တိုင်းပြည်ကို တပတ်မရိုက်ခဲ့ ဟူသော စာတမ်း ဒေါ်စုအိမ်ရှေ့တွင် ကပ်ထား

မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ 'တိုင်းပြည်အပေါ် ဘယ်အချိန်ကမှ တပတ်မရိုက်ခဲ့တဲ့ ပန်းချီကားကြီး' ဟူသည့် စာတမ်းကို ယနေ့ နေ့လည်ပိုင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းရှေ့တွင် ကပ်ထားခဲ့သည်။

အာဏာရ နအဖ စစ်ဗိုလ်ချုပ်များနှင့် မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ အကျင့်နှင့် လုပ်ရပ်များကို နှိုင်းယှဉ်ထားသည်ဟု သဘောရသည့် စာတမ်းကို နအဖ မှ တပ်မတော်နေ့ဟု ဆိုသော ယနေ့တွင် ကပ်ထားခြင်း ဖြစ်သည်ဟု ရန်ကုန် အန်အယ်ဒီ သတင်းရပ်ကွက်က ဆိုသည်။

'ဗိုလ်ချုပ်ရဲ့ ပုံတူ ပန်းချီလည်း ပါတယ်။ သူ ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီ' ဟု အဖွဲ့ချုပ် လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည့် ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကပ်ထားသော 'စုပေါင်းလုပ်မှ အောင်ရမည်' ဟူသည့် စာတမ်းကို ဖြုတ်ပြီး ယခုစာတမ်းကို ကပ်ထားခြင်း ဖြစ်သည်။

ဤစာတမ်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကပ်ခြင်း ဖြစ်မည်ဟု အဖွဲ့ချုပ်လူငယ်များက ယူဆနေသည်။

"အန်တီရဲ့ ခြံဝန်းရှေ့မှာ ကပ်ထားတဲ့ စာတမ်းမှန်သမျှ သူ ကပ်တာတွေချည်းပဲ။ တခြားလူကို သူ မခိုင်းတတ်ဘူး။ ဒါ့ကြောင့် သူ ကပ်တာလို့ ကျနော်တို့ ယုံကြည်တယ်" ဟု အဖွဲ့ချုပ်လူငယ်က ဆက်ပြောသည်။

လုံခြုံရေး တင်းကျပ်သည့် တက္ကသိုလ်ရိပ်သာလမ်းမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ကပ်ထားသော စာတမ်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားခြင်း ဟုတ် မဟုတ်ကိုမူ မဇ္ဈိမအနေနှင့် သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form