ကြည်ဝေ | ဧရာဝတီသတင်းဌာန
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နှင့် ၃၁လမ်းကြား၊ ၈၇-၈၈လမ်းကြား၊ ဓာတ်နန်းရပ်တွင် ယနေ့နံနက် ၉ နာရီ ၀န်းကျင်အချိန်၌ မီးလောင်ကျွမ်းမှုတခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့ရပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသားကြီးတဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူ မျက်မြင်သက်သေတဦးက ဆိုသည်။
“မီးခိုးတွေက မည်းနေတာပဲ။ ကလေးကလည်း ခြင်ထောင်ထဲမှာ အိပ်ပျော်နေတာလို့ ကြားရတယ်။ မီးခိုးမွန်းပြီးဆုံးတာ၊ အဘိုးကြီးကတော့ မီးဟပ်ခံရတာ အခုဆေးရုံရောက်သွားပါပြီ” ဟု ၎င်းကဆိုသည်။
အဆိုပါအိမ်မှ အသက် ၃၀အရွယ်အမျိုးသားသည် ဆေးလိပ်သောက်လျှက်နှင့် ကားထဲမှဓာတ်ဆီကို ဆိုက်ကယ်ထဲသို့ လောင်းထည့်စဉ် မီးပွားလွင့်ရာမှ အစပြု၍ မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းဖြစ်သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။
“ဖြစ်ဖြစ်ခြင်းမီးခိုးတွေကို ဘေးပတ်ဝန်းကျင်မှာ မှုန်မှိုင်းနေတာပဲ။ အဲဒီအိမ်က ကွန်ကရိတိုင်တွေနဲ့ ဆောက်ထားတဲ့ အိမ်မို့ မီးက ဒီလောက်နဲ့ပြီးသွားတာ။ ပြီးတော့ လုံးချင်းသီးသန့်ဖြစ်နေတာ ကြောင့်လည်း ဘေးပတ်ဝန်းကျင်က သက်သာသွား တယ်” ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတဦးက ဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားသော အာစီတိုက်လုံးချင်းအိမ်မှာ သကျသီဟမီးသတ်ဋ္ဌာနနှင့် ကျောက်စစ်မီးသတ်ဋ္ဌာနတို့ အနီးတွင်ရှိသည်ဟု သိရသည်။
“သကျသီဟထောင့်က မီးသတ်ဋ္ဌာနနဲ့ ကိုက် ၅၀၀ လောက်ပဲဝေးတော့ သူတို့ မိနစ်ပိုင်းအတွင်း အရောက်လာပြီး မီးသတ်ပေး ကြတယ်” ဟု မီးလောင်ကျွမ်းသည့်အိမ်အနားတွင်နေထိုင်သူ တဦးက ပြောသည်။
အဆိုပါ မီးလောင်ရာသို့ မီးသတ်ကား ၁၀ စင်းခန့်ရောက်ရှိလာကာ မီးလောင်ကျွမ်းပြီး မိနစ် ၂၀ အကြာတွင် မီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း ကျောက်စစ်မီးသတ်ဋ္ဌာနက ဆိုသည်။
မန္တလေးမြို့တွင် ယခုမီးလောင်ကျွမ်းမှုမှာ မတ်လအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။ မတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒေးဝန်းအရှေ့မီးလောင်ကျွမ်းမှုကြောင့် အထက ၁၉ ကျောင်းအတွင်းမှ အခြေခံပညာအထက်တန်းစာမေးပွဲ ဖြေဆိုနေသော ကျောင်းသူကျောင်းသားများ ထွက်ပြေးခဲ့ရပြီး ၂၀၀၈ ခုနှစ်အတွင်း ဖေဖော်ဝါရီလတွင် မီးလောင်ကျွမ်းမှု ၄ ကြိမ်ဖြစ်ပွားခဲ့ကာ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ဖြစ်ပွားခဲ့သော ရတနာပုံဈေးကြီး မီးလောင်ကျွမ်းမှုမှာ ဆုံးရှုံးမှု အများ ဆုံးဖြစ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ချက်များအရ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုများမှာ လူများ၏ ပေါ့ဆမီးကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဋ္ဌာနမှ ထုတ်ပြန်ကြေညာ ထားသည်။

Tags
သတင်း