ဒုက္ခသည်များကို ကူညီနေသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် (Thailand Burma Border Consortium – TBBC) အဖွဲ့က ရန်ပုံငွေအခက်အခဲကြောင့် ထိုင်း မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ ထောက်ပံ့နေသော စားရေရိက္ခာများ လျှော့ချလိုက်ရာ ဒုက္ခသည်များအတွက် စိုးရိမ် ပူပန်မှုများ ဖြစ်နေကြောင်း သိရသည်။
လူသုံးကုန်ပစ္စည်း ဈေးနှုန်းကြီးမြင့်လာမှုနှင့် ထိုင်းငွေတန်ဖိုး တက်မှုတို့ကြောင့် ရရှိလာသည့်ရန်ပုံငွေ မလုံ မလောက်ဖြစ် လာသည့်အတွက် ဒုက္ခသည်များကို ကူညီထောက်ပံ့နေသော အစားအစာနှင့် တခြားအကူအညီ တချို့ကို ရပ်ဆိုင်းခဲ့ရ သည်ဟု TBBC အမှုဆောင် ဒါရိုက်တာ ဂျက်ဒန်းဖို့ဒ်က ပြောသည်။
“အဓိက ကတော့ နိုင်ငံခြားငွေနဲ့ ထိုင်း ဘတ် လဲလှယ်နှုန်းမှာ ဘတ်ငွေက မာနေပြီး နိုင်ငံခြားငွေက တန်ဖိုးကျနေတာနဲ့ ဆက်စပ်နေပါတယ်၊ အခုနှစ် အစောပိုင်းမှာကိုပဲ TBBC ရဲ့ ဘဏ္ဍာရေး အခြေအနေက အဆိုးဝါးဆုံးဖြစ် သွားရတယ်၊ ဘတ် သန်း ၁၀၀ လောက်ပဲရှိတော့တာ”ဟု ဂျက် ဒန်းဖို့ဒ် ကပြောသည်။
ဆန်းဈေး ၂၀ ရာခိုင်နှုန်းအထက်ကို တက်သွားသည့်အတွက် ကမ္ဘာနဲ့အဝန်း ဆန်အကူအညီပေးနေမှုများကိုလည်း လျှော့ချခဲ့ ရသည်ဟု ၎င်းက ပြောသည်။
TBBC အနေနှင့် ရန်ပုံငွေ အခက်အခဲကြောင့် သကြား၊ ငရုပ်၊ ငါးသေတ္တာ ၊ ပဲ တို့ကဲ့သော အစားအစာများကို ရပ်ဆိုင်းခဲ့ပြီး အိမ်အသုံးအဆောင်ပစ္စည်းများအပါအဝင် ဆပ်ပြာနှင့် ခြင်ထောင် အကူအညီပေးနေမှုများကို လျှော့ချ ခဲ့ရကြောင်း ထိုင်း နိုင်ငံမြောက်ပိုင်း မဲစရင်းရှိ ကရင် ဒုက္ခသည် ကော်မတီ (KRC) ၏ ပြောကြားချက်အရ သိရသည်။
“TBBC လို အဖွဲ့အနေနဲ့ ရန်ပုံငွေ အလုံအလောက်မရှိရင် စစ်အစိုးရ စစ်တပ်က ဝင်ရောက်တိုက်ခိုက်လို့ နောက်ထပ် ရောက်ရှိလာမယ့် တိုင်းရင်းသား ဒုက္ခသည်တွေ အကူအညီမရမှာကို ကျနော်တို့ စိုးရိမ်မိပါတယ်”ဟု KRC အဖွဲ့ဝင်တဦးက ပြောသည်။
ယခုကဲ့သို့ အကူအညီ ဖြတ်တောက်လိုက်ရခြင်းကြောင့် ဒုက္ခသည်များကို အလွန်ထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် ပညာရေးနှင့် ကျန်းမာရေးတို့ကို ထိခိုက်နိုင်ကြောင်း ဧရာဝတီ သို့ ပို့လာသော TBBC ၏ အစီရင်ခံစာတွင် ဂျက် ဒန်းဖို့ဒ်က ပြောဆိုထားသည်။
ယင်းရန်ပုံငွေ လိုငွေ ပြနေခြင်းသည် လတ်တလောရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာဖြစ်သောကြောင့် ရန်ပုံငွေ တိုး၍ ရရှိရန် ရှာဖွေသွားမည်ဟုလည်း ၎င်းက ပြောဆိုသည်။
လက်ရှိ TBBC အဖွဲ့သည် ထိုင်း မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည် စခန်း ၇ ခုမှ ဒုက္ခသည်ပေါင်း ၁၃၀၀၀၀ ခန့်ကို ထောက်ပံ့ကူညီနေရကြောင်း၊ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်းက ဒုက္ခသည် ၁၄၆၃၆ ခန့် တတိယနိုင်ငံသို့ သွားရောက် အခြေချခဲ့ပြီး ယခုနှစ်အတွင်း ဒုက္ခသည် ၁၇၀၀၀ ခန့် တတိယ နိုင်ငံသို့ထွက်ခွာသွားနိုင်ရန် မျှော်လင့် ထားကြောင်း သိရှိရသည်။
လွန်ခဲ့သည့် ၂၀၀၅ ခုနှစ် က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနတို့၏ ဒုက္ခသည် မှတ်ပုံတင်ခြင်းလုပ်ငန်း လုပ်ဆောင်သည့်အချိန်မှ စတင်၍ မှတ်ပုံမတင်ရသေးသော ဒုက္ခသည်များစွာ ရှိနေ သည်ဟုလည်း TBBC ၏ အစီရင်ခံစာအရ သိရသည်။
TBBC ၏ စစ်တမ်း ကောက်ယူမှုအရ ဒုက္ခသည်စခန်း အားလုံးပေါင်းတွင် ဒုက္ခသည် မှတ်ပုံတင်ခြင်း မရှိသေး သော ဒုက္ခသည် ၂၀၀၀၀ ခန့်ရှိကြောင်း၊ TBBC အနေနှင့် မှတ်ပုံတင်ပြီးသူများရော မတင်ရသေးသူများကိုပါ ထောက်ပံ့ ကူညီထားရကြောင်းလည်း သိရသည်။
ယခုကဲ့သို့ TBBC ၏၂၀၀၇ - ၂၀၀၈ အတွက် ရန်ပုံငွေ လိုငွေပြရခြင်းမှာ ရေရှည် အသုံးစရိတ်အတွက် လှူန်ဒါန်းမည့် အလှူရှင်တချို့၏ ပျက်ကွက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် လက်တွင်းရှိ နိုင်ငံခြားငွေတန်ဖိုး ကျဆင်းမှုတို့သည် အဓိက အချက်များဖြစ်သည်ဟု ဆိုသည်။
TBBC က ဒုက္ခသည်များကို ၂၄ နှစ် နီးပါး ကူညီထောက်ပံ့ပေးပြီးနောက် အလှူရှင် တချို့က ယင်းသို့ ထောက်ပံ့ နေမှုများကို လျှော့ချ၍ ဒုက္ခသည်များ ကိုယ့်အားကိုယ်ကိုးနိုင်ရန် စီစဉ်ပေးမှုကို လိုလားခဲ့သည်ဟုလည်း အစီရင်ခံစာ က ဆိုသည်။
TBBC သည် ယခုလုပ်ငန်းစဉ်များကို ၅ နှစ် အစီအစဉ်ဖြင့် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီ သတင်းဌာန

Tags
သတင်း