NEJ ခေတ်ပြိုင်သတင်းဌာန
စက်တင်ဘာဆန္ဒပြပွဲအတွင်း ဂျပန် ဗီဒီယိုသတင်းထောက် နာဂအိ ကန်ဂျီ ပစ်သတ်ခံရသည်ကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့သူ ရိုက်တာသတင်းထောက် အဒရီစ် လတစ်ဖ်ကို ကြားဖြတ်သတင်းဓာတ်ပုံ ဆိုင်ရာ ပူလစ်ဇာဆု ပေးအပ်ကြောင်း နယူးယော့ခ်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်က ကြေညာ
သည်။

မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့သည့် လမ်းမပေါ်ထွက် ဆန္ဒပြမှုများအတွင်း သေလောက်သည့် ဒဏ်ရာ ရရှိသွားပြီး လမ်းမပေါ်၌ ခြေကားရားလက်ကားရားဖြစ်နေသည့် ဂျပန်ဗီဒီယိုသမားကို ပီပီပြင်ပြင် ရိုက်ယူထားသည့် ဓာတ်ပုံအတွက် ဆုချီးမြှင့်ခြင်းဖြစ်သည်ဟု ပူလစ်ဇာဆု ရွေးချယ်ရေးဘုတ် အဖွဲ့က ကြေညာချက်ထုတ်ပြန် ပြောဆိုသည်။
တိုကျိုအခြေစိုက် အေပီအက်ဖ် သတင်းဌာနမှ ၀ါရင့်သတင်းထောက် နာဂအိကန်ဂျီသည် စက် တင်ဘာ (၂၇) ရက် က ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်၌ လူထုဆန္ဒြုပပွဲကို သတင်းယူနေစဉ် နအဖစစ်တပ်၏ ပစ်သတ်ခြင်း ခံခဲ့ရသည်။
ဓာတ်ပုံသတင်းထောက် အဒရီစ် လတစ်ဖ်သည် ပါကစ္စတန်နွယ်ဖွားတဦးဖြစ်ပြီး ဘန်ကောက်မြို့၌ အခြေစိုက်၍ အာရှဒေသဆိုင်ရာ သတင်းများကို ရိုက်တာသတင်းဌာနသို့ ပေးပို့နေသူဖြစ်သည်။
ပူလစ်ဇာဆုသည် သတင်းလောက၌ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်သူတို့အား နှစ်စဉ် ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်သည်။ ဆုအမျိုးအစား (၂၀) ခန့် ပေးအပ်လေ့ရှိပြီး ဆုရွေးချယ်ခံရ သူသည် အမေရိကန်ဒေါ်လာ (၁၀, ၀၀၀) လက်ခံရရှိမည်ဖြစ်သည်။

Tags
သတင်း