ဆရာ ဦးအောင်သင်း ရဲ့ ပညာ

အခုခေတ်မှာ “ မီးဘေး ရှောင်စို့ မလောင်ခင် တားကြပါ ” ဆိုတဲ့ မီးသတိပေး သီချင်းလို့ နံမည်ကြီးနေတဲ့ ဒီသီးချင်းဟာ ယခင် အချိန်က ပညာဆိုတဲ့ သီချင်းမှ တီးလုံးနှင့် သံစဉ်ကို ယူကာ စာသားပြောင်းဆို နေကြခြင်းသာ ဖြစ်ပါသည်။ ထို ပညာ သီချင်း မူရင်းကို လူငယ်များ သိရှိ နားလည် စေရန် ဆရာ အောင်သင်းရဲ့ မကွေးတွင် ဟောပြောသော အသံလွှင့် ဟောပြောချက် မှ ကူးယူ ဖော်ပါသည်။ ဆရာသည် လူငယ်များ အပေါ်တွင် ထားရှိသော စေတနာကို ဖော်ကြူး ပြသရန် စကားလုံးပင် ရှားနေတော့သည်။ မည်သူမျှ မဖော်ထုတ်ခဲ့သော သမိုင်းအမှန်များကို ဖော်ထုတ် ပြောဆိုခဲ့ သလို ယနေ့ ခေတ် လူငယ်များ အကြား ရေပန်းစား နေသော ပြဿနာ များကိုလည်း ဆရာက ရှင်းလင်း ဖြေဆို ထားသည်ကို တွေ့ရှိ ရပါတယ်။ နောက် မှတ်သားစရာ စကားလုံးလေးတွေ ရင်ထဲမှာ စွဲနေအောင် ပြောပြ ခဲ့တာလေးတွေက အတုယူ မှတ်သား စရာ အလွန် ကောင်းပါတယ်။ နောက် တစ်ချက်က အဖြောင့် တွေးတတ်အောင်လည်း လမ်းညွှန် ပြသလို ဖောက်ထွက်တဲ့ အတွေးအခေါ်လေးကို ဥပမာ ပေးပြီး ရှင်းပြထားတာ ကျေနပ်လွန်းလို့ အကြိမ်ကြိမ် စိတ်ထဲကနေ ရှစ်ခိုး နေမိပါတယ်ဗျာ။
ဥပမာလေး တစ်ခုပေါ့ “ ဗိုလ်ချုပ် အောင်ဆန်းက စွန့်ပြီး မစားခဲ့လို့ အချို့ လူတွေ မစွန့်ဘဲ စားနေကြရတယ် ” အခုချိန်မှာ အနှိုင်းမဲ့ ပုဂ္ဂိုလ် တစ်ယောက်လို ထင်ရှားနေတဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်ဟာ ပညာမတတ်တဲ့ အပြင် ကိုယ်ကျိုးရှာ လိုတဲ့ အတိုက်အခံများ ခေါင်းဆောင် များ၏ နှောက်ယှက်မှုကြောင့် အလွန် စိတ်ထိခိုက်ပြီး တိုင်းပြည် အတွက် ရတက်မအေး ဖြစ်ကာ မျက်ရည် ကျဘူးတယ်တဲ့။ မြန်မာပြည်ရဲ့ အမျိုးသား ခေါင်းဆောင် သက်တမ်းက အလွန်ဆုံး သုံးနှစ်ဘဲ ရှိပါတယ်တဲ့။ သူသေမှာကို သူသိနေတယ်။ သူကြောက်လို့ မျက်ရည် ကျတာ မဟုတ်ဘူး ဆိုတာတော့ လူတိုင်း သိပြီးသားပါ။ ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေး လိုချင်လို့ သူကြိုးစား နေတာပါတဲ့။ အမျိုးသား ခေါင်းဆောင် ဖြစ်ချင်လို့ မဟုတ်ပါဘူးတဲ့။ ဘယ်လောက် သနားစရာ ကောင်းလိုက်တဲ့ နိုင်ငံ ခေါင်းဆောင်လဲဗျာ။ ကျွန်တော် နားထောင်ရင်း မျက်ရည် ကျမိပါတယ်။

နောက်တစ်ချက် အဲဒီ အချိန်က ခေါင်းဆောင်တွေ ကလည်း အခု နအဖနဲ့တော့ သိပ်မကွာဘူးဗျာ။ ကွန်မြူနစ် ၀ါဒကို လက်ကိုင် ထားတဲ့ လူက ကွန်မြူနစ် ၀ါဒကို ဆန့်ကျင်ထားတဲ့ စာတောင် ဖတ်ခွင့် မရှိဘူးတဲ့။ သေချာ စဉ်းစားကြည့်ဗျာ ကိုယ့်အမှားကို အရင်ဆုံး မြင်တာက ကိုယ့်ရန်သူဗျ။ ကိုယ့် အားနည်းချက်ကို ဝေဖန်တာတောင် လက်မခံနိုင်တဲ့ ခေါင်းဆောင်တွေ ဘယ်လောက် အမြင် ကျဉ်းမြောင်း လိုက်လဲ။ ဒီနေ့ ချိန်ခါမှလည်း ဒီတိုင်းပါဘဲ စာပေ လွတ်လပ် ခွင့်တောင် မပေးနိုင်တဲ့ အစိုးရက ဒီမိုကရေစီ လမ်းစဉ်ကို ချဉ်းကပ် တာပါလို့ ထထ အော်နေတဲ့ လူတွေကို ပြေးပြီး မြင်ယောင်မိ ပြန်သေးတယ် ။

အမှန်တရားကို ရှေးရှုတဲ့ အမျိုးသား ခေါင်းဆောင် ဆိုတာ ပြည်သူ လူထု အကျိုးစီးပွား ပျက်စီးမယ့် ကိစ္စကို လက်မခံ တတ်ကြတာ စစ်မှန်တဲ့ အမျိုးသား ခေါင်းဆောင် တိုင်းရဲ့ သဘာဝဘဲဗျ။ NDF က NLD ကနေ ကိုယ်ကျိုးရှာဖို့ ကြံစည်ပြီး ခွဲထွက် သွားတယ်။ ဒီနေ့ အချိန်ထိ ပြည်သူ လူထုကို ရင်ဝယ်သားလို့ သဘောထားလို့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ တရားမျှတမှု မရှိတဲ့ ဥပဒေကို ဆန့်ကျင် နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်သာ ကိုယ်ကျိုးရှာလိုတဲ့ စိတ်ရှိရင် အခုရွေးကောက်ပွဲ ၀င်တဲ့ ပါတီတွေ အားလုံးထက် အဆင့်အတန်း မြင့်တဲ့ နေရာ တစ်နေရာကို အလွယ် ရယူ နိုင်ပါတယ်ဗျာ။ အတွေး မချော်ကြစမ်းပါနဲ့။ ဒီနေ့ ပညာရှင် အမည်ခံ ကိုယ်ကြိုးရှာ နိုင်ငံရေး သမားတွေမှာ စိတ်ဓါတ် ခွန်အား မရှိကြပါဘူး။ ဒါကြောင့် အစိုးရနဲ့ ပူးပေါင်းပြီး လူထုကို တပါတ်ရိုက်ဖို့ ကြံစည် နေကြတာကို ဆန့်ကျင် ကြပါလို့ လိုက်လံ အသိပေး နေတာပါ။ အခုလို ဖြစ်ရပ် မျိုးတွေ မြန်မာ့ သမိုင်းမှာ အထင်အရှား ရှိခဲ့ဘူး ပါတယ်။ သေချာ ပြန်လည် လေ့လာ ကြည့်ကြ စမ်းပါ။

၉၁ ဌာန အုပ်ချုပ်ရေး ၊ စက္ကူဖြူ စီမံကိန်း အစရှိသည်ဖြင့် အသွင်ပြောင်း စနစ်များကို အင်္ဂလိပ် အစိုးရက ပေးခဲ့သည်ကို မြန်မာ နိုင်ငံ အမျိုးသား ခေါင်းဆောင် များက လက်မခံခဲ့ သလို ဂျပန်က ပေးတဲ့ ရွှေရည်စိမ် လွတ်လပ်ရေး ကို ကျွန်တော်တို့ အမျိုးသား ခေါင်းဆောင်တွေ ဆန့်ကျင် ခဲ့ပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တောင်းဆို တိုက်ပွဲ ၀င်ခဲ့ကြလို့ မြန်မာ နိုင်ငံဟာ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ဖန်တီးနိုင်တဲ့ အပြည့်အ၀ လွတ်လပ်ရေးကို ရရှိခဲ့တာပါ။ သမိုင်းကို သင်ရခြင်းရဲ့ ရည်ရွယ်ချက်က မအ အောင်လို့ပါ။ ခင်ဗျား တို့တွေ လေးစား ပါတယ် ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ နယ်ချဲ့တွေ ကြိုးဆွဲရာ မက ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အာဏာရှင်တွေ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးတော့ ဘယ်တော့မှ အဖြစ် မခံပါဘူး။ ဒါကို ခေါင်းမာ တယ်လို့ ပြောပြီး အမှန်တရားကို ဆန့်ကျင် မှာလား သူ့ရဲ့ အမှန်တရားကို မြတ်နိုးပြီး ပြည်သူ လူထု အကျိုးကို ရှေးရှုတဲ့ စိတ်ဓါတ်ကို ထောက်ခံ အားပေးမှာ လားဆိုတာတော့ ခင်ဗျားတို့တွေ ရင်ထဲက စိတ်ထား အမှန်ပေါ်မှာဘဲ မူတည် ပါတယ် ။

ဉာဏ် အမြော်အမြင် နည်းသော ခေါင်းဆောင်များသည် ပညာ မတတ်သော နောက်လိုက်များ၏ မြှောက်ပင့် ပြောဆိုမှုကို အဟုတ် မှတ်ကာ ထင်ရာစိုင်း နေကြခြင်းကြောင့် မြန်မာ ပြည်ကြီးသည် ပျက်စီးချင်းမက ပျက်စီးလျှက် ရှိသည့် အချိန်တွင် ကိုယ်ကြိုးရှာ လူတစ်စုကလည်း အရေခွံလဲပွဲကို လက်ခံကာ ပြည်သူ လူထုအား ချောက်အတွန်းသို့ တွန်းပို့လျှက် ရှိနေကြသည်ကို လေးလေး နက်နက် စဉ်းစား စေလိုပါတယ် ခင်ဗျာ။

ကျွန်တော် ပြောရင် အဓိပ္ပာယ်ပေါ့ သွားမှာဆိုးလို့ ကိုယ်တိုင်သာ နားဆင်ကြပါလို့ လေးစားစွာ မေတ္တာ ရပ်ခံ အပ်ပါတယ်။ မသိသေးတဲ့ လူများကိုလည်း ဆက်လက် ဖြန့်ဝေပြီး ပညာမျက်စိ ဖွင့်ပေးကြပါလို့ လေးစားစွာ တိုက်တွန်း နိုးဆော် လိုက်ပါတယ် ခင်ဗျာ။

ဆရာ ဦးအောင်သင်းနှင့် အမှန်တရား အတွက် တိုက်ပွဲ ၀င်ခဲ့သော ခေါင်းဆောင်များကို ဒီနေရာကနေ လေးစားစွာ ဂါဝရပြု လိုက်ပါတယ် ခင်ဗျာ။



ပညာ

ဗမာပြည်ကြီးမှာ အဆင့်တန်းလိုလို ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာ သေချာစွာ စဉ်းစား လိုက်ရင် ပညာ အခြေခံ နည်းလို့သာ... ပါတီတွေ ကွဲကာ အလွဲလွဲ အမှားမှား ဖြစ်ပေါ်နေတာ ဟာ ပညာ...... ပညာ...... ပညာ မရှိလို့ စိတ်နေ မမြင့် ကြတာ ။

ဝမ်းနည်း စရာ ယခု ခေတ်ကြီးမှာ တွေ့မြင်ရတာ ကလေးသူငယ်များဟာ ဘာစကား တက်တယ်ဗျာ သတင်းစာ ရှောက်သီး ဆေးပြား ရေခဲချောင်းနဲ့ မြေပဲလှော်ပါ တကြော်ကြော် အော်ကာ ရောင်းနေ ရရှာ.... ရသမျှနဲ့ အမြတ်လေးများနဲ့ ရောင့်ရဲ တင်းတိမ် ပျော်ရွှင်ကာ ပညာ ... ပညာ ... ပညာမရှိလို့ အခုလို ဖြစ်ရတာ ။

ခင်မင်လေးစားလျှက်
ဗမာ့သွေး

http://aungthin.com/ အဲဒီ ဆိုဒ်မှာ မကွေး စာပေ ဟောပြော အခွေကို download လုပ်နိုင် သလို တန်ဖိုး မဖြတ်နိုင်တဲ့ ဆရာ့ရဲ့ စာပေ တွေကိုလည်း လေ့လာ ဖတ်ရှူ နိုင်ပါတယ် ခင်ဗျာ
Previous Post Next Post

Contact Form