နအဖ ကာကွယ်ရေးဝန်ကြီး KIA ခေါင်းဆောင်များနှင့် တွေ့ဆုံ

မျိုးကြီး မဇ္ဈိမသတင်းဌာန

ရွှေလီ။ ။ နအဖ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်သည့် အဖွဲ့ဝင်များသည် အပစ်အခတ်ရပ် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA ကို ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

နအဖ ကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့သည် KIA ထိန်းချုပ်ရာ လိုင်ဇာမြို့သို့ လာရောက်၍ KIA ခေါင်းဆောင်များ နှင့် ယမန်နေ့က လိုင်ဇာဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

"၂၇ ရက်နေ့က နအဖ စစ်ဗိုလ်တွေရော လက်နက်အပြည့်အစုံနဲ့ စစ်သားတွေ ၉ဝ လောက် လိုင်ဇာကို ရောက်လာတယ်။ အကုန်လုံး လိုင်ဇာမှာ လုံခြုံရေး လာယူတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ရောက်မယ်လို့ ပြောတယ်။ မနေ့က လိုင်ဇာဟိုတယ်ပေါ်မှာ KIA ခေါင်းဆောင်အားလုံး ပါတယ်၊ ဆွေးနွေးကြတယ်။ ဘာတွေ ဆွေးနွေးတယ်ဆိုတာတော့ မသိရသေးဘူး" ဟု KIA နှင့်နီးစပ်သူ လိုင်ဇာဒေသခံတဦးက ပြောသည်။

တရုတ်နှင့် မြန်မာ နှစ်ဖက်အာဏာပိုင်များ၏ လုံခြုံရေးဆိုင်ရာ အစည်းအဝေးပွဲတရပ်ကို ယခုလ ၃၁ ရက်နေ့တွင် လိုင်ဇာ၌ ပြုလုပ်မည် ဆိုသည့် နအဖ စစ်အာဏာပိုင်များ၏ အကြောင်းကြားစာတစောင်ကို KIA အဖွဲ့ထံ ယခုလ ၂၄ ရက်နေ့က ပေးပို့ထားကြောင်း သူက မဇ္ဈိမကို ဆက်ပြောသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

နအဖ ကာကွယ်ရေး ဝန်ကြီးနှင့်အတူ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) စစ်ရုံးချုပ် စစ်ဦးစီးအရာရှိ အောင်ဇော်ဦး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊ ကချင်ပြည်နယ် ရဲမှူးကြီး အပါအဝင် ဌာနဆိုင်ရာ ဦးစီးအရာရှိများလည်း လိုက်ပါလာသည်။

ယခုလို လာရောက်ခြင်းသည် မေလ လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ KIA အပေါ် တစုံတရာ ပြောဆိုရန် လာရောက်တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

"Referendum ကိစ္စပဲ ဖြစ်မယ်။ အခုလာတဲ့ သူတွေထဲမှာ ပြည်နယ်က လဝက တို့၊ ရဲတို့၊ အဲလို ဌာနတွေထဲက ဦးစီးမှူးတွေကိုယ်တိုင် ပါလာတယ်။ မကြာသေးခင်ကလည်း သူ့တပ်တွေကို ရွေးကောက်ပွဲမှာ ဝင်မပါရဘူး ဆိုပြီး အမိန့်ထုတ်ထားတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒခံယူပွဲ ကိစ္စကို တခုခုပြောတာ ဖြစ်နိုင်တယ်" ဟု သူက ပြောသည်။

သူက ဆက်ပြီး "တခြားတခုကတော့ ဖြစ်နိုင်ချေ သိပ်မရှိဘူး။ တိဘက် အရေးကိစ္စမှာ ပြေးတဲ့ တိဘက်တွေကို KIA ထိန်းချုပ်တဲ့ ဟိုဘက် တပ်မဟာ ၁ ဘက်မှာ လူကျန်းဘက်ကနေ အိန္ဒိယနယ်စပ်ဘက်ကို KIA က ပို့ပေးတယ်ဆိုတဲ့ ကိစ္စလည်း ရှိတယ်။ ဒါကတော့ သိပ်မဖြစ်နိုင်ပါဘူး" ဟု ပြောသည်။

ဆွေးနွေးမှုများ မတိုင်ခင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကလည်း နအဖ စစ်အစိုးရဘက်မှ KIA ထံ ဆန်၊ ဆား အစရှိသည့် ရိက္ခာများ ထောက်ပံ့ခဲ့သေးသည်။

ယနေ့ နံနက်ပိုင်းကလည်း ကာကွယ်ရေး ဝန်ကြီးနှင့် အဖွဲ့သည် လိုင်ဇာမြို့မှ အခြား ကချင်ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သည့် စခုန်တိမ်ယိင်း ဦးဆောင်သည့် NDAK (ခေါ်) ကချင်ပြည်သစ် တပ်မတော် ထိန်းချုပ်ရာ ပန်းဝါသို့ ဆွေးနွေးရန် ထွက်ခွါသွားသည်။

ထိုအခြေအနေများနှင့် ပတ်သက်၍ KIA မှ တာဝန်ရှိသူများနှင့် NDAK မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းဆက်သွယ်၍ မရခဲ့ပါ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နအဖ က မေလ ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူပွဲနှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲများ ကျင်းပရေးကို ကြေညာချက် ထုတ်ပြန်သည့်အပေါ် KIA က အရေးကြီးသော နိုင်ငံရေး ပြောင်းလဲမှုအတွက် တိုးတက်သော ခြေလှမ်းတရပ်ဟု ရှုမြင်ကြောင်း ယခုလ ၂ဝ ရက်နေ့တွင် သဘောထား ထုတ်ပြန်ခဲ့ပြီး လွတ်လပ်ပြီး တရားမျှတသည့် လူထုဆန္ဒခံယူပွဲဖြစ်ရန် သင့်တော်သော စောင့်ကြည့်အဖွဲ့များ ထားရှိရန်နှင့် ပေါ်ထွက်လာသော ရလဒ်ကို အားလုံးက အသိအမှတ်ပြုကြရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။

သို့သော် ဆန္ဒခံယူပွဲအတွက် နအဖ အာဏာပိုင်များဘက်က မှတ်ပုံတင် ပြုလုပ်ခြင်း၊ အိမ်ထောင်စုစာရင်း ကောက်ခံခြင်း၊ ကြံ့ဖွံ့ အဖွဲ့ဝင်များက ထောက်ခံကြရန် စည်းရုံး ဟောပြောခြင်း စသည့် ပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် KIA က သူတို့တပ်ဖွဲ့ဝင်များအား ဆန္ဒမဲမပေးဘဲ ကြားနေကြရန် မကြာသေးခင်က ညွှန်ကြားခဲ့သည်။

KIA သည် ၁၉၉၄ ခုနှစ်အတွင်းက အပစ်အခတ် ရပ်စဲချိန် မှစ၍ ဒေသဖွံ့ဖြိုးရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စသည့် လုပ်ငန်းများတွင် နအဖ နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သလို နိုင်ငံရေးတွင်လည်း နအဖ ကျင်းပသည့် အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်များ တက်ရောက်စေခဲ့သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form