မြန်မာ့အသံ နေပြည်တော်ပြောင်းမည်

ချင်းမိုင်။ ။ မြန်မာ့အသံရုံးကို မြို့တော်သစ် နေပြည်တော်သို့ မတ်လလယ်တွင် နောက်ဆုံးထား ပြောင်းရွှေ့တော့မည် ဖြစ်သည်။

နေရာသစ်သည် လက်ရှိနေရာထက် ပိုမိုကျယ်ပြန့်ပြီး စက်မှုပိုင်းဆိုင်ရာလည်း "အများကြီး အဆင့်မြှင့်ထားတယ်" ဟု ၀န်ထမ်းတဦးက ပြောသည်။

ယခုလက်ရှိ ရန်ကုန်မြို့ ပြည်လမ်းနေရာမှ နေပြည်တော်သို့ မတ်လ ၁၇ ရက် နောက်ဆုံးထား ပြောင်းရွှေ့ဖြစ်မည်ဟု ထင်ကြောင်း အကြီးတန်း အရာရှိတဦးက ပြောသည်။ အသေးစိတ် ပြောရန်ကိုမူ သူက ငြင်းဆန်သွားသည်။

"နေရာအသစ်မှာက ၀န်ထမ်းအိမ်ရာတွေ ပါပြီးသားပဲ။ ဒါပေမယ့် ဘေးပတ်ဝန်းကျင်နဲ့ ဝေးလို့ ၀န်ထမ်းတွေ စိတ်ညစ်နေကြတာ။ ဈေးဝယ်ချင်ရင် လယ်ဝေးအထိ သွားဝယ်ရမှာ။" ဟု ၀န်ထမ်းတဦးက ပြောသည်။

ရုံးဝန်ထမ်း အများစုမှာ ပြောင်းရွှေ့ရမည် ဆိုသည်ကို သိနေသော်လည်း အတိအကျ ညွှန်ကြားချက် မထွက်သေးသဖြင့် ပြင်ဆင်မှု မပြုလုပ်နိုင်ဘဲ ဖြစ်နေသည်။

အစိုးရထိန်းချုပ်ထားသည့် ရေဒီယိုနှင့် ရုပ်သံလွှင့်ဌာန လုပ်ကိုင်နေသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
ဌာနရုံး ပြောင်းရွှေ့ခြင်းကို ယမန်နှစ် စက်တင်ဘာလအတွင်းက စတင်ခဲ့ပြီး စက်မှု အင်ဂျင်နီယာများ ပါဝင်ခဲ့သည်။

စစ်အစိုးရသည် ရန်ကုန်မှ မိုင် ၂၅၀ ခန့် ဝေးကွာတွင် တည်ထားသော အဆောက်အဦးသစ်များဖြင့် တောက်ပနေသော မြို့တော်သစ်သို့ အစိုးရတခုလုံး ပြောင်းရွှေ့နေခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ပြီ ဖြစ်သည်။

မြန်မာ့အသံကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တည်ထောင်ခဲ့သည်။

မဇ္ဈိမသတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form