တပ်ချုပ်ကြီး လိမ်ညာနေဟု အတိုက်အခံများ တုံ့ပြန်

ဖနိဒါ မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယနေ့ တပ်မတော်နေ့ မိန့်ခွန်းသည် တိုင်းပြည်ကို လိမ်ညာခြင်းသာ ဖြစ်သည်ဟု ပြည်တွင်း ပြည်ပ အတိုက်အခံများက ဝေဖန်လိုက်သည်။

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ယနေ့ကျင်းသော ၆၃ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်အစိုးရ အကြီးအကဲ မိန့်ခွန်းတွင် တပ်မတော်အစိုးရ၏ နိုင်ငံတော်အကျိုး သယ်ပိုးခဲ့မှုများနှင့် လာမည့် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပပြီးနောက် အရပ်သား အုပ်ချုပ်ရေးအဖွဲ့ကို အာဏာလွှဲပေးမည့် ကိစ္စများ ပါရှိလာသဖြင့် လိမ်ညာမှုအဖြစ် တုံ့ပြန်လိုက်ကြခြင်း ဖြစ်သည်။

စစ်အစိုးရ အကြီးအကဲက အာဏာအရပ်ရပ်ကို ပြည်သူ့ထံ ပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် တရံမလပ် ခံယူပြီး ရည်မှန်း ပြင်ဆင်ခဲ့ကြောင်းနှင့် တပ်မတော်သည် အာဏာကို မက်မောခြင်းမရှိဘဲ တာဝန်ယူရခိုက်တွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မနားမနေ အပင်ပန်းခံပြီး ကြိုးပမ်းခဲ့ကြောင်း ပြောကြားသည့်အပေါ် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်ကတည်းက ပြည်တွင်း၌ ပုန်းအောင်းနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က "တိုင်းပြည်ကို ဗြောင်လိမ်နေတယ်။ ပြည်သူတွေလည်း အားလုံးက အသိဆုံးပဲလေ။ အရပ်သား အစိုးရ အာဏာလွှဲမယ် ဆိုတာက စကားလုံးအရ ပြောနေတာပါ။ လွှဲမယ်ဆိုတဲ့ ဖွဲ့စည်းပုံ ဥပဒေကို ကြည့်ဗျာ၊ တအား ထင်ရှားပါတယ်" ဟု ပြောသည်။

သမိုင်းဝင် ဖက်ဆစ် တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အမည်ပြောင်းထားသော နှစ်ပတ်လည် အခမ်းအနားတွင် တသောင်းသုံးထောင်ခန့်ရှိသော ဂုဏ်ပြုတပ်ဖွဲ့များနှင့် တိုင်းပြည်သို့ တပ်မတော်ေ ခါင်းဆောင်က ၁၅ မိနစ်ကြာ မိန့်ခွန်း ပြောခဲ့သည်။

သူက ဖွဲ့စည်းပုံကို ရေးဆွဲပြီး ဖြစ်ရာ မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်အရ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပပြီး အရပ်သား အစိုးရသို့ အာဏာလွှဲပေးမည်ဟုလည်း ထည့်သွင်းပြောသည်။

အခမ်းအနားတွင် အသက် ၇၄ နှစ်အရွယ်ရှိ ဗိုလ်ချုပ်အိုကြီးနှင့်အတူ ကျန်းမာရေး ချူချာနေသည်ဟု သတင်းထွက်နေသော ဇနီးသည် ဒေါ်ကြိုင်ကြိုင်ကိုလည်း ခရမ်းရောင် ပန်းပွင့်ပါသော ဝတ်စုံနှင့် တွေ့ရသည်။

ဗိုလ်ချုပ်သန်းရွှေ၏ ယနေ့မိန့်ခွန်းတွင် လမ်းပြမြေပုံကို တပ်မတော်နှင့် ပြည်သူတို့ လက်ချင်းတွဲ အကောင်အထည်ဖော်ရေး၊ ပြည်တွင်း ပြည်ပ အဖျက်သမားများကို ချေမှုန်းသွားရေးတို့လည်း ထုံးစံအတိုင်း ပါဝင်နေသည်ဟု စစ်ရေးလေ့လာသူ ဦးဌေးအောင် က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သော ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး သုတေသနအဖွဲ့ သုတေသန တာဝန်ခံ ဦးဌေးအောင်က "တပ်မတော်ကြီး ခေတ်မှီ တိုးတက်လာမှာကို မလိုလား၊ မရှုစိမ့်တဲ့ ပြည်တွင်း ပြည်ပ အင်အားစုတွေကနေ အမျိုးမျိုး နှောင့်ယှက် တားဆီးတာကိုလည်း တော်လှန်ရေး သတိရှိကြဖို့ တို့တာမျိုး၊ နောက်တချက်က လက်ရှိ နိုင်ငံရေး လမ်းပြမြေပုံကို တားဆီးမှုကိုလည်း ကာကွယ် ဟန့်တားသွားဖို့ ပြောသွားပါတယ်" ဟု ပြောသည်။

သူက ဆက်ပြီး စစ်အစိုးရ၏ လုပ်နေပုံသည် ပြည်သူ လူထုတရပ်လုံး အသက်တွေ ပေးပါဝင်ခဲ့သော ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းဝင်ကို တပ်မတော်တခုတည်းက တိုင်းပြည်ကို ကယ်တင်ခဲ့ရသည့် ပုံစံမျိုး ဖြစ်စေရန် ပုံဖျက်ခြင်း ဖြစ်သည်ဟု ပြောသည်။

အရပ်ဘက်သို့ အာဏာလွှဲပေးမည် ဆိုသော ပြောဆိုချက်အပေါ် ဦးဌေးအောင်က "အရပ်သား အစိုးရ ဆိုပေမယ့်လည်း ပြည်သူလူထု သက်သက်မဟုတ်ဘဲနဲ့ ကြံ့ဖွံ့ကနေ ပြီးတော့ စစ်တပ် အလိုတော်ရိတို့၊ စစ်တပ်နဲ့ နီးစပ်တဲ့အဖွဲ့အစည်းတွေရဲ့ လက်ထဲ အာဏာလွှဲပေးမယ် ပြောဆိုတဲ့ သဘောမျိုး ဖြစ်နိုင်တာပေါ့" ဟု ပြောဆိုလိုက်သည်။

ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက "၂ဝ၁ဝ မှာ အရပ်သားကို အာဏာလွှဲအပ်မယ် ဆိုတာက သူတို့ ပြောနေတဲ့ လမ်းပြ မြေပုံအတိုင်းပဲပေါ့။ နှစ်ပေါင်း ၂ဝ လောက် အုပ်ချုပ်လာပြီးမှ ၂၂ နှစ်မြောက်ချိန်မှ အရပ်သားကို လွှဲပြောင်းပေးမယ် ဆိုတာတွေက ထပ်ခါထပ်ခါ သေသေချာချာ လိမ်တာ မဟုတ်ဘူး။ ညာတာ မဟုတ်ဘူး။ သန်းရွှေက တကယ်လုပ်မယ်ဆိုပြီး ပြောတာပေါ့နော်။ ... ကတိပေးနေတာပေါ့နော်။ ဒါပေမဲ့ လက်တွေ့မှာကတော့ ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ အတတ်ပြောလို့တော့ မရဘူးပေါ့နော်" ဟု ပြောသည်။

တပ်မတော်နေ့ အခမ်းအနားသည် စစ်အစိုးရလက်ထက်တွင် အခမ်းအနားဆုံးပြုလုပ်လေ့သော နိုင်ငံတော် အခမ်းအနားဖြစ်ပြီး နေပြည်တော်သို့ ပြောင်းရွှေ့ ကျင်းပသည်မှာ ယခုအခါ တတိယအကြိမ် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အခမ်းအနားသို့ နိုင်ငံခြား သတင်းထောက်များ တက်ရောက်ခွင့် ရခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်း သတင်းထောက်အချို့သာ တက်ရောက်ခွင့် ရခဲ့သည်။

ယမန်နေ့ ညနေပိုင်းက စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးက လာမည့် မေလဆန္ဒခံယူပွဲကို လွတ်လပ်ပြီး တရားမျှတသော ဆန္ဒခံယူပွဲ ဖြစ်စေရန် လုပ်ဆောင်သွားမည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form