NEJ/ ၂၀ မတ် ၂၀၀၈
လာမည့် တနင်္လာနေ့တွင် နအဖမှ ကျင်းပပေးမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲသည် ဖြစ်နိုင်ချေအလွန်နည်းပြီး မဖြစ်နိုင်ချေက ရာခိုင်နှုန်းပိုများသည်ဟု အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် (ထိုင်းနိုင်ငံ)၏ ဥက္ကဋ္ဌဖြစ်သည့် ဆရာတော် ဦးစန္တိတက မိန့်ကြားသည်။
ဆရာတော်က “စက်တင်ဘာတော်လှန်ရေးမှာ သွေးစွန်းခဲ့တဲ့သံဃာတော်တွေကို သစ္စာစောင့်သိ ရိုသေတဲ့အနေနဲ့ သွေးစွန်းနေတဲ့လက်နဲ့ ကျင်းပပေးမယ့်စာမေးပွဲကို မဖြေဆိုကြဖို့ သံဃာတော် တွေကို ဘုန်းကြီးတို့ မေတ္တာရပ်ခံထားတယ်။ သူတို့လည်း အဲဒါကိုလက်ခံပါတယ်။ ဒီစာမေးပွဲကို မဖြေဆိုလို့ သာသနာတော်ကြီး မဆုတ်ယုတ်သွားပါဘူး။ ကိုယ့်နှလုံးသားမှာ သာသနာအဆုံး
အမ ရှိနေမယ်ဆိုရင် သာသနာတော်ကြီးဟာ မကွယ်ပျောက်နိုင်ပါဘူး” ဟု မိန့်ကြားသည်။
“ဘုန်းကြီးတို့ မေတ္တာရပ်ခံလှုပ်ရှားမှုတွေ အတိုင်းအတာတခုအနေနဲ့ ထိရောက်မှုရှိခဲ့တယ်။ အခု ဆိုရင် ကရင်ပြည်နယ်က သံဃာတော်တွေ ဒီစာမေးပွဲကိုမဖြေချင်လို့ ပြန်လာကြတာ အများကြီး ပါ။ အခြားတိုင်းနဲ့ပြည်နယ်က ဘုန်းကြီးတွေလည်း အလားတူပြန်ကြတာတွေ ရှိပါတယ်။ နအဖ အနေနဲ့ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ သာသနာတော်ကြီးကို ညစ်ထေးအောင်လုပ်တာ ပဲ အဖတ်တင်မယ်” ဟု ပြောသည်။
သက်တော် (၄၈) နှစ် ၀ါတော် (၂၉) ၀ါရှိသည့် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ ချုပ် (ထိုင်းနိုင်ငံ) ဥက္ကဋ္ဌဆရာတော်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ပိုင်း အံကောင် တိုက်ကျောင်း ဆရာတော်ဖြစ်ပြီး ပြီးခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ၎င်းသီတင်းသုံးရာ ဒေသအတွင်း သံဃာတော်များနှင့်အတူ စီတန်းလှည့်လည် မေတ္တာပို့သခဲ့ရာမှ ဒေသခံအာဏာ ပိုင်များ၏ ဖမ်းဆီးခြင်းကြောင့် နယ်စပ်သို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ထိုင်းနိုင်ငံ) အား ၂၀၀၈ ခု ဇန်န၀ါရီ (၁၃) ရက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဗဟို) ၏ ဥက္ကဋ္ဌ ပီနန်ဆရာတော် ကိုယ်တိုင် ထိုင်-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကလည်း နအဖက ကျင်းပမည့် ဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို သံဃာတော်များအနေဖြင့် မဖြေဆိုဘဲ သပိတ်မှောက်ကြရန် ယခုလ (၁၈) ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် လျှောက်ထားခဲ့သည်။
ခေတ်ပြိုင်သတင်းဌာန

Tags
သတင်း