ဗိုလ်သန်းရွှေ မိန့်ခွန်းနဲ့ အပြောင်းအလဲ


ရဲဘော် ဖိုးသံချောင်း |
ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းတခုကို ရှားရှားပါးပါး ကြားလိုက်ရပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့က။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်တာပါ။ မြန်လိုက် ပါဘိ။ အဖြေအသင့်ရှိနေတဲ့သဘောပါပဲ။ သူတို့ရဲ့ လမ်းပြ မြေပုံ အတိုင်း ငါမြင်းငါစိုင်းတော့မယ့်အကြောင်း ကမ္ဘာကိုပါကြေညာလိုက်တာလို့ပြောရင် မမှားပါဘူး။

တပါတည်းမှာ စဉ်းစားစရာပေါ်လာတာက နအဖ စစ်ဗိုလ်ချုပ်များ ဟာ အမေရိကန်နဲ့ စကားပြောခွင့်ရတဲ့အတွက် ပိုပြီး မာနတက်လာ၊ ဘဝင် လေခိုက် နေတာလား၊ ဒါ့သာမက တရုတ် ခေါင်းဆောင်တဦး လည်းလာ ဆိုတော့ ဗိုလ်သန်းရွှေတို့ နိုင်ငံတကာရေးရာမှာ အောင်မြင်မှုတွေ ရနေလေပလား စတဲ့မေးခွန်းတွေပါ။

ဒါမှမဟုတ်လည်း ဗိုလ်သန်းရွှေရဲ့ ဒီမိန့်ခွန်းဟာ သူတို့ရဲ့ရွေးကောက်ပွဲဥပဒေကို စောင်းပါးရိပ်ခြေ ကြေညာ နေတာ များလား။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မစ္စတာ စတီဖင်ဘလိပ် လာလိုက်တဲ့အတွက် ဗမာပြည်နိုင်ငံရေးမှာ အပြောင်း အလဲတွေ ဖြစ်တော့မှာလားဆိုပြီး တွေးတောသူတွေ အတော်ရှိပါတယ်။ ဗမာပြည်အရေးအပေါ် ဘယ်အတိုင်းအတာ အထိ ထိခိုက်နိုင်မလဲဆိုပြီး ဆွေးနွေးကြတာတွေလည်း ကြားရပါတယ်။ မီဒီယာ အတွက်တော့ စကားဝိုင်းဖန်တီးလို့ ကောင်းပေသပေါ့။ ဒါပေမယ့် ဆွေးနွေးသူ တချို့မှာ တကယ်ကိုစိုးရိမ်တဲ့ လေသံတွေပါ နေသလား ထင်မှတ်မိပါတယ်။ နောက်ပြီး အမေရိကန်ဟာ လှည့်ရင် တင့်ကားလို (၁၈ဝ) ဒီဂရီ မလှည့်ပါဘူး။ မီးရထားလို တဖြည်းဖြည်းချင်း လှည့်မှာပါလို့ ချွေးသိပ်သံတွေလည်း ကြားရပါတယ်။ တချို့ လောကမှာ ဂယက်မသေးတာ သေချာပါတယ်။

ဒီနေရာမှာ ဗမာပြည်နိုင်ငံရေးရဲ့ အပြောင်းအလဲဆိုတာ ဘာလဲဆိုတာကို ပြန်မေးရပါလိမ့်မယ်။

နအဖစစ်ဗိုလ်ချုပ်တွေက ပုံစံပြောင်းပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်လိုက်တာကို အပြောင်းအလဲလို့ ခေါ်မှာလား။ ဒေါ်အောင်ဆန်း စုကြည်ကို အိမ်ချုပ်ကလွှတ်ပေးပြီး ဒီပဲယင်းအခြေအနေမတိုင်မီက လှုပ်ရှားခွင့်ပေးတာလောက်ကို အပြောင်းအလဲ ခေါ်မှာလား။ နိုင်ငံရေး သမားတွေကို ဖမ်းလိုက်လွှတ်လိုက်လုပ်နေတာကို အကြိမ်ကြိမ် ပြောင်းလဲနေတယ်လို့ ခေါ်မှာလား။

လက်ရှိဗမာပြည်နိုင်ငံရေးရဲ့ အဓိကဝင်ရိုးဟာ နအဖစစ်အစိုးရနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုအကြားက ပဋိပက္ခဖြစ်ပါတယ်။ နအဖစစ်အစိုးရနဲ့ အမေရိကန်အစိုးရအကြားက ပဋိပက္ခ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သဘောတရားအရပြောရရင် ဗမာပြည်နိုင်ငံရေးရဲ့ အရေးပါတဲ့ အပြောင်းအလဲဟာ နအဖနဲ့ ပြည်သူလူထု အကြားက ပဋိပက္ခကနေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ နအဖနဲ့ အမေရိကန် ဆက်ဆံမှု အကြားက ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။

တချို့သော နိုင်ငံရေးဆောင်ရွက်ချက်တွေကိုလည်းပဲ အလားတူပဲစံထားချက်၊ တိုင်းတာမှုနဲ့ တွက်ရမှာ ဖြစ်ပါတယ်။ တချို့က အမေရိကန်က နအဖအစိုးရကို အသိအမှတ်ပြုလိုက်ရင် ဘယ်လိုဖြစ်မလဲလို့ စဉ်းစားကြပါတယ်။ အမေရိကန်က နအဖအစိုးရကို အသိအမှတ်ပြု မပြုဆိုတဲ့ပြဿနာဟာ ဘယ်တုန်းကမှ မတည်ရှိခဲ့ပါဘူး။ တဖက်ကပြောရင် နအဖတည်ရှိမှု၊ မတည်ရှိမှုဟာ အမေရိကန်က အသိအမှတ်ပြု၊ မပြုဆိုတာအပေါ်မှာ မတည်ပါဘူး။ အိမ်ဖြူတော်က အသိအမှတ်မပြုလည်း နအဖဟာ တည်ရှိနေမှာပါပဲ။

အမေရိကန်ရဲ့ ပိတ်ဆို့မှု (sanction) ကို ကြည့်မြင်ရင်လည်း အလားတူပဲ ကြည့်မြင်ရမယ်ထင်ပါတယ်။ ပိတ်ဆို့မှုဟာ နအဖ စစ်အစိုးရ အတွက် အခက်အခဲ ဖြစ်စေတာတော့အမှန်ပါ။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေကို အခြေခံကျတဲ့ အပြောင်းအလဲတွေ မလုပ်စေနိုင်ပါဘူး။ ပြည်သူတွေဘက်ကကြည့်ရင်တော့ အဲဒီပိတ်ဆို့မှုတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှသိပ်မထူးခြားပါဘူး။ ဆိုလိုတာ နိုင်ငံရေး အားဖြင့်ပြောတာပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်တာဟာ မဆလအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုထားရုံမက အကူအညီတွေ အမျိုးမျိုး ပေးနေကြချိန် ဖြစ်ပါတယ်။ အဲဒီတုန်းက တိုက်ပွဲဝင်ကြတဲ့ ပြည်သူတွေရော၊ ခေါင်းဆောင် တွေပါ မဆလအစိုးရကို အမေရိကန်က ထောက်ခံထား သလား၊ မထောက်ခံဘူးလားလို့ တွေးတော ခဲ့ကြပါသလား။ ဘယ်သူက ထောက်ခံထားတာ ဖြစ်လို့ မဆလအစိုးရကို မဆန့်ကျင်ဘူးလို့ ဘယ်သူ့ ခေါင်းထဲမှာများ ပေါ်ခဲ့ဖူးပါသလဲ။

ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ ဒီအရေးတော်ပုံကို တခြားနိုင်ငံအစိုးရတခု ဒါမှမဟုတ် အစိုးရတွေနဲ့ ဆက်ချိတ် စဉ်းစားတဲ့ တွေးခေါ်နည်းဟာ အကျိုးမပေးပါဘူး။ နအဖအစိုးရရဲ့ ပြည်ပဆက်ဆံရေး အခြေအနေကို ကြည့်ပြီး ကိုယ်က စိတ်ဓာတ်ကျလိုက်၊ တက်လိုက် ဖြစ်နေလို့လည်း မဖြစ်ပါဘူး။ တကယ်တော့ ဒီလှုပ်ရှားမှုကြီး ထဲမှာ ဒီအတွေးအခေါ်ပေါ်နေတာကြာပါပြီ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်ကို လျော့ပါးစေပါတယ်။

ဒီထက်ပိုဆိုးတာကတော့ နိုင်ငံရေးပါတီ ဒါမှမဟုတ် အင်အားစုတရပ်အနေနဲ့ ပြည်ပနိုင်ငံတခုနဲ့ နအဖအစိုးရတို့ရဲ့ ဆက်ဆံမှုအပေါ် အခြေခံပြီး ကိုယ့်လုပ်ငန်းစဉ်၊ လမ်းစဉ်ကို ချမှတ်တာပါပဲ။ ဒါဆိုရင်တော့ ငါးပါးတောင် မှောက်တတ် ပါတယ်။ တဖက်က ပြန်စဉ်းစား လိုက်ရင်လည်း အမေရိကန်နိုင်ငံ ဒါမှမဟုတ် တခြားနိုင်ငံတခုမှာ သမ္မတ ပြောင်းလဲလို့ ဒါမှမဟုတ် ပေါ်လစီပြောင်းလဲလို့ ဗမာပြည်ထဲက အရေးတော်ပုံကြီးတခုကို ထိခိုက်တယ် ဆိုရင် ဒီအရေးတော်ပုံဟာ ရာဇဝင်ရိုင်းရော မဟုတ်ပါလား။

တကယ်လို့ ဝါရှင်တန်က နအဖဗိုလ်ချုပ်တွေကို အလျှော့အတင်း လုပ်နိုင်အောင် တိုက်တွန်းနိုင်တယ်ဆိုရင်တော့ မစ္စတာ စတီဖင် ဘလိပ်ရဲ့ ခရီးစဉ်ဟာ ဗမာနိုင်ငံရဲ့ အပြောင်းအလဲတွေကို တစုံတရာ ထိရောက်မှု ရှိတယ်လို့ ဆိုနိုင်ပါ တယ်။ ဒါတောင်မှ ဒီလိုပြောင်းလဲ တာရဲ့ အဓိက အကြောင်းရင်းက ပြည်သူလူထုတွေ က နောက်မဆုတ်ဘဲ ရပ်ခံနေ ကြတာဟာ အဓိကအကြောင်းရင်း ဖြစ်တယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ ရှိစေတော့။ အခုတော့ ဗိုလ်သန်းရွှေက ပြတ်ပြတ်သားသားပဲ အဖြေပေး လိုက်ပါပြီ။ သူအဖြေပေးတာဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သာမက မစ္စတာ စတီဖင်ဘလိပ်ရဲ့ ခရီးစဉ်အပေါ် စဉ်းစားတွက်ဆ နေကြတဲ့ ပြည်တွင်းပြည်ပကိုပါ တပါတည်း အဖြေပေးလိုက်တာ ဖြစ်ပါတယ်။ စိတ်ကူးမယဉ်ကြပါနဲ့တဲ့။

စီးပွားရေးကပ်ဆိုက်နေတဲ့ အမေရိကန်ဟာ “ဦး” သန်းရွှေအစိုးရနဲ့ လည်း “ဦး” နေဝင်းအစိုးရနဲ့ ဆက်ဆံမှုမျိုး ပြန်ထား ရှိကောင်း ထားရှိလာနိုင်ပါတယ်။ အင်ဒိုနီးရှားကတဆင့် လုပ်နေတာတွေရော၊ မစ္စတာ စတီဖင်ဘလိပ် လာတာပါ။ ဒါတွေ အားလုံးဟာ ဆက်ဆံမှု အပြောင်းအလဲတွေ လုပ်နိုင်ဖို့ အပေးအယူ လုပ်နေကြတာ ဖြစ်ဖို့များပါတယ်။ တချို့ လူတွေအတွက်တော့ ဒါဟာ “အပြောင်းအလဲကြီး တရပ်” ဖြစ်သွား နိုင်ပါတယ်။ ဒါမှမဟုတ်လည်း သူတို့ လုပ်ချင်တာ တွေလုပ်ဖို့ အကြောင်းပြစရာ ရသွား နိုင်ပါတယ်။

ဒီလိုဖြစ်သွားရင် ဗမာပြည် ဒီမိုကရေစီအရေးတော်ပုံကို ပြည်သူတွေအနေနဲ့ ဘယ်လိုဆက်လုပ်ကြမလဲ။ ရောက်မလာ သေးတဲ့ အနေအထား တခုကို ကြိုပြောရတာခက်ပါတယ်။ ဒါပေမယ့် အကြမ်းဖျင်းပြောရရင်တော့ အထက်မှာ ပြောခဲ့တဲ့အတိုင်း ဦးနေဝင်း အစိုးရ လက်ထက်တုန်းကလိုပဲ ပြန်လုပ်ကြရမှာပါပဲ။

ရာစုနှစ် တဝက်နီးပါး ပြည်သူတွေအသက်သွေးချွေးတွေပေးပြီး တောင်းဆိုတိုက်ပွဲဝင်နေခဲ့ကြတာဟာ အနှစ်သာရ အရကိုပဲ စစ်အာဏာရှင် လက္ခဏာ စိုးစဉ်းမှမရှိတဲ့ အစိုးရတရပ်ပေါ်ထွက်ရေး ဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။

source by : http://www.khitpyaing.org/articles/April_09/1-4-09.php

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form