည်သဘောပေါက်သင့်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တို့ကို အထောက်အကူ ပြုနေသည်ဟုပြောဆိုကြောင်း အေပီသတင်းတရပ်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ ဆုံးဖြတ်ချက်ကို တရုတ် အစိုးရက ဗိတိုအာဏာအသုံး၍ပယ်ချခဲ့ပြီးနောက်ပိုင်းတွင် စစ်အစိုးရက ပြည်သူလူထုအား သိသာထင်ရှားသည့် ဖိနှိပ်မှု များကို လုပ်လာသည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က ပြောသည်။

အိုလံပစ်ပွဲကို သပိတ်မှောက်ခြင်းနှင့်စပ်လျဉ်း၍ “အိုလံပစ်ပွဲကို အားကစားပွဲသက်သက်လို့ မမြင်ဘူး။ ပွဲတော်လက်ခံကျင်းပ တဲ့နိုင်ငံတွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို အိုလံပစ်ကော်မတီက ပြဌာန်းထားပါတယ်။ အဲဒီအထဲမှာ လူသားတွေ ရဲ့လွတ်လပ်မှု ဂုဏ်သိက္ခာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတာတွေပါတယ်” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့၏ မူဝါဒရေးရာ ဒါရိုက်တာ ဦးအောင်ဒင်က “တရုတ်အစိုးရဟာ မြန်မာ ပြည်သူတွေအတွက်တော့ မိတ်ဆွေမဟုတ်တာသေချာတယ်။ စစ်အစိုးရအတွက် မိတ်ဆွေကောင်းဆိုတာလည်း သေချာ တယ်။ ပြည်သူလူထု မနှစ်သက်တဲ့စစ်အစိုးရကို တရုတ်အစိုးရက နည်းလမ်းပေါင်းစုံနဲ့ ကူညီနေတာကိုး” ဟု ဧရာဝတီကို ပြောသည်။

တရုတ်အစိုးရအနေဖြင့် အမှန်တကယ်မိတ်ဆွေကောင်းပီသလျှင် စစ်အစိုးရအား ထောက်ခံပံ့ပိုးမှုများကိုရပ်ပြီး မြန်မာနိုင်ငံ တွင် စစ်မှန်သည့်နိုင်ငံရေးဆွေးနွေးပွဲနှင့် နိုင်ငံရေးပြဿနာများကိုအဖြေရှာရန် နအဖ အစိုးရအား ပြင်းပြင်းထန်ထန် ဖိအား ပေးသင့်သည်ဟုလည်း ဦးအောင်ဒင်က ပြောသည်။။

“အိုလံပစ်ပွဲတော်ကြီးကို ဂုဏ်သိက္ခာရှိစွာကျင်းပချင်တယ်ဆိုရင် တရုတ်အစိုးရအနေနဲ့ သူ့နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေသာမက နိုင်ငံတကာမှာရှိတဲ့ စစ်အစိုးရတွေ၊ အာဏာရှင်ကို ထောက်ခံပံ့ပိုးတာတွေ ရပ်တန်း ကရပ်မယ်ဆိုရင် အိုလံပစ်ပွဲတော်ကြီးကို သိက္ခာရှိရှိကျင်းပနိုင်မှာပါလို့ သတင်းစကားပါးချင်ပါတယ်” ဟု ဦးအောင်ဒင်က ဆက်ပြောသည်။

၎င်းအပြင် အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က တရုတ်အိုလံပစ် အားကစားပွဲတော်ကို ကမ္ဘာတ၀န်းလုံး ကသပိတ်မှောက်ရန် ယနေ့မှစ၍ တပ်လှန့်လိုက်သည်။

“ကျနော်တို့က နိုင်ငံတကာအစိုးရတွေ၊ အားကစားသမားတွေကို အိုလံပစ်ပွဲတော်မှာမပါဖို့ လှုံ့ဆော်တာ မဟုတ်ပါဘူး။ တရုတ်အစိုးရရဲ့ နအဖ စစ်အုပ်စုကို တဖက်သတ်ပံ့ပိုးကူညီတာကိုထောက်ပြပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့အစိုးရကို အားပေးကူညီနေတဲ့ တရုတ်အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ အိုလံပစ်ပွဲတော် အခမ်းအနားတွေကို တယ်လီဗေးရှင်းကနေ မကြည့်ကြဖို့၊ အိုလံပစ်ပွဲတော် အမှတ်တရပစ္စည်းတွေ နောက်ပြီးတော့ အိုလံပစ်ကို sponsor လုပ်တဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ပစ္စည်းတွေကိုလည်း အဲဒီကာလမှာ မဝယ်ယူကြဖို့ မေတ္တာရပ်ခံတယ်” ဟု ဦးအောင်ဒင်က ပြောသည်။

တရုတ်နိုင်ငံတွင် အိုလံပစ်ပွဲတော်စတင်မည့်ကာလသည့် မြန်မာနိုင်ငံဒီမိုကရေစီအရေးတော်ပုံကြီးစတင်သည့် အနှစ် ၂၀ ပြည့်မြောက်သည့် သြဂုတ်လ ၈ ရက်နေ့ဖြစ်သည်။ ထို့ကြောင့် အိုလံပစ်ပွဲတော် ကျင်းပသည့် ကာလအတွင်း ၎င်းပွဲကို ရုပ်မြင်သံကြားမှကြည့်မည့်အစား မြန်မာ့ဒီမိုကရေးစီရေးလှုပ်ရှားသူများအား ဂုဏ်ပြုသည့် အခမ်းအနားများ ကျင်းပကြရန်၊ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူပြုသည့် ဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြပွဲများပြုလုပ် ကြရန် အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ် အင်းလေးရှိ ကိုယဉ်သစ်က “ပြည်တွင်းရေးဟာ တကယ်တော့ နိုင်ငံတကာအရေးပါဗျာ။ ဒါကိုတရုတ်က တာဝန်ယူပေးသင့်တယ်။တရုတ်ဟာ ယူနန်ပြည်နယ်ရဲ့ စီးပွားရေးကို အဆင်ပြေစေချင်တာ တခုတည်းနဲ့ ကျနော်တို့ သန်း ၅၀ ပြည်သူကို တနည်းနဲ့လှည့်ပြီး ၀င်ရောက် ချယ်လှယ်နေတာပါ။ အဲ့ဒါကြောင့် တရုတ်ဟာသူများပြည်တွင်းရေးကို မစွက်ဖက်ဘူးဆိုတာ လူကြား ကောင်းအောင်ပြောနေခြင်းသာဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ကိုသက် ဧရာဝတီ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form