အန်အယ်လ်ဒီ ပန်ကြားချက်အတိုင်း လုပ်ဆောင်ကြရန်

ကျော်ထင် ခေတ်ပြိုင်သတင်းဌာန

လာမည့် မေလဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးကြရန် အန်အယ်လ်ဒီမှ ထုတ်ပြန်ခဲ့သော ပန်ကြား ချက်အတိုင်း ပြည်သူတရပ်လုံး ၀ိုင်းဝန်းလုပ်ဆောင်ကြရန် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံတပ်ပေါင်းစုများက တိုက်တွန်းလိုက်သည်။

တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် အဖွဲ့အစည်းများအနေဖြင့် မဲရုံသို့ မပျက်မကွက် သွားရောက် ကန့်ကွက်မဲပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ တိုက်တွန်းချက်သည် ယနေ့ကာလ လိုအပ်ချက်နှင့်အညီ အချိန်ကိုက် ထုတ်ပြန်ခြင်းဖြစ်သောကြောင့် တိုင်းရင်းသား ပြည်သူတရပ်လုံးအတွက် လမ်းညွှန်ချက်လည်းဖြစ်သည်ဟု ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်သော အတိုက်အခံတပ်ပေါင်းစုများ၏ ပူးတွဲတိုက်တွန်းချက်တွင်ပါရှိသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) တွဲဖက်အထွေထွေအတွင်းရေးမှူး
(၁) ဦးမြင့်သိဏ်းက အန်အယ်လ်ဒီသည် (၉၀) ပြည့်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက် ခံထားရသော ပါတီဖြစ်သည်နှင့်အညီ တဘက်သတ်ရေးဆွဲအတည်ပြုရန် ပြင်ဆင်နေသော ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး တိကျသည့်သဘောထားကို ပြည်သူသို့တင်ပြရန် တာဝန်ရှိသည် နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောသည်။

ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် အတိုက် အခံများနှင့် နိုင်ငံတကာကမှ အမြဲမပြတ်တိုက်တွန်းနေသော်လည်း စစ်အစိုးရက တဘက်သတ် အကောင်ထည်ဖော်နေဆဲဖြစ်သည်။

ဆန္ဒခံယူပွဲတွင် မဲလိမ်မှုများဖြင့် အတင်းအကျပ် အတည်ပြုမှု ဖြစ်နိုင်ချေများအပေါ် ဦးမြင့်သိဏ်း က “ကျနော်တို့ကတော့ နိုင်လည်းနိုင်၊ ရှုံးလည်းနိုင်ဖြစ်အောင်လုပ်ရမှာပဲ။ ဘာဖြစ်လို့ဆိုတော့ ကျနော်တို့ကိုယ်တိုင်က လက်ခံထားတာမဟုတ်ဘူး။ ဘယ်လိုအတည်ပြုမှု လုပ်ငန်းတွေကိုမှ လက်ခံခဲ့တာမဟုတ်ဘူး၊ အဲဒီလူထုဆန္ဒတွေ ဖော်ပြတဲ့ ဖော်ပြချက်တွေကို အကောင်ထည် ဖော်တဲ့အချိန်မှာ ဖြစ်လာနိုင်ချေရှိမယ့် ဖြစ်စဉ်တွေအပေါ် အခြေခံပြီး ဒီထက်မြင့်တဲ့ တိုက်ပွဲတွေ ဆက်ပြီးဖော်သွားရမှာပဲ” ဟု ပြောသည်။

ပူးတွဲသဘောထား ထုတ်ပြန်သော တပ်ပေါင်းစုများမှာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၊ တိုင်းရင်းသားလူမျိုးများကောင်စီ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၊ တိုင်းရင်း သားလူငယ်များဆုံရပ်နှင့် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်တို့ဖြစ်ကြပြီး ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းကလည်း စစ်အစိုးရ၏ အမိန့်အမှတ် (၁/၂၀၀၈)၊ (၂/၂၀၀၈) တို့ကို အလားတူ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ကြသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form