တိဗက်ဘုန်းတော်ကြီးများနှင့် ပြည်သူများအား တရုတ်အစိုးရက အကြမ်းဖက်နှိမ်နင်းနေသည်ကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသည့် သံဃာတော်များက ဝေဖန်ကန့်ကွက်လိုက်သည်။
လွန်ခဲ့သည့်အပတ်က တိဗက်ဒေသ လာဆာမြို့တွင် တရုတ် အစိုးရအုပ်ချုပ်ရေးကိုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများကို တိဗက်ဘုန်းတော်ကြီးများက ဦးဆောင်ပြုလုပ်ရာ လွန်ခဲ့ သည့် သောကြာနေ့ (၁၄ ရက်နေ့) တွင် တရုတ်အာဏာပိုင် တို့က အကြမ်းဖက်နှိမ်နင်းခဲ့သည်။ ၎င်းနှိမ်နင်းမှုကြောင့် လူ ၁၀ ဦးခန့် သေဆုံးကြောင်း တရုတ်အစိုးရက ကြေညာခဲ့ သော်လည်း ဆန္ဒပြသမား တရာခန့် သေဆုံးသည်ဟု ပြည်ပရောက်တိဗက်အစိုးရက မျက်မြင်သက်သေများကို ကိုးကားပြောဆိုသည်။
အဆိုပါ အကြမ်းဖက်မှုကို ဆန့်ကျင်ရှုတ်ချပြီး တိဗက်ပြည်သူ များ၏လိုလားချက်များကို ညှိနှိုင်းဆွေးနွေး၍ အဖြေရှာရန် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်က တရုတ်အစိုးရအား တောင်းဆိုလိုက်သည်။
ယမန်နေ့ကထုတ်ပြန်သည့် မြန်မာရဟန်းတော်များအဖွဲ့ချုပ်၏ ကြေညာချက်တွင် “မိမိတို့မြန်မာနိုင်ငံ၏ ရွှေဝါရောင်တော်လှန် ရေးဖြစ်စဉ်များအရ အာဏာပိုင်များ၏ လက်နက်အားကိုးဖြင့် မတရားပြုမူမှုများကို လက်တွေ့ခံစားသိမြင်နိုင်ခဲ့သဖြင့် ညီအစ် ကိုတော် တိဗက်ရဟန်းတော်များ၏ ဘ၀လုံခြုံရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ အတွက် စိုးရိမ်ရင်လေးမိရပါသည်” ဟု ဖော်ပြထားသည်။
ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်သံဃာ တပါးဖြစ် သည့် ဦးပညာဇောတက “တိဗက်ရဟန်းတော်တွေအပေါ်မှာ တရုတ်ရဲ့ပြုမူဆက်ဆံမှုနဲ့ပတ်သက်လို့ မြန်မာပြည်ရဟန်း တော်တွေရဲ့ကိုယ်စား၊ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့ကိုယ်စား ကန့်ကွက်ရှုချတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ် သားသားပဲ ပြောချင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
သံဃာတော်များအားအကြမ်းဖက်ခြင်းများသည် ဗုဒ္ဓဘာသာဝင်များအတွက် ၀မ်းနည်းဖွယ်ကောင်းကြောင်း၊ တရုတ်အာဏာ ပိုင်အနေနှင့် မြန်မာပြည်စစ်အစိုးရကဲ့သို့ ရဟန်းတော်တွေကို အကြမ်းမဖက်သင့်ကြောင်းလည်း ပြောဆိုသည်။
ရန်ကုန်မြို့ရှိ ဓမ္မာစရိယသံဃာတပါးက တိဗက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို တရုတ်အစိုးရက အကြမ်းဖက်နှိမ်နင်း ခြင်းသည် အလွန်အရုပ်ဆိုး အကျည်းတန်သည့် ကိစ္စဖြစ်ပြီး မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရတို့၏ လုပ်ရပ်များသည် တူညီနေသည်ဟု သုံးသပ်ပြောဆိုသည်။
တရုတ်အစိုးရက တိဗက်လူထုခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကြောင့် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားရသည်ဟု စွပ်စွဲပြောဆိုပြီး ဆန္ဒပြသမားများအား ယနေ့ည ၁၂ နာရီမတိုင်မီ အညံ့ခံရန် ရာဇသံ ပေးထားသည်။
ဘုန်းတော်ကြီး ဒလိုင်းလားမားက ၎င်း၏ပြည်သူများအား တရုတ်တို့ထံအညံ့ခံရန် တိုက်တွန်းမည် မဟုတ်ကြောင်း ယမန် နေ့က သတင်းထောက်များအား ပြောဆိုလိုက်သည်။
ဘုန်းတော်ကြီး ဒလိုင်းလားမားသည် ၁၉၈၉ ခုနှစ်တွင် နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သူဖြစ်ပြီး ၁၉၅၉ ခုနှစ်ကတည်းက အိန္ဒယနိုင်ငံတွင် အခြေစိုက်ကာ တိဗက်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် ကြိုးစားခဲ့သူလည်း ဖြစ်သည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားသည် လာမည့် သြဂုတ်လ၌ တရုတ်နိုင်ငံတွင် အိုလံပစ်ပွဲတော် ကျင်းပမည်ကို ထောက်ခံထားသည်။
မြန်မာနိုင်ငံရှိ အပတ်စဉ်ထုတ်ဂျာနယ်များတွင် တိဗက်၌လတ်တလောဖြစ်ပွားနေသည့် ဆန္ဒပြလှုပ်ရှားမှုများကို ဖော်ပြခွင့် မရကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တခု၏ အယ်ဒီတာတဦးက ဧရာဝတီကို ပြောဆိုသည်။
ကိုသက် ဧရာဝတီ သတင်းဌာန မှ

Tags
သတင်း