NEJ ခေတ်ပြိုင်သတင်းဌာန
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့က ယခု လဆန်းပိုင်းမှ
စပြီး ရန်ကုန်မြို့တွင်း လှည့်လည်ကာ အခြေခံဥပဒေမူကြမ်းကို ထောက်ခံမဲပေးရန် ရေးသား ထားသည့် စာရွက်များ လိုက်လံဝေငှနေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
မြို့ခံတဦးက “ပြီးခဲ့တဲ့ ရက်က ကျနော်တို့ (၄၉) လမ်းထဲကို ကားတစီး ရောက်လာတယ်။ အဲဒီ ကားပေါ်က ခွပ်ဒေါင်းတံဆိပ် အနီရောင်ရင်ထိုးလေးတွေ ထိုးထားတဲ့ လူငယ်တွေ ဆင်းလာပြီး လမ်းပေါ်က လူတွေကို စာရွက်တွေ လိုက်ဝေတယ်။ ဒါနဲ့ ရုတ်တရက် ကျနော်တို့လည်း အန် အယ်လ်ဒီအဖွဲ့ကလို့ ထင်သွားပြီး စာရွက်သွားတောင်းတယ်၊ စာရွက်ကြည့်လိုက်တော့မှ အေးလွင် အဖွဲ့က ဖြစ်နေတာ သိရတယ်။ နောက် မိန်းကလေးတွေရဲ့ ရင်ထိုးကို အသေအချာကြည့်လိုက်မှ အန်အယ်လ်ဒီတံဆိပ်နဲ့ ဆင်တူသလိုလို ခွပ်ဒေါင်းအနီရောင်ကို တွေ့ရတယ်။ အန်အယ်လ်ဒီအလံ အမှတ်တံဆိပ်နဲ့ ဆင်တယ်၊ ဒါပေမယ့် မဟုတ်ဘူး” ဟု ပြောသည်။
ကိုအေးလွင်အဖွဲ့မှ စက်မှုဇုန်ထုတ် တောင်းအေ့စ်ကား အဖြူတစီးနှင့် ရန်ကုန်မြို့ ရပ်ကွက်များ အတွင်း လှည့်လည်ဝေနေသည့် စာစောင်တွင် စာမျက်နှာ (၈) မျက်နှာပါပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်၏ ကြေညာချက် (၂) စောင် နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ၏ ကြေညာချက် (၂) စောင် ပါဝင်သည်။
အဆိုပါ ကြေညာချက်များတွင် ဦးအေးလွင်သည် ထိုအဖွဲ့နှစ်ဖွဲ့၏ခေါင်းဆောင် ဥက္ကဋ္ဌဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံကို စီးပွားရေးအရ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုကို ဆန့်ကျင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ် အမြန်ဆုံး ပေါ်ပေါက်လာရေးကို စစ်အစိုးရနှင့် လက်တွဲ လုပ်ဆောင်သွားမည့်အကြောင်း ဖော်ပြထားသည်။
၎င်းတို့အဖွဲ့ စာရွက်များ လိုက်လံဝေငှစဉ် ပြည်သူများက အန်အယ်လ်ဒီအဖွဲ့ကဟု ပထမ ထင်ကြ သော်လည်း နောက်ပိုင်း စာရွက်ကြည့်လိုက်မှ ကိုအေးလွင်အဖွဲ့မှဖြစ်ကြောင်း သိသွားပြီး အများစုက စာရွက်များကို လမ်းပေါ်လွှင့်ပစ်ခဲ့ကြကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။
ပြည်သူလူထုအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ပြတ်ပြတ်သားသား ကန့်ကွက်မဲပေးရန် ကြေညာ ခဲ့ပြီးသည့်နောက် အဖွဲ့ချုပ်ဗဟိုမှ ထုတ်ပြန်သည့် ဆန္ဒခံယူပွဲနှင့်ပတ်သက်သည့် ကြေညာချက် များကို မဲဆန္ဒရှင် ပြည်သူလူထုထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကလည်း လုပ်ဆောင်နေသည်။

Tags
သတင်း