ကန့်ကွက်မဲပေးဖို့ မြန်မာအမျိုးသမီးများက တိုက်တွန်း

နယူးဒေလီ။ ။ မြန်မာအမျိုးသမီးထုကြီး ခံစားနေရသည့် ဒုက္ခမျိုးစုံကို ဆက်လက် ရင်မဆိုင်ရရေးအတွက် နအဖ ကျင်းပမည့် လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရန် ထိုင်းအခြေစိုက် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ယနေ့ တိုက်တွန်း နှိုးဆော်လိုက်သည်။

ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးထုကြီး တရပ်လုံး ခံစားနေကြရသည့် မတရားမှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် လိင်အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှုများနှင့် ဆက်လက် ရင်ဆိုင်နေရမည် ဖြစ်သဖြင့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအတွက် ပြုလုပ်မည့် 'လူထုဆန္ဒခံယူပွဲ' တွင် တခဲနက် ကန့်ကွက်ဆန္ဒမဲပေးပါရန် WLB က ကြေညာချက်ထုတ်ပြန်ကာ အထူးတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ကြေညာချက်ထဲတွင် စစ်အစိုးရ ပြင်ဆင်နေသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ၁၉၉ဝ ရွေးကောက်ပွဲခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့သဘောထားများ လုံးဝမပါဝင်ပဲ၎င်းတို့စိတ်ကြိုက် စစ်အာဏာကို ဆက်လက်တည်မြဲစေမည့်၊ စစ်အစိုးရကို တရားဝင်ဖြစ်စေမည့် ဖွဲစည်းပုံသာဖြစ်သည်ဟု ရေးသား ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ WLB အဖွဲ့ဝင်များက ဦးဆောင်ကာ ယနေ့တွင် 'လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အမျိုးသမီးများ၏ အခွင့်အရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး' ခေါင်းစဉ်ဖြင့် မြို့လယ်ခေါင်တွင် လူအင်အား ၁ဝဝ ခန့်နှင့် ဆန္ဒပြပွဲတရပ် ကျင်းပခဲ့သည်။

WLB သဘာပတိ အဖွဲ့ဝင်တဦးဖြစ်သူ ကူကီးအမျိုးသမီးများ လူ့အခွင့်အရေးအဖွဲ့ (KWHRO)မှ နင်ဘွိုင်းက "နိုင်ငံတကာက အမျိုးသမီးတွေက လူအခွင့်အရေးအတွက် ကျင်းပနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုတွေရဲ့ အခွင့်အရေးက ရှိမနေဘူး။ မြန်မာနိုင်ငံတွင်းမှာ လုပ်နေတဲ့ အမျိုးသမီးထုတွေက အကြမ်းဖက်ခံနေတုန်း။ အမျိုးသမီးအခွင့်အရေးဆိုတာက ဝေလာဝေးပါပဲ" ဟု ပြောသည်။

သူက ဆက်ပြီး "မြန်မာအမျိုးသမီးတွေ၊ လူ့အခွင့်အရေးအတွက် တိုင်ပွဲဝင်နေသူတွေကို ဖမ်းဆီးနေတယ်။ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလတုန်းက ဖမ်းဆီးထားတဲ့ အမျိုးသမီးထုတွေက ထောင်ထဲမှာ။ ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူလယ်ခေါင်မှာ ဆွဲလားရမ်းလား လုပ်တယ်။ နအဖ စစ်အစိုးကနေ နို့စို့နေတဲ့ ကလေးတွေနဲ့ အတူမနေနိုင်အောင် မိခင်တွေကို ဖမ်းလားဆီးလားလည်း လုပ်နေတယ်" ဟု ပြောသည်။

AIDS ဝေဒနာသည်များကို စောင့်ရှောက်ပေးနေရင်း ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် စစ်အာဏာပိုင်များမှ လိုက်လံဖမ်းဆီးနေသဖြင့် တိမ်းရှောင်နေရသူ မဖြူဖြူသင်းက နိုင်ငံတကာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ရှေ့တန်းသို့ တဟုန်ထိုး ရောက်ရှိနေသော်လည်း စစ်အာဏာရှင်စနစ်အောက်တွင် ကိုယ်ကျိုးစွန့်အနစ်နာခံသူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် ဖမ်းဆီးအကျဉ်းချထားခံရကြောင်းနှင့် တိုင်းရင်းသူ အမျိုးသမီးများအားလုံးသည် အမျိုးမျိုး ညှဉ်းပမ်းနှိပ်စက်ခံနေရကြောင်း ပြောသည်။

သူက ဆက်ပြီး "အခုစက်တင်ဘာအရေးအခင်းမှာ ဆိုရင်လည်း အမျိုးသမီးတော်တော် များများဟာ ဖမ်းဆီးနှိပ်စက်တာတွေ၊ ရိုက်နှက်တာတွေ ခံခဲ့ရတယ်။ အာဏာရှင်တွေရဲ့ လက်အောက်မှာ ရှိနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှုမရှိဘူး" ဟု ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲတရပ်ကျင်းပသွားမည်ဟု သိရသည်။

WLB သဘာပတိအဖွဲ့ဝင် မဒွဲလိန်က "ကျမတို့ ချင်းမိုင်မှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေ စုပေါင်းပြီးတော့ ကျမတို့ ချီတက်ပွဲရှိတယ်။ ဒီချီတက်ပွဲမှာ ကျမတို့က နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ ပတ်သက်ပြီးတော့ ပြောကြမယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေကို ထိုင်းနိုင်ငံမှာ လာလုပ်တဲ့ အလုပ်သမား အမျိုးသမီးတွေအကြောင်း၊ နိုင်ငံရေးလှုပ်ရှားနေတဲ့ အမျိုးသမီးတွေအကြောင်း ပြောဖို့ရှိတာပေါ့နော်" ဟု ပြောသည်။

WLB ကို ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်မှု တိုးမြှင့်ရန်၊ တိုင်းရင်းသားလူမျိုးအားလုံးအကြား အပြန်အလှန် နားလည်မှု တည်ဆောက်ရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တွင် ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် နိုင်ငံအတွင်း၌ မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ တိုင်းရင်းသူ အမျိုးသမီးအဖွဲ့ပေါင်း ၁၂ ဖွဲ့ ပါဝင် ဆောင်ရွက်နေသည်။

မဇ္ဈိမသတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form