WLB နှင့် နန်းချန်တောင်း နိုင်ငံတကာဆုများ ထပ်မံရရှိ

နယူးဒေလီ။ ။ နိုင်ငံရေးနှင့် လူမှုရေးများ စွမ်းစွမ်းတမံ လုပ်ဆောင်သော အမျိုးသမီးများကို ပေးအပ်သည့် ဆုများကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့် ရှမ်းအမျိုးသမီး ခေါင်းဆောင်တဦးဖြစ်သူ မနန်းချန်တောင်းတို့က ရရှိသွားသည်။

အမေရိကန်အခြေစိုက် IRI ac: International Republican Institute . Women's Democracy Network (WDN) အဖွဲ့က ပေးအပ်သော Jeane J. Kirkpatrick ဆုကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူးဖြစ်သူ မနန်းယဉ်နှင့် ရှမ်းအမျိုးသမီးရေးရာ ပူးပေါင်းဆက်သွယ်ရေးအဖွဲ့မှ မနန်းချန်တောင်းတို့က မတ်လ ၆ ရက်နေ့က ဝါရှင်တန်တွင် လက်ခံ ရယူခဲ့သည်။ မနန်းချန်တောင်းက တသီးပုဂ္ဂလအနေဖြင့် ဆုရရှိခြင်း ဖြစ်သည်။

"အမျိုးသမီးထုရဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ ပိုပြီး အားပေးအားမြှောက်ဖြစ်အောင် ကျမတို့ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုပေးတာဖြစ်ပါတယ်။ ကျမတို့ကို အသိအမှတ်ပြုတဲ့ သင်္ကေတတခုနဲ့အတူ Yale တက္ကသိုလ်ကျောင်းက Women's Campaign ကျောင်းမှာ ပညာသင်ခွင့်ကို အမျိုးသမီးအဖွဲ့ချုပ်ဝင်တဦး တက်ရောက်ပညာသင်ခွင့် ရရှိတယ်လို့ ပြောပြပါတယ်" WLB ခေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ မဒွဲလိန်က ပြောသည်။

" ဒီဆုဟာ မြန်မာပြည်အတွင်းက လွတ်မြောက်ရေးတိုက်ပွဲဝင် အမျိုးသမီးအားလုံးကို ပေးအပ်လိုက်တယ်လို့ ခံယူပါတယ်။ ဆက်လက်ပြီးတော့လည်း ကျမတို့ WLB ကို ပံ့ပိုးကူညီသွားဖို့ မေတ္တာရပ်ခံပါတယ်" ဟု သူက ဆက်ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့် ရှမ်းအမျိုးသမီးရေးရာ ပူးပေါင်းဆက်သွယ်ရေးအဖွဲ့များသည် ၂ဝဝ၅ ခုနှစ် စက်တင်ဘာလကလည်း အမေရိကန်အခြေစိုက် Peter Gruber Foundation အဖွဲ့က ပေးအပ်သော ၂ဝဝ၅ အမျိုးသမီး အခွင့်အရေး ရွှေတံဆိပ်ဆုနှင့် အမေရိကန်ဒေါ်လာ ၂ သိန်းကို ရရှိခဲ့သေးသည်။

မနန်းချန်တောင်းက " ဒီဆုဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ ဒုက္ခဝေဒနာ ခံစားနေရတဲ့ မြန်မာပြည်တွင်းက အမျိုးသမီးထုအားလုံးကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ အခုလို ရဲရင့်တဲ့ မြန်မာအမျိုးသမီးတွေရဲ့တိုက်ပွဲကို ဆက်လက်ပြီး လှုံ့ဆော် အားပေးကြပါစို့" ဟု ပြောဆိုကြောင်း WDN ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

WDN အား ဦးစီးထူထောင်ခဲ့သူ ဒေါက်တာ Jeane J. Kirkpatrick အမည်ဖြင့် ကမ္ဘာတဝှမ်းမှ သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်း၊ နိုင်ငံများအတွင်း၌ နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသည့် အမျိုးသမီးများအား ဆုချီးမြှင့်ခြင်း ဖြစ်သည်။

မဇ္ဈိမသတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form