ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

လှကျော် | "ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့ အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်း တထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။

ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။

“ဗုံးကွဲတာတဲ့” ဗုံးလန့်ချိန်မို့ ပြောကြသူကတမျိုး။ “ဂက်စ်အိုး ပေါက်တာ ထင်တယ်” တယောက်တမျိုး အမျိုးအမျိုး ထင်ကြေးပေးနေတာကို နားထောင်ရင်း ကျနော်လည်း အိမ်အောက်ကို ဆင်းလာပြီး အမျိုးသမီးကြီးတယောက်ကို စပ်စုကြည့်တော့ “မင်္ဂလာတောင်ညွန့်ဘက်က ကြားတာပဲ မီးသတ်ကားတွေလည်း အဲဒီဘက် မောင်းသွားကြတယ်”

ကျနော်လည်း ကမန်းကတမ်း အိမ်ပေါ်တက်ပြေးပြီး ကင်မရာယူ၊ အနွေးထည် ကောက်ဝတ်ပြီး တာမွေပလာဇာ ဘက်ကို ပြေးလာခဲ့တယ်။ လမ်းပေါ်မှာတော့ ဟိုနားတစု သည်နားတစုနဲ့ လူတွေ မျှော်ကြည့်နေတဲ့ဘက်ကို ဦးတည်ပြေးသွားရင်း တက္ကစီငှားတယ်။ ပထမတစီးက မလိုက်၊ လမ်းတွေ ပိတ်ထားမယ်ထင်တယ်တဲ့။
နောက် ဒုတိယတစီး အဆင်ပြေသွားတယ်။ “အကို ကျနော် ခုန ပေါက်ကွဲတဲ့ဆီ သွားချင်တယ်” တမြို့လုံး သိနေတဲ့ ပေါက်ကွဲမှု အကြောင်းကိုတော့ ကျနော် သေသေချာချာ ပြောပြဖို့မလို။ တက္ကစီသမားက ကျနော့်ကို ပေါက်ကွဲမှု ဖြစ်နေတဲ့ ဆီကို ဦးတည်မောင်းပေးပါတယ်။

“ကျနော်လည်း ခုနကမှ ဟိုဘက်ကနေ ပတ်မောင်းလာတာ။ ကျနော် အလုံဘက်မှာ ရှိနေတာ မြေကို တုန်သွား တာပဲ” ကားသမားပြောပြတာနားထောင်ရင်း ခဏပဲ မောင်းရသေးတယ်။ စက်ဆန်းဘက်ရောက်တော့ မီးညွန့်က
မြင်နေရပြီ။ ရှေ့ဆက်မောင်းဖို့က အဆင်မပြေတော့။ လမ်းပိတ်ထားလို့ ကားတွေတဖြည်းဖြည်း ကျပ်လာတာနဲ့ ကျနော်လည်း ကားကို ရပ်ခိုင်း၊ ပိုက်ဆံရှင်းပေးပြီးတာနဲ့ မီးညွန့်ရှိတဲ့နေရာဆီ ဦးတည် ပြေးသွားတော့တယ်။

တနေရာအရောက် ပလက်ဖောင်းပေါ်မှာ လူတစု ဝိုင်းအုံနေတာနဲ့ ဝင်ကြည့်လိုက်တော့ ဦးခေါင်းပိုင်းကို ပုဆိုးနဲ့ အုပ်ထားတဲ့ အမျိုးသမီး အလောင်းတခုကို ပလက်ဖောင်းပေါ်မှာ တင်ထားတာတွေ့တယ်။ “ခေါင်းပြတ်သွားတာ” ကျနော် လန့်သွားတယ်။ အခြေအနေ တော်တော်ဆိုးနေပြီဆိုတာ စိတ်ထဲက အလိုလိုသိသွားတာနဲ့ မီးလောင်တဲ့ဆီ ဆက်ပြေးလာခဲ့တယ်။

အဝင်ဝမှာလည်း မီးသတ်ကားတော်တော်များများ ပြည့်နေပြီ။ မီးသတ်ကားတွေ ကျော်ပြီး မီးလောင် နေတဲ့ နေရာ ရောက်တော့ မီးသတ်သမား လေးယောက် မီးတွေ တဟုန်းဟုန်း လောင်နေတဲ့ ကြားထဲ ဝင်ပြီး မီးသတ်ပိုက်ကို ဆွဲသွင်း နေကြတယ်။

ခဏနေတော့ သူတို့တွေ မီးစသတ်ပါတယ်။ ကျနော်လည်း အဝေးကနေပြီး ဓါတ်ပုံရိုက်နေတယ်။ တဖြည်းဖြည်း သူတို့တွေ မီးတောက်နဲ့ ပိုနီးတဲ့ နေရာ ဝင်သွားတယ်။ ကျနော်လည်း နောက်ကနေ တဖြည်းဖြည်း ကပ်လိုက်သွားပြီး ဓါတ်ပုံ လိုက်ရိုက်တယ်။ ခဏနေတော့ ဓါတ်ပုံ သတင်းထောက် တော်တော် များများ ရောက်လာပြီး သူတို့ကို ဓါတ်ပုံ ရိုက်တယ်။

ကျနော်လည်း ဓါတ်ပုံရိုက်ရတာ ကျေနပ်လောက်တဲ့အခြေအနေမှာ နောက်ကို ပြန်ဆုတ်ပြီး မီးလောင်နေတဲ့ အဆောက်အဦးရဲ့ တဘက်က လူနေအိမ်တွေ ကြည့်လိုက်တော့ ကျနော် လန့်သွား ရလောက်အောင် မြင်ကွင်းက ဆန်းနေတယ်။ အိမ်တွေအားလုံးရဲ့ အပေါ်ပိုင်းတွေဟာ စုတ်ပြတ် ပျက်စီး နေတယ်။

ကျိုးပဲ့နေတဲ့ အိမ်တွေထဲမှာ သွပ်ပြားအစုတ်အပြတ်တွေကလည်း တမင် ထိုးသိပ်ထည့်ထားသလိုပဲ။ လမ်းမျက်နှာစာ မှာရှိတဲ့ အိမ်တိုင်းလိုလို ပျက်စီးနေတယ်။ နောက်အိမ်တန်းရဲ့ နောက်ဘက်က ဒုတိယ အိမ်တန်းကို ကြည့်လိုက်တော့လည်း ပုံစံတူနီးပါး ပျက်စီးနေတယ်။ ဒီအိမ်တွေက လူတွေနေသလား ကျနော် တွေးနေတုန်းရှိသေးတယ်။ လူတယောက်ပြောသံက လူတွေအားလုံး လန့်ပြီး ထွက်ပြေးကုန်ပြီတဲ့။ မီးလောင်တဲ့ အဆောက်အဦးပတ်လည် အားလုံး ဒီအတိုင်းပဲဆိုတာ ထပ်သိလိုက်ရတယ်။
ခဏနေတော့ မီးသတ်သမားတွေ ဌာနဆိုင်ရာ ဝန်ထန်းတွေ စုရုံးစုရုံး အလုပ်ရှုပ်နေတဲ့ နေရာရောက်တော့ သူတို့ရဲ့ စကားပြောစက်တွေကို နားစွင့်ရင်း သေဆုံး၊ ဒဏ်ရာရ စာရင်းတွေ ကြားရတယ်။ သုံးနာရီ ၅၄ မိနစ်မှာ ကျား ခုနှစ်၊ မ လေးယောက်သေ၊ ဒဏ်ရာရရှိသူ ၅၄ ယောက်။ အဲဒီထဲမှာ အလာတုန်းက တွေ့ခဲ့တဲ့ ပလက်ဖောင်းပေါ်က အမျိုးသမီးတဦးလည်း ပါမယ်ထင်ပါတယ်။

“အမေ၊ အမေရေ”၊ “အမေရှိလား” စက်ဆန်းရပ်ကွက်သားတဦးဟာ တိတ်ဆိတ်ပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အိမ်တလုံး ထဲကို ခက်ခက်ခဲခဲဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။ စုတ်ပြတ်နေတဲ့ သွပ်ပြားစတွေကလည်း အိမ်အတွင်း
မှာ အပြည့်။ ဒါပေမယ့် သူ မရမက တိုးဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။

ခဏနေတော့ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်မီးကိုယ်စီနဲ့ သူ့အမေကို ကူရှာပေးနေပါတယ်။ ဒါပေမယ့် ကြောင်တကောင်ခိုနေဖို့တောင် အန္တရာယ်မကင်းနိုင်တဲ့ အိမ်ထဲက ဘာသံမှ ထွက်မလာ။ စက်ဆန်း ရပ်ကွက်သားကတော့ ပြန်ထွက်လာပါတယ်။ သူ့ခြေထောက်မှာ သွပ်ပြားရှရာတွေနဲ့ သွေးအလိမ်းလိမ်း။

သွေးပျက်လောက်တဲ့ ပေါက်ကွဲသံကြောင့် အိပ်မောကျနေရာကနေ ထွက်ပြေးသွားကြတဲ့ အိမ်ရှင်တွေ၊ အမှောင်
ကြားက ဒီသွပ်ပြားတွေနဲ့ အပျက်အစီးတွေကို ဘယ်လိုများ ကျော်ဖြတ်သွားကြသလဲ။ ကျနော့်စိတ်ထဲမှာတော့ ပဟေဠိတခု ကျန်နေခဲ့တယ်။

ကျနော်လည်း မီးလောင်ဝန်းကျင် မြင်ကွင်းတွေကို ဓါတ်ပုံဆက်ရိုက်နေခဲ့တယ်။ မီးသတ်သမားတွေရော ကယ်ဆယ်ရေးသမားတွေရော တော်တော်လေးကို စွန့်စားလှုပ်ရှားနေရတာတွေ တွေ့နေရတယ်။ ကျနော်
နိုင်ငံခြားရုပ်ရှင်တွေထဲမှာတွေ့ရသလို အဆင့်မြင့် ပစ္စည်းတွေမသုံးဘဲ သူတို့တွေဟာ အန္တရာယ်နဲ့ အနီးဆုံးမှာ ရိုးရှင်းစွာနဲ့ လှုပ်ရှားနေကြတယ်။ သွပ်ပြားနဲ့ သံဆူးတွေ ရှုပ်နေတဲ့ မီးလောင်ပြင်မှာ သူတို့တွေ ဓါတ်မီးတောင် ကိုယ်စီ မပါကြဘူး။

ဘာကြောင့်လောင်တယ်ဆိုတာကို အတိအကျ မသိနိုင်သေးချိန်မှာတော့ မီးသတ် အရာရှိ တဦးရဲ့ ကန့် ပေါက်ကွဲမှု လည်း ဖြစ်နိုင်တယ် ဆိုတဲ့ အသံကို ကြားမိတယ်။ လောင်ကျွမ်းနေတဲ့ မီးရဲ့ အရောင်ကို အကဲခတ်ရင်း သူ အဝေးကနေ သတိပေးပါတယ်။

“အားလုံး နောက်ပြန်ဆုတ်ပါ မီးရောင်က ပြာလာရင် သတိထားရတယ်ဗျ။” ဟု သူက ဆက်ပြောတယ်။

ဓါတ်ပုံကောင်းတပုံရဖို့ဟာလည်း ဓါတ်ပုံသမား တယောက်ရဲ့ ရူးသွပ်မှု ဖြစ်တတ်တဲ့ အတွက် ကျနော်လည်း အန္တရာယ်ကို မကြောက်အား။ အချိန်မရွေး ပေါက်ကွဲမှု ဖြစ်လာနိုင်တဲ့ ဧရိယာ အတွင်းမှာ ကျနော် ဝင်နေမိတယ်။ အဲဒီလိုပဲ မီးသတ်သမားတွေလည်း မီးငြိမ်းသတ်ချင်တဲ့ ရူးသွပ်မှုမျိုး ရှိနေကြမှာပါပဲ။

ဓါတုဗေဓ ပစ္စည်းများပါ ပါဝင် လောင်ကျွမ်း နေတယ်လို့ သံသယ ရှိသည့်တိုင် မီးခိုးငွေ့တွေ ကြားမှာ အောက်စီဂျင်ဗူး အသုံးပြုသူ တယောက်ကို မြင်နိုင်ဖို့ကလည်း အံ့သြစရာ တခု ဖြစ်နေမှာ အမှန်ပဲ ထင်ပါတယ်။ ခဏနေတော့ ဆုတ်ခဲ့တဲ့ နေရာတွေဆီ မီးသတ်နဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ဓါတ်မီးရောင် စမ်းတဝါးဝါး အောက်မှာ ရှာဖွေရင်း မြေမြုပ်နေတဲ့ မီးသတ်ပိုက်ကို တွေ့ပါတော့တယ်။

မီးသတ်ပိုက်ကို တစတစ လမ်းကြောင်းလိုက်တူးဖော်ရင်း အပျက်အစီးတွေကြားက သွပ်ပြားတခုအောက်ကနေ တစုံတခုကို ဆွဲထုတ်ပါတယ်။ ဘယ်သူမှန်း မသိနိုင်တော့တဲ့ အနီရောင် ယူနီဖောင်းဝတ် မီးသတ်ရဲဘော်တဦး
ဖြစ်နေပါတယ်။

“မျက်နှာက ပျက်နေပြီ ဘယ်သူမှန်းမသိဘူး”

“အဲဒီတယောက်ပဲလား၊ ရှာဦး သေချာရှာဦး”

“အဖွဲ့ လူတွေ စစ်ကြပါ”

မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ အချင်းချင်းပြောနေစဉ်မှာပဲ နောက်ထပ် မီးသတ်တဦးရဲ့ ရုပ်အလောင်းတခု ထပ်တွေ့တယ်။ နောက် မီးသတ်စီးတဲ့ ဖိနပ်တဘက်၊ တခြမ်းပဲ့နေတဲ့ မီးသတ် ဦးထုပ်။ နောက်ထပ် ပေါက်ကွဲမှုကြောင့် သေဆုံး သွားတဲ့ မီးသတ်တွေ အပျက်အစီးတွေ ကြားထဲမှာ ရှိနေသေးတယ် ဆိုတာ သေချာသွားပါပြီ။

ရန်ကုန်တိုင်း မီးသတ်ဗဟိုဌာနမှ အရာရှိတဦးရဲ့ အဆိုအရတော့ မီးသတ်တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။
သူတို့ရဲ့ မီးသတ်ကား ဏ/၅၈၅၃ ဟာလည်း ကြီးကြီးမားမားအရာဝတ္ထုနဲ့ ထိမှန်ထားတာမတွေ့ရပေမယ့် စုတ်ပြတ် ပျက်စီးနေပါတယ်။ ဘယ်လိုပေါက်ကွဲမှုကြောင့် ဒီလိုပျက်စီးသွားသလဲဆိုတာ ကျနော် မတွေးတတ်အောင်ပါ။

ဒီမြင်ကွင်းတွေဟာ ကျနော့် ကင်မရာ View Finder အပေါက်က နေကြည်ဆဲခဏမှာ Shutter ခလုပ်ကို နှိပ်ဖို့ စိတ်ကူးတွေကလွဲလို့ ဘာမှခံစားလိုက်ရတာ မရှိသေးဘူး။ ဒါပေမယ့် Play ခလုပ်ကိုနှိပ်ပြီး ပုံပြန်စစ်မိတဲ့အချိန်မှာ ကျနော့်စိတ်တွေ ပြာဝေသွားလောက်အောင် ထိတ်လန့်သွားခဲ့တယ်။

အချိန်တွေက တစတစ ကုန်လွန်သွားတယ်။ တငွေ့ငွေ့လောင်နေတဲ့ မီးညွန့်ကြီးကလည်း ရှိနေဆဲ။ ကောင်းကင်မှာ လည်း မီးခိုးလိပ်ကြီးတွေက မကောင်းဆိုးဝါး တကောင်လိုပဲ။ မီးသတ်သမားတွေ၊ ကြက်ခြေနီ တွေလည်း သူတို့ အလုပ် သူတို့လုပ်၊ လူအုပ်ကြီးကလည်း ငေးမောကြရင်း၊ စုတ်သပ်ရင်း သူတို့ အလုပ် သူတို့လုပ်နေကြတယ်။ ရဲဝန်ထမ်းတွေလည်း ဟိုတစ သည်တစ သဲလွန်စ လိုက်ကောက်ကြရင်း အလုပ်လုပ်နေတယ်။ ယာဉ်ထိန်းရဲတွေ လည်း လမ်းသွားလာမှု အဆင်ပြေအောင် သူတို့အလုပ် သူတို့ လုပ်နေကြတယ်။

လေး နာရီနဲ့ ၄၅ မိနစ်ရှိသွားပြီ၊ ကျနော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြန်လှည့်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ အလုပ်တခု လုပ်နေခဲ့တယ်။ သေဆုံးသွားခဲ့ကြတဲ့ မီးသတ် ရဲဘော်တွေ၊ အာဇာနည် သူရဲကောင်းတွေ အဖြစ် ကျနော့် စိတ်ထဲမှာ သူတို့ကို ခေါ်လာခဲ့တယ်။

(လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည့် စက်ဆန်းကူးတို့ဆိပ်ရပ်ကွက် ပေါက်ကွဲမီးလောင်မှုတွင် ကျဆုံးသွားသော မီးသတ်ရဲဘော်များအား ဂုဏ်ပြုရေးသားသည်။)

လှကျော်

source by : မဇ္ဈိမ

1 comments:

ven said...

မီးသတင်းကြောင့် မိသားစုကိုတောင်နှုတ်မဆက်အားပဲ
အိပ်ယာထဲက ကတိုက်ကရိုက် ထပြေးခဲတဲ့ သူတို့ ရဲ့ စိုးရိမ်မှုတွေ။
ရေပိုက်ဆွဲကာ ရှေ့ဆုံးကပြေးတက်ခဲ့တဲ့ သူတို့ ရဲ့သတ္တိတွေ။

သူတို့ ရဲ့ ရှင်သန်ချိန်ကာလမှာ မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေရှိခဲ့ပေမဲ့
သူတို့ ရဲ့ သေခြင်းတရားဟာ စွန့်လွတ်မှု၊ အနစ်နာခံမှုတွေနဲ့ ပြည့်နှက်နေမှာပါ၊

လူတိုင်းမှာမရှိတဲ့၊ ကျွန်တော့်မှာမရှိတဲ့၊ ခင်ဗျားတို့ ရဲ့ ရဲရင့်မှု၊ စွန့်လွတ်မှုအတွက်
ကျွန်တော် လေးလေးနက်နက် ဦးညွတ်ဂုဏ်ပြုပါတယ်