ဆန္ဒခံယူပွဲအတွက် စစ်အစိုးရ ခြေလှမ်းသွက်လာ

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် ပြည်နယ်နှင့်တိုင်း ကော်မရှင် အဖွဲ့ခွဲများက လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ ကျင်းပလျှက်ရှိကြောင်း စစ်အစိုးရပိုင်သတင်းစာ များအရ သိရသည်။

ယခုလက်ရှိတွင် မြန်မာစစ်အစိုးရက အသက်၁၈နှစ်ပြည့်ပြီးသည့် မဲပေးနိုင်သောလူစာရင်းကို မြို့နယ်၊ ရပ်ကွက် ကျေးရွာ အသီးသီးတွင် ကောက်ယူလျှက်ရှိပြီး မှတ်ပုံတင်မရှိသေးသူများကို မဲပေးနိုင်ရန် ယာယီ မှတ်ပုံတင်များ ထုတ်ပေးလျှက် ရှိသည်။

ယာယီမှတ်ပုံတင်မှာ အစိမ်းရောင်ဖြစ်ပြီး ထိုမှတ်ပုံတင်၏သက်တမ်းမှာ ခြောက်လသာခံမည်ဖြစ်ကြောင်း မကြာသေးမီက ယာယီမှတ်ပုံတင် ရထားသည့် တောင်ကြီးမြို့တွင် နေထိုင်သူတဦးကပြောသည်။

အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင်လည်း ဧပြီ၃၀ရက်နေ့တွင် အသက်၁၈နှစ်ပြည့်ပြီးသူ အင်္ဂလန်နိုင်ငံ၌ တရားဝင်နေထိုင် လျှက်ရှိသော မြန်မာနိုင်ငံသားတို့၏ စာရင်းကို ကောက်ယူနေပြီဖြစ်ကြောင်း သံအမတ်ကြီး ကိုယ်စား သံမှူးဦးဝေလွင်သန်းက စာထုတ်ထားသည်။

“ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူကြမ်းအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပနိုင်ရေးအတွက် ယူကေနိုင်ငံသို့ရောက်ရှိနေသော အောက်ဖော်ပြပါ မြန်မာနိုင်ငံသားများနှင့် ၂၀၀၈ခုနှစ်၊ ဧပြီ၃၀ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားများ၏ အမည်စာရင်းအား လန်ဒန်မြို့ မြန်မာသံရုံးက ကောက်ယူလျှက်ရှိပါသည်” ဟု ၎င်းစာတွင် ရေးသားဖော်ပြထားသည်။

ဆက်လက်၍ “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမည့်နေ့ရက်ကို အတိအကျမသတ်မှတ်ရသေးပါသဖြင့် အမှန်တကယ် ကျင်းပမည့် နေ့ရက်တွင် အသက်၁၈နှစ်ပြည့်ပြီးသူများသည်လည်း မဲပေးပိုင်ခွင့်ရှိနေဦးမည် ဖြစ်ရာ၂၀၀၈ခုနှစ်မေလတွင် အသက်၁၈နှစ်ပြည့်မည့်သူများ၏ အချက်အလက်များကိုပါ တပါတည်း ဖြည့်စွက်ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟုရေးသားထားသည်။

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကမူ ၎င်းလူစာရင်းကောက်ခံသည့် ကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့်ညွှန် ကြားမိန့်မှ မလာသေးကြောင်း ဧရာဝတီသို့ပြောသည်။

“စင်ကာပူမှာတော့ မြန်မာကခြောက်သောင်းကျော်ရှိတာ။ ဘယ်လိုလုပ်မလဲတော့မသိသေးဘူး။ ခုထိတော့ စာရင်းကောက်ဖို့ တို့ဘာတို့ ဘာမှမပြောသေးဘူး” ဟု စင်ကာပူတွင်နေထိုင်သူ မြန်မာအလုပ်သမားတဦးက ပြောသည်။

မြန်မာစစ်အစိုးရ၏ ဝန်ကြီးဌာနအသီးသီးတွင်မူ ဝန်ထမ်းများကို ခေါ်ယူ၍ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းလင်းပြော ကြားမှုများပြုလုပ်လျှက်ရှိကြောင်း ကြားသိရသည်။ ထိုကဲ့သို့ရှင်းလင်းပြောကြားရာတွင် အ ခြေခံဥပဒေကို ဝန်ထမ်းများအနေ နှင့် ထောက်ခံမဲထည့်စေချင်ကြောင်း အရိပ်အမြွက် ပြောကြားသည်ဟု ဝန်ထမ်းများထံမှ သိရသည်။

“ရန်ကုန်မှာတော့ အများစုက ကန့်ကွက်မဲထည့်မယ်ပြောနေကြတယ် ဒါပေမယ့် ဆင်ခြေဖုံးတွေနဲ့ တောရွာတွေမှာတော့ လူတွေက ဘာလုပ်ရမှန်းသိပုံမရဘူး” ဟု ရန်ကုန်နေ သတင်းထောက်တဦးက ပြောသည်။

ဆက်လက်၍ ၎င်းကဖိအားပေးပြီး ထောက်ခံခိုင်းခြင်း သို့မဟုတ်အနုနည်းနှင့် စည်းရုံးထောက်ခံခိုင်းခြင်း များလည်းရှိနိုင် မည်ဟု ထင်ကြောင်းပြောသည်။ အများစုမှာ ကန့်ကွက်မဲထည့်သဖြင့် တခုခုဖြစ်မည်ကို စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။

“အခုတောင် ကြံ့ဖွံ့တွေက ငွေထုတ်ချေးပေးတာတွေ ဘာတွေလုပ်နေတယ်။ မပြောနိုင်ဘူးလေ ကျနော်တို့ တောင် ကန့်ကွက် မဲထည့်မယ် ဆိုပေမယ့် တကယ့်တကယ်မှာ ခြိမ်းခြောက်လာရင် သူတို့ထည့်ခိုင်းတာ ထည့်မိမလားမသိဘူး” ဟု ၎င်းသတင်းထောက်က ဆက်ပြောသည်။

အတိုက်အခံအဖွဲ့များ၏ မဲမထည့်ရေး၊ ကန့်ကွက်မဲထည့်ရေး စသည့်လှုပ်ရှားမှုများကို ရန်ကုန်မြို့ပေါ်နေ ပညာတတ်လူတန်း စားများသာ သိရှိ၍ကန့်ကွက်ရန်ပြောဆိုနေကြကြောင်း ကြားသိရသည်။ ကျန်လူများစုမှာ စစ်အစိုးရကို နှစ်သက်ခြင်းမရှိ သော်လည်း စားဝတ်နေရေးကိစ္စကြောင့် စိတ်မဝင်စားနိုင်ခြင်း၊ ကန့်ကွက်လျင် အန္တရာယ်ဖြစ်မည်ကိုလည်း စိုးရိမ်ထိတ်လန့် နေကြသည်။

“သူတို့က ၅၁ရာခိုင်နှုန်းရရင် နိုင်ပြီဆိုတော့ အဲဒီ၅၁ ရာခိုင်နှုန်းကို ဘယ်ကပဲရရ ရအောင်လုပ်လိမ့်မယ်လို့ ထင်တယ်” ဟု ရန်ကုန်နေ သတင်းထောက်က ပြောသည်။
စက်တင်ဘာအရေးအခင်းကာလ သံဃာတော်များနှင့် ပြည်သူလူထုကို ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက် စစ်အစိုးရ က လူထုကို ဆန္ဒပြပွဲအားပြန်လည်ဆန့်ကျင် ကန့်ကွက်ခိုင်းခဲ့ရာ ကန့်ကွက်သည့် လူဦးရေမှာ ဆန္ဒပြသည့်ဦး ရေထက် များကြောင်း တွေ့ရသည်။ ထိုသူများထဲတွင် ကျေးလက်တောရွာများမှ မသိနားမလည်သူများ များစွာ ပါရှိပြီး အများစုမှာ ခြိမ်းခြောက်ခိုင်း စေမှုကြောင့် အပြင်သို့ထွက်လာရခြင်းဖြစ်သည်။

အေးချမ်းမြေ့ ဧရာဝတီ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form