စစ်ဖက်အရာရှိငယ်များကို အရပ်သားဝန်ထမ်းအဖြစ် ရွှေ့ပြောင်း

အေးနိုင် | တပ်မတော်က စစ်ဖက်အရာရှိငယ်တွေကို အရပ်ဖက် ဝန်ထမ်းအဖြစ် ပြောင်းရွှေ့ခန့်အပ်တာတွေ ရှိနေတယ်လို့ စုံးစမ်းသိရပါတယ်။ စစ်ဖက်အရာရှိငယ်တွေကို အရပ်သားဝန်ထမ်းအဖြစ် အစားထိုး ပြောင်းရွှေ့ နေတာဟာ ၂ဝ၁ဝ နိုဝင်ဘာလကတည်းက စတင်ခဲ့တာလို့ နေပြည်တော် စစ်တပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။

တပ်မတော်ကနေ စစ်မှုထမ်းအရာရှိငယ် ၁၇ဝဝ နီးပါးဟာ အရပ်ဖက် ဌာနဆိုင်ရာ ရုံးတွေကို အရပ်သား ဝန်ထမ်းအဖြစ် ပြောင်းရွှေ့ခဲ့ပြီးပြီလို့ သိရပါတယ်။ အခုလို အရပ်ဖက်ကို ပြောင်းရွှေ့တာဟာ စစ်တပ်က လေ့ကျင့်ပေးထားတဲ့ အရာရှိငယ်တွေကို ဌာနဆိုင်ရာရုံးတွေမှာ ပြောင်းရွှေ့စေပြီး အရပ်သား အမှုထမ်းအစား စစ်ဖက်က လူတွေနဲ့ အစားထိုး တာဝန်ထမ်းဆောင်ခိုင်းတာပါလို့ ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောဆိုပါတယ်။

“ဆက်သွယ်ရေးဝန်ကြီးဌာနတို့ အဲဒီလို ဝန်ကြီးဌာန အသီးသီးတွေမှာ အသွင်ပြောင်း ဝန်ထမ်းတွေ၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်တွေက ဒီမှာ ဝန်ထမ်းအဖြစ် ရောက်လာတာ အများကြီးပဲ၊ သဘောကတော့ အစိုးရ ဝန်ထမ်းပိုင်းတွေက သူတို့ စစ်တပ်ရဲ့ လူတွေနဲ့ အစားထိုး နေရာယူလိုက်တဲ့ သဘောပဲ၊ ပြောင်းလိုက်တာပဲ။”

အခုလို ပြောင်းရွှေ့ခံရတဲ့ တပ်မတော်သား အရာရှိငယ်တွေဟာ အရပ်ဖက် ဌာနတွေမှာ ဌာနမှူးနဲ့ ရုံးအဖွဲ့မှူးကစလို့ ညွှန်ကြားရေးမှူး အဆင့် နေရာတွေအထိ ရွှေ့ပြောင်းခံရတယ်လို့လည်း အဆိုပါ ဝန်ထမ်းကပဲ ဆက်လက် ပြောဆိုပါတယ်။

“သူတို့က ညွှန်ကြားရေးမှူးတို့၊ ဘာတို့ အဆင့်လောက်ကနေ တချို့ ရုံးအုပ်တို့ ဘာတို့ အဲလိုပုံစံမျိုး အထိကို ပါလာတယ်၊ ဗိုလ်ကြီးအဆင့်လောက်ဆိုရင် ရောက်နေပြီဗျာ၊ တပ်မှာလည်း အရာရှိတွေက အများကြီး ဖြစ်နေတာကိုး၊ ဌာနမှူး အများစုနေရာကို ကိုင်ထားတာဗျ၊” အရပ်ဖက်ဌာနတွေမှာ စစ်တပ်က အရာရှိတွေနဲ့ အစားထိုးတာဟာ အရပ်ဖက် သာမန်ဝန်ထမ်းအများစုအတွက် အလုပ်တာဝန်ထမ်းဆောင်ရာမှာ အခက်အခဲ ရှိတယ်လို့လည်း အဲဒီ ဝန်ထမ်းက ပြောဆိုသွားပါတယ်။

“အောက်ခြေဝန်ထမ်းပိုင်း အုပ်ချုပ်တဲ့နေရာမှာ နည်းနည်း ပြဿနာ တက်လာတယ်။ ပုံသဏ္ဍာန် မကျဘူး ဖြစ်နေတာ။ စစ်တပ်ပုံစံ ကျတဲ့အခါကျတော့၊ တခါတလေကျတော့ သူတို့က ဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ ပုံစံလေ၊ ဝန်ထမ်းလောကမှာကျတော့ အဲပုံစံမျိုး မရှိဘူး၊ အခြေအနေအပေါ်မှာ မူတည်ပြီး အဆင်ပြေအောင် လုပ်သွားတဲ့ ပုံစံတွေ ဆိုတဲ့ အခါကျတော့ ဝန်ထမ်းပိုင်းဆိုင်ရာ ကျတော့ နည်းနည်း လုပ်ရ ကိုင်ရတာ အဆင်မပြေဘူးပေါ့ဗျာ။ ”

စစ်အစိုးရကနေ လွှတ်တော်အရပ်ရပ်ကို ခေါ်ယူပြီးရင် အရပ်သားအစိုးရအဖြစ် ပြောင်းလဲမယ်လို့ စစ်အစိုးရက ပြောဆိုနေပေမယ့် နောက်ပြောင်းလဲမယ့် အရပ်သား အစိုးရမှာလည်း စစ်တပ်က စစ်မှုးထမ်းဟောင်းတွေပဲ ပါဝင်ဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂ဝ ရက်နေ့မှာလည်း မြန်မာစစ်အစိုးကနေ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၃၈၈ ဦးကို ၃၁ ရက်နေ့မှာ တက်ရောက်ရမယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်များ အတွက် ကာကွယ်ရေး ဦးစီးချုပ်ကနေ အမည်စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ကိုယ်စားလှယ် ၃၈၈ ဦးထဲမှာ အရာရှိငယ် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေသာ အများစုလို့ သိရပါတယ်။

source by : http://burmese.dvb.no
Previous Post Next Post

Contact Form